ပရိသတ်တွေကို ရသအသစ်ပေးမယ့် "ည" ရုပ်ရှင်

Tuesday, July 4, 2017

April Fool နေ့မှာ အချင်းချင်း စနောက်ရင်း မထင်မှတ်တဲ့ အဖြစ်ဆိုးတစ်ခုကြောင့် လူသေမှုတစ်ခုနဲ့  ကြုံလိုက်ရတဲ့ သူငယ်ချင်းတစ်စု။ ညဘက်ကားထဲမှာ လွန်လွန်ကြူးကြူးဖြစ်မိသွားတာကို ဗီဒီယို ခိုးရိုက်ခံရတဲ့ စုံတွဲ တစ်တွဲ။ လူတွေကို နာကျည်းချက်ကြောင့် ဘဝကို အဆုံးသတ်ဖို့ စဉ်းစားလိုက်တဲ့ ကောင်မလေးနဲ့  သူ့ကို ကယ်လိုက်တဲ့ ကောင်လေးတစ်ယောက်။ သူတို့ အားလုံးရဲ့ ချိတ်ဆက်မှုက အဲဒီ ည မှာ ။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ ဒီအဖြစ်အပျက်တွေကို ည ရုပ်ရှင်မှာ ပုံဖော်ရိုက်ကူးတင်ဆက်ထားပါတယ်။ 

ဇာတ်ညွှန်း နှင့် ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ ညရုပ်ရှင်မှာ ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ Russell ၊ ငြိမ်းသော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမို၊ မြတ်နိုးအေးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ညရုပ်ရှင်ကို စရိုက်မယ်စီစဉ်ကတည်းက ဇာတ်ကောင်နဲ့လိုက်တဲ့ သရုပ်ဆောင်တွေပဲရွေးမယ် ရည်ရွယ်ပြီး Audition ခေါ် ရွေးချယ်ခဲ့တဲ့ သရုပ်ဆောင် ၁၀ ယောက်ကို ၁ နှစ်တိတိ ကြိုတင်လေ့ကျင့်မှုများ၊ ဇာတ်ကောင်စရိုက်ဝင်အောင် စိတ်ပြင်ဆင်ခြင်းများလုပ်ပြီး တစ်ချိန်ထဲမှာ meeting အကြိမ်ကြိမ်လုပ်၊ ဇာတ်ညွှန်းအရ နေရာနဲ့  ဇာတ်ကောင်များ ခွဲခြမ်းစိတ်ဖြာခြင်း၊ ရိုက်ကွင်းနေရာအသစ်များကို ကြိုတင်ရှာဖွေ ပြင်ဆင်ခြင်းတွေလုပ် Cinematographer ၊ ဆံပင်အဖွဲ့၊ မိတ်ကပ်အဖွဲ့၊ ဝတ်စုံအဖွဲ့များနဲ့  ကြိုတင်ညှိနှိုင်းပြင်ဆင်မှုများ၊ အစမ်းရိုက်ကူးမှုများ လုပ်ခဲ့တယ်လို့ သိရပါတယ်။