ပရိသတ်တွေစိတ်ရှည်ခဲ့ရတဲ့ Y-Zet ရဲ့ တစ်ကိုယ်တော်အခွေထွက်ပြီ

Thursday, June 8, 2017

တေးသံရှင် Y-Zet သည် Hip Hop လောကကို Underground မှ စတင်ခဲ့ပြီး ပရိသတ်အမြောက်အမြားရရှိ၍ Mainstream ပေါ်ရောက်လာပြီး ယခုအခါ တစ်ကိုယ်တော်အခွေထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ကို Underground ထဲကနေ အားပေးခဲ့တဲ့ ပရိသတ်ကြီးက Y Zet က mainstream ရောက်မှ ဒီလိုကြီးဖြစ်သွားတယ်ကွာလို့ အပြောမခံချင်ပါဘူး။ ဒါကြောင့် ကြိုးစားထားပါတယ်။ သီချင်း  ၁၂ပုဒ်ပါမယ်။ Band နဲ့ တီးထားတယ်။ Rap Metal ဆန်တဲ့သီချင်းတွေများပါတယ်။ သီချင်းက အတိအကျပုံစံမဟုတ်ဘူး။ ကြမ်းတဲ့သီချင်းတွေလည်းပါသလို ဆယ်ကျော်သက် ပရိသတ်တွေအတွက်လည်း သီချင်းချိုချိုလေးတွေနဲ့ ဟာသဆန်ဆန်လေးတွေပါပါမယ်” ဟု တေးသံရှင် Y-Zet ကပြောသည်။

တေးသံရှင် Y-Zet သည် အဆိုပါတေးစီးရီးအခွေအတွက် ရင်ခုန်စိတ်လှုပ်ရှားနေပြီး ပရိသတ်များ အထူးနားထောင်စေချင်သည့်  သီချင်းသုံးပုဒ်ရှိကြောင်း သိရသည်။

“အခွေမှာပါတဲ့ နံပါတ်နှစ် သူရဲကောင်းတို့ မိခင်ပေါ့နော်။ အဲဒါက ကျွန်တော်အရမ်းကြိုးစားထားတဲ့တစ်ပုဒ်ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ အမွေအနှစ်ရတနာတစ်ခုကို တတ်စွမ်းတဲ့ အနုပညာနဲ့ဂုဏ်ပြုထားတာပါ။ နံပါတ်သုံး သင်းကွဲတိမ်ပေါ့။ ကျွန်တော်တို့လို ငယ်ငယ်ကတည်းက မိဘအိမ်ကနေထွက်လာပြီး လမ်းမှာပေတေနေတဲ့ သူငယ်ချင်းတွေအားလုံးအတွက် ရည်ရွယ်ပြီး ရေးထားပါတယ်။ နောက်တစ်ပုဒ်က ကျွန်တော်ရယ်၊ ရွှေထူးရယ်၊ Oasix ရယ် ဆိုထားတဲ့ ဘယ်သူလဲ ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးသုံးပုဒ်ကို အထူးနားထောင်ဖို့ ရွေးပေးချင်ပါတယ်” ဟု တေးသံရှင် Y-Zet ကပြောသည်။

တေးသံရှင် Y-Zet ၏ တစ်ကိုယ်တော်တေးစီးရီးသည် ဇွန်လ ၁၀ရက်နေ့တွင် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။