မော်ဒယ်မမကြီးက ပြီးပြည့်စုံရတာ ပျင်းစရာကောင်းတယ်လို့ ဆိုသတတ်...

Monday, May 28, 2018

မော်ဒယ် မမကြီး Tyra Banks နဲ့ သူမရဲ့ မာတာမိခင် Carolyn London တို့ နှစ်ယောက် ပေါင်းပြီး ရေးသားထားတဲ့ Perfect is Boring (ပြီးပြည့်စုံရတာ ပျင်းစရာကြီး) လို့ အမည်ရတဲ့ စာအုပ်ကို ၂၀၁၈ ဧပြီလဆန်းပိုင်းက စတင်ဖြန့်ချိခဲ့ပါတယ်။

စာအုပ်ခေါင်းစဉ်မှာတော့ သူမရဲ့ မေမေက သူမဘ၀မှာ တစ်ဆင့်ချင်းစီအောင်မြင်မှုတွေ သိမ်း ပိုက်ဖို့ သင်ပေးခဲ့တဲ့ အချက်က (၁၀)ချက်တဲ့။

Carolyne London ဟာ သမီးဖြစ်သူ မော်ဒယ်မလုပ်ခင်ကတော့ သူနာပြုဆရာမတစ်ဦးဖြစ်ပြီး သမီးဖြစ်သူ Tyra မော်ဒယ်လ်ဖြစ်လာချိန်မှာတော့သူမဟာ သမီးဖြစ်သူအတွက် ဓာတ်ပုံဆရာတစ်လှည့်၊ မန်နေဂျာ တစ်လှည့်၊ လူယုံတော်တစ်လှည့်ဖြစ်လာခဲ့ပြီး သမီးရဲ့ဘ၀လမ်းကြောင်း အတွက်ရော၊ သက်မွေးလမ်းကြောင်းအတွက် အကြံဥာဏ်များပေးရင်း ဘ၀ရဲ့ နိမ့်မြင့်မျိုးစုံကို အတူ ကြိုးခုန်ခဲ့ပါတယ်။

ဒီစာအုပ်ကနေ ဘာတွေ သင်ယူနိုင်မလဲလို့ မေးလာခဲ့ရင်တော့ အမေနဲ့ သားသမီးကြား နားလည်မှုကိုဘယ်လို တည်ဆောက်ပြီး ဆက်နွယ်ကြမလဲဆိုတာ ကောင်းကောင်းလေ့လာနိုင်ပါလိမ့်မယ်။ Tyra Bank နဲ့ သူ့မေမေဟာ အမေနဲ့သမီးကြား အကောင်းဆုံးဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခဲ့လို့ သူတို့အတူဖြတ်သန်းခဲ့ပုံကို ဖတ်မှတ်ရင်း သင်လည်းစိတ်ကူးကောင်းတွေရလာနိုင်ပါတယ်။

သူ့စာအုပ်နဲ့ ပတ်သက်ပြီး The Glow Up ကမေးမြန်းထားသမျှကို ပြန်ဖောက်သည်ချရရင်တော့...
The Glow Up: ဒီအနုပညာလောကမှာ ချို့ယွင်းချက်မရှိ ရပ်တည်နိုင်အောင် ရှင် နဲ့ ရှင့်အမေ ဘယ်လို နားလည်မှုတွေ ဖြတ်သန်းခဲ့လဲ။ အရေးပါတဲ့ (၃) ချက်လောက်ပဲ ပြောပြပေးပါလား။
Tyra Banks: ချို့ယွင်းချက်မရှိ.. ဟုတ်လား။ ဖြေရတာ နည်းနည်းကျယ်တယ်။ မေမေ နဲ့ ကျွန်မက တစ်ခုခုဆို ရူးရူး မိုက်မိုက်လုပ်တတ်တယ်။ ဒါပေမဲ့ ဒီအနုပညာလောကကြီးက နည်းနည်းတော့ ကြမ်းတမ်းတယ်။ နံပါတ်တစ် အချက်က ဘာလဲဆိုတော့ လူတွေက ကိုယ့်ကုန်ပစ္စည်းအကြောင်း၊ ကိုယ့်တည်ထောင်ထားတဲ့ အမှတ်တံဆိပ်အကြောင်း ပြောကြတာများတယ်။ ကိုယ့်ကိုယ်ကိုရော ကုန်ပစ္စည်းတစ်ခုလို အမှတ်တံဆိပ်တစ်ခုလို စဉ်းစားဖူးသလား။ ဒီအနုပညာလောကကြီးမှာ ကိုယ်တိုင်ဟာ ကိုယ်ပစ္စည်းတစ်ခုဖြစ်တယ်၊ အမှတ်တံဆိပ်တစ်ခုဖြစ်တယ်ဆိုတာ မေမေရော၊  ကျွန်မရော ဟိုးအစကတည်းက နားလည်ခဲ့တယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်၊ ကျွန်မရဲ့ မျက်နှာ၊ ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကျွန်မရဲ့ ကိုယ်ပိုင်ဘ၀ ဒါတွေအားလုံးက ကျွန်မရဲ့ အမှတ်တံဆိပ်ပဲ။ ပရိသတ်က ကိုယ့်ကိုယ်ပြောဆိုကြတာကို မကြိုက်လို့ ဆတ်ဆတ်ထိမခံ ပြန်ရှင်းပြီး ကိုယ့်လမ်းကိုယ်လျှောက်မလား ဒါမှမဟုတ် ကိုယ်ဘာလေးပဲ လုပ်ပြလိုက်လုပ်ပြလိုက်ကိုယ့်ကိုနားလည်လက်ခံတဲ့ အခြားပရိသတ်တစ် ခုကိုပဲ ရှာမလားဆိုတာ စဉ်းစားဖို့လိုပါတယ်။

နံပါတ် နှစ်ကတော့ မေမေက ကျွန်မကို အမြဲသင်ပေးတဲ့စကားတစ်ခုပါ။ တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်နေရာရာက သင့်ကို လျှစ်လျူမရှုလိုက်ခင် သင်က အရင်စွန့်ခွာလိုက်ပါတဲ့။ ဆိုလိုတာက ကိုယ်ပြောင်းလဲပစ်ရမယ့်အချိန်ကို သိဖို့လိုပါတယ်။ ကျွန်မ ဒီလောကထဲကို မော်ဒယ်လ်အဖြစ်နဲ့ ၀င်လာတယ်။ အချိန်တစ်ခုမှာ အဲဒီ့လမ်းကြောင်းကိုလုံးလုံး လျားလျားနှုတ်ဆက်လိုက်ပြီး ရုပ်သံလောကထဲကို ကျွန်မနောက်ထပ်ပုံစံတစ်မျိုး နဲ့ ပြန်ဝင်လာခဲ့တယ်။

ကဲ... သုံးခုပဲပြောဆိုတော့ နောက်ဆုံးတစ်ခု ပြောမယ်။ ကျွန်မမော်ဒယ်လ်လုပ်စဉ်က တကယ့်ကို စွဲစွဲလမ်းလမ်းနဲ့ကို တိတိကျကျလုပ်ခဲ့တယ်။ မော်ဒယ်လ်လုပ်တယ်ဆိုပေမဲ့ အပျော်လုပ်တာ မဟုတ်ဘူး။ စီးပွားရေးတစ်ခုလုပ်သလို တကယ့်ကို အချိန်ပေးပြီး အတိအကျကိုလုပ်တာနော်။ အလုပ်ပြီးသွားတာနဲ့ ပါတီသွားတာ၊ အိမ်ပြန်နောက်ကျတာ မရှိဘူး။ အိမ်ပြန်တယ်။ စိတ်ရောလူရော အနားယူတယ်။ ဒါမှနောက်ရက်တွေမှာ ကြုံလာမယ့်ကိစ္စမှန်သမျှကို အင်အား အပြည့်နဲ့ ကျော်လွှားနိုင်မယ်လို့ယုံကြည်လို့။ အချိန်ဖြုန်းတာတွေ ဘယ်တော့မှမလုပ်ဘူး။

TGU: ဒီစာအုပ်ကနေ စာဖတ်သူတွေ ဘာရ သွားမယ်လို့ မျှော်လင့်ပါသလဲ။
TB: ဘယ်လိုအခြေအနေတွေပဲ ကြုံကြုံ၊ မေမေက ကျွန်မနောက်မှာ ကပ်လျက်အမြဲရှိခဲ့တယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့ အယောက်ချင်းစီရဲ့ စိတ်ထဲမှာလည်း ဘာပဲကြုံကြုံ ငါ့နောက်မှာတစ်စုံတစ်ယောက်က အမြဲရှိတယ်လို့ သိစေချင်ပါတယ်။ ကိုယ့်မှာ ဆိုးဆိုးရွားရွားတစ်ခုခု ကြုံနေချင်တိုင်း ရင်ဖွင့်စရာတစ်ယောက်ယောက် ရှိနေတယ်ဆိုတာ အင်မတန် ကောင်းတဲ့အချက်ပါ။ အမေလည်း ဖြစ်ချင်မှဖြစ်မယ်၊ အဖေလည်း ဖြစ်ချင်ဖြစ်မယ်။ အဒေါ်လည်းဖြစ်ချင်ဖြစ်မယ်။ မိတ်ဆွေကောင်းတစ်ယောက်ယောက်လည်း ဖြစ်နိုင်တယ်။

Perfect is boring ဟာ စာတစ်အုပ်ဆိုတာထက် ကျော်လွှားရင်ဆိုင် ဖြတ်သန်းမှုတစ်ခုလို့ ဆိုချင်ပါတယ်။ ကျွန်မ ထင်ပါတယ်လေ။ လူတိုင်းလူတိုင်းမှာ ဖြတ်သန်းရတဲ့ ခရီးရှည်တစ်ခုစီတော့ ရှိကြမှာပါ။ ဘာပဲဖြစ်ဖြစ် ဖြတ်သန်းကျော်လွှားရင်း ကိုယ့်ရဲ့ နဂိုမူပိုင်အလှအပတရားကို ထွေးပွေးမြဲ ထွေးပွေးထားဖို့ဆိုတဲ့ အသိတစ်ခုတော့ ပေးနိုင်ပါ လိမ့်မယ်။