Lady Gaga နဲ့ Starbucks ပေါင်းထုတ်တဲ့ ဖျော်ရည်က ဘာအတွက်လဲ ?

Friday, July 21, 2017

Lady Gaga နဲ့ Starbucks ပူးပေါင်းပြီး ခြေတစ်လှမ်းထပ်တိုးလိုက်ပြန်ပါပြီ။ လူသားအချင်းချင်း ကြင်ကြင်နာနာရှိကြဖို့ဆိုတဲ့ အသိပညာကို ပိုမို ပျံ့နှံ့စေချင်တဲ့ဆန္ဒနဲ့ ပူးပေါင်းလိုက်တာလို့ ဆိုပါတယ်။

“Cups of Kindness” - ကြင်နာခြင်းခွက်လို့ အမည်ပေးထားတဲ့ ဖျော်ရည် (၄) မျိုးကို အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါမှာရှိတဲ့ Starbucks ဆိုင်တွေမှာ ၂၀၁၇ ဇွန် ၁၃ ကစပြီး မိတ်ဆက်ပေးသွားမှာပါ။ တစ်ခွက်ချင်းစီရဲ့ ရောင်းရငွေမှ 25 cents (၂၅ ပြား)ကို Lady Gaga ရဲ့ Born This Way Foundation ရဲ့ ရန်ပုံငွေအဖြစ် စုဆောင်းသွားမှာဖြစ်ပြီး ဖောင်ဒေးရှင်းက လုပ်ဆောင်တဲ့ အစီအစဉ်တိုင်းအတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။

“လူသားအချင်းချင်းရိုင်းပင်းပြီး ကြင်ကြင်နာနာနေသွားကြရင် ကျွန်မတို့တွေ ပိုပျော်ရွှင်ရပြီး ပိုကျန်းမာကြမှာပါ။ အချင်းချင်းလေးလေးစားစားနဲ့ ရိုင်းပင်းကြရင် ဒီလောကကြီးက ပိုပြီး နေပျော်စရာကောင်းမှာပါ။ အခုလို Starbucks အတူ ပေါင်းပြီး ကြင်နာခြင်းခွက်လေးတွေကတဆင့် ရလာမယ့် ချစ်ခြင်းမေတ္တာတွေကို Born This Way ဖောင်ဒေးရှင်းနဲ့ အတူတူ ကျွန်မလည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဖျော်ရည်အရသာ (၄) မျိုးလုံး သဘောကျပါတယ်။ အကြိုက်ဆုံးကတော့ Matcha Le-monade ပါ” သူမက ပြောဆိုထားပါတယ်။

Cups of Kindness ဖျော်ရည် (၄) မျိုး
New Matcha Lemonade: အစိမ်းတောက်တောက်အရောင်ရှိပြီး Teavana ကထုတ်တဲ့ matcha green tea ရယ်၊ သံပရာ လတ်လတ်ဆတ်ဆတ်ရယ်ကို ရေခဲနဲ့ shake လုပ်ထားတဲ့ ချိုချိုချဉ်ချဉ် ဖျော်ရည်လေးပါ။ 

New Violet Drink: Green coffee က ထုတ်ယူထားတဲ့အနှစ်ရယ်၊ Blackberrry သီးလေးတွေရယ်၊ အချဉ်စူးတဲ့ Very Berry Hibiscus Starbucks အဆီရည်ရယ်၊ အုန်းနို့ရယ် ပေါင်းစပ်ထားတဲ့ ဖျော်ရည်လေးဖြစ်ပြီး အရောင်အသွေးကတော့ ခရမ်းရောင်လေးပါ။

Ombr Pink Drink: Cool Lime Starbucks အဆီရည်ရယ်၊ အုန်းနို့အနှစ်ရည်၊ Teavana က ထုတ်တဲ့ Shaken Iced Passion Tango Tea ရယ်၊ သံပရာကွင်းလေးရယ် ပေါင်းစပ်ထားတဲ့ ဖျော်ရည်လေးဟာ ပန်းရောင်ဖျော့လေးဖြစ်ပြီး အမြင်တစ်မျိုးဆန်းပါတယ်။

Pink Drink:  Strawberry Acai Refreshers အဆီရည်ရယ်၊ ပင်မှည့်သီး အနှစ်ရယ်၊ အုန်းနို့ရည် ကိုပေါင်းစပ်ပြီး စတော်ဘယ်ရီသီးလေးတွေ အပေါ်မှာဖြူးထားတဲ့ ဒီဖျော်ရည်လေးက သောက်လိုက်ရင် ပေါ့ပါးလန်းဆန်းစေပါတယ်။