Leonardo နဲ့ Martin တို့ နောက်တစ်ကားရိုက်ကြမည်

Wednesday, August 9, 2017
ဒါရိုက်တာ Martin Scorsese နဲ့ သရုပ်ဆောင် Leonardo DiCaprio တို့ အတွဲက ထူးထူးခြားခြားဇာတ်ကားထွက် လာတတ်ပါတယ်။ အခုလည်း သူတို့ (၂) ယောက်ပေါင်းပြီး နောက်တစ်ကား ရိုက်ဖို့ တာစူနေပါပြီ။
 
ဇာတ်ကားက ရာဇ၀တ်မှုနဲ့ဆိုင်တဲ့ လျှို့ဝှက် သည်းဖိုဇာတ်လမ်း “Killers of the Flower Moon: The Osage Murders and the Birth of the FBI”  ကို အခြေခံပြီး ရိုက်ကူးသွားမှာပါ။
 
ဒါရိုက်တာ Scorsese နဲ့ အလုပ်တွဲလုပ်နေကျ ဖြစ်တဲ့ Dante Ferretti (production designer) ကတော့ ဒါရိုက်တာက ဒီဇာတ်ကားကို လာမယ့်နှစ် နွေဦးရာသီလောက် စတင်ရိုက်ကူးဖြစ်ဖို့ မှန်းထားတယ်လို့ Variety ကို ပြောကြားထားပါတယ်။
 
ဇာတ်ကားအတွက် ဇာတ်ညွှန်းကို “Forrest Gump” ဇာတ်ကားနဲ့ ဇာတ်ညွှန်း အော်စကာဆုရ ထားတဲ့ ဇာတ်ညွှန်းဆရာကြီး Eric Roth က ရေးသားမယ်လို့ ဆိုပါတယ်။
 
ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀ ပြည့်လွန်နှစ်များကို အခြေခံထားပြီး အမေရိကန်ပြည် ထောင်စု၊ Oklahoma ပြည်နယ်အတွင်း Osage Nation မှာ မြေအောက်ကနေ ဆီရိုင်းထွက်ပြီးတဲ့နောက် လူပေါင်းများစွာ အသက်ခံရပါတော့တယ်။ အဲဒီ့လို အတွဲလိုက် အသတ်ခံရတဲ့ အမှုကြီးဟာ ဖွဲ့စည်းခါစ FBI အတွက် အဓိကထားပြီး အမှုလိုက်ရတဲ့ လူသတ်မှုကြီး ဖြစ်လာပါတော့တယ်။