ကိုယ်နဲ့ လိုက်ဖက်မယ့် ဇာတ်လေးတွေကိုပဲ ရွေးချယ်ဖြစ်နေတဲ့ ၀ါဆိုမိုးဦး

Friday, June 16, 2017

မကြာမီလပိုင်းအတွင်းက “မိုက်လားပြောကြည့်” တေးစီးရီး MTV ထွက်ရှိခဲ့သည့် သရုပ်ဆောင်ဝါဆိုမိုးဦးသည် လက်ရှိအချိန်တွင် သီချင်းဆိုခြင်းနှင့် ဇာတ်ကားရိုက်ကူးရေးများကို တွဲဖက် လုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်ရိုက်ကူးဖြစ်နေကြောင်း သိရသည်။

“၀ါဆို အခု အခွေထွက်ထားတာက မကြာသေးတော့ သီချင်းတွေ ဆိုဖြစ်နေတာပေါ့နော်။ ပြီးတော့ ကိုမင်းဦး၊ ၀ါဆို၊ မင်းသားအသစ်တစ်လက်နဲ့ မလှမျိုးသဉ္ဇာနွယ်တို့နဲ့ ဇာတ်ကားတစ်ကားရိုက်နေပါတယ်။ ဇာတ်ကားကြီးတွေရိုက်ဖို့က ကမ်းလှမ်းထားတာရှိပါတယ်။ အခုနောက်ပိုင်းက အရင်ဆုံးဇာတ်ညွှန်းကို ရွေးချယ်တယ်ပေါ့နော်။ ကိုယ်နဲ့လိုက်ဖက်မယ့် ဇာတ်လမ်းတွေဆို ရိုက်ဖြစ်ပါတယ်”ဟု သရုပ်ဆောင် ၀ါဆိုမိုးဦးက ပြောသည်။

ထို့အပြင် သရုပ်ဆောင် ၀ါဆိုမိုးဦးအနေဖြင့် ထွက်ရှိခဲ့သည့် တေးစီးရီး MTV အပေါ် မမျှော်လင့်ထားသည့် ပရိသတ်အားပေးမှု အမြောက်မြားရရှိခဲ့တာကြောင့် ခွန်အားရရှိခဲ့ပြီး တေးစီးရီးထပ်မံထုတ်လုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

“အခွေက ထွက်ထားတာက နှစ်လလောက်ပဲ ရှိသေးတယ်။ ဒါပေမယ့် ပရိသတ်အားပေးမှု အများကြီးရတော့ ခွန်အားရှိတယ်။ သရုပ်ဆောင်ဘက်ကနေ အခွေဘက်ကို ကူးတဲ့အချိန်မှာ ပရိသတ် ဒီလောက်အားပေးမယ်လို့ မထင်ခဲ့ဘူး။ ဒါကြောင့် မူရင်းခွေဝယ်ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ၀ါဆိုက ကျေးဇူး အများကြီးတင်ပါတယ်။ အခွေထုတ်ဖို့လည်း ဆက်ကြိုးစားသွားပါမယ်။ နောက်နှစ်လောက်ပေါ့နော်။ ဒီနှစ် ၂၀၁၇ ကတော့ ထွက်ထားတာလည်း မကြာသေးဘူးဆိုတော့ တော်ပြီလေ။ ၀ါဆို့အတွက် တစ်ခွေတစ်ခွေထုတ်ဖို့ဆိုတာ မလွယ်ပါဘူး။ နည်းနည်းတော့ အချိန်ပြန်ယူရမှာပေါ့” ဟု သရုပ်ဆောင် ၀ါဆိုမိုးဦးက ပြောသည်။

သူမအနေဖြင့် ဟာသဇာတ်ရုပ်များထက် ဒရာမာဇာတ်ရုပ်များနှင့်သာ ပိုမိုလိုက်ဖက်သည်ဟု ယူဆသည့်ပြီး ပရိသတ်မြင်နေကျဖြစ်နေသည့်အတွက် ဒရာမာဇာတ်ရုပ်များကိုသာ ရိုက်ကူးဖြစ်ကြောင်း သိရသည်။