အမေဆိုတဲ့ နေရာကို ယူထားပြီးပြီဆိုရင်... Angelina Jolie

Monday, May 15, 2017

မကြာသေးခင်းကမှ ခင်ပွန်းဖြစ်သူ ကမ္ဘာကျော်မင်းသားကြီး Brad Pitt နဲ့ လမ်းခွဲခဲ့ကြတယ်ဆိုတဲ့သတင်းကို စာဖတ်ပရိသတ်များ ကြားသိပြီး ဖြစ်မှာပါ။ လက်ရှိမှာ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ Jolie ဟာ သရုပ်ဆောင်တစ်ယောက်သာမက ရုပ်ရှင် ဒါရိုက်တာ တစ်ဦးဖြစ်သည့်အပြင် သူရဲ့ ပရဟိတလုပ်ငန်းများကြောင့် ၂၀၀၁ ခုနှစ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စေတနာရှင် သံတမန်အဖြစ် ခံအပ်ခြင်း ခံထားရတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

Jolie (UNHCR) ကို စတင် ၀င်ရောက်ချိန်မှာ ပြောခဲ့တဲ့ စကားလေးကို အခုချိန်ထိ မှတ်မိ နေပါသေးတယ် “ကျွန်မတို့ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ လိုအပ်ချက်တွေအတွက် လျစ်လျူရှု့နေလို့ မရပါဘူး၊ ကျွန်မတကယ်ကို ကူညီချင်ပါတယ်၊ ကျွန်မကိုယ်ကျွန်မတခြားသူတွေနဲ့ မတူကွဲပြားနေတယ်လို့လည်း မခံစားရပါဘူး၊ လူသားအားလုံး ဘ၀မှာ တန်းတူညီမျှမှု၊ တရား  မျှတမှုနဲ့ အခွင့်အရေးရပိုင်ခွင့် စတာတွေကို လိုချင်ကြတာချည်းပါပဲ၊ နောက်ပြီး ကျွန်မတို့ ဒုက္ခရောက်နေတဲ့ အချိန်မှာ တစ်ယောက်ယောက်က ကျွန်မတို့ အားလုံးကို ကူညီလိမ့်မယ်လို့ လူတိုင်းယုံကြည်နေဖို့လိုပါတယ်” ဆိုတဲ့ စကားကို သူမ လက်ရှိအချိန်ထိ ကိုင်ဆွဲထားတယ်ဆိုတာ သေချာပါတယ်။ 

သူမရဲ့ ကလေးတွေအကြောင်းမပြောခင်မှာ သူမရဲ့ ငယ်ဘ၀အကြောင်း ပြန်ပြောင်းကြည့်လိုက်ရအောင်...
Jolie ကို Hollywood သရုပ်ဆောင်များဖြစ်ကြတဲ့ Joh Voight နဲ့ Marcheline Bertrand တို့က အမေရိကန်နိုင်ငံ Los Angeles, California မှာ ၁၉၇၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက သရုပ်ဆောင်ဝါသနာပါခဲ့တာ
ဖြစ်ပြီး မိဘများမှာ အောင်မြင်နေကြသော သရုပ်ဆောင်များဖြစ်ကြသော်လည်း သူတပါးကို အားကိုးလိုစိတ်မရှိသူတစ်ယောက်ပီပီ မိမိရဲ့ကိုယ်ပိုင် အစွမ်းအစနဲ့သာလျှင် သရုပ်ဆောင်လောကကို ၀င်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် Jolie ဟာ မိသားစုလိုက် New York မြို့သို့ ပြောင်းရွှေ့နေထိုင် ခဲ့တဲ့  New York မှာ ရှိတဲ့ Lee Straberg Theatre Institute မှာ ကျောင်းတက်ခဲ့တာဖြစ်ပါတယ်၊ ဒီလိုနဲ့ ၁၉၉၁ ခုနှစ်လောက်ကတည်းက စတင်ပြီး ဇာတ်လမ်းများ စတင်ရိုက်ကူးလာပြီး Angelina Jolie ဆိုပြီး ဂျက်မတစ်ယောက်အဖြစ် ကမ္ဘာကျော်စေခဲ့တဲ့ ဇာတ်ကားကတော၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Lara Croft: Tomb Raider ဆိုတဲ့ ဇာတ်ကားကနေ စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ ၂၀၀၁ မတိုင်ခင် ရိုက်ကူးထားခဲ့တဲ့ TV Series တွေကနေလည်း ဆုတွေရရှိထားခဲ့ပါသေးတယ်။ ဒီလို ကမ္ဘာကျော်တစ်ယောက် ဖြစ်လာတာနဲ့အမျှ လူမှုရေး ပရဟိတ အလုပ်များပါ တစိုက်မတ်မတ် လုပ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီလို လုပ်ဆောင်ချက်တွေဟာလည်း ကမ္ဘာတစ်လွှားက သူမရဲ့ ပရိသတ်တွေကို အချစ်တွေ ပိုလို့တိုးစေပါတယ်၊ ဘာလို့လဲဆိုတော့ ဟန်ဆောင်မှုကင်းတဲ့ သူမရဲ့ အပြုံးကို ကမ္ဘာတစ်လွှားက သူမရဲ့ ပရိသတ်တွေ အနီးကပ်မြင်တွေ့ကြရသလို၊ သူမရဲ့ လူသားချင်း မခွဲခြားတတ်တဲ့ စိတ်ဓာတ်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရလို့ပါပဲ…

၂၀၀၁ ခုနှစ်တည်းက စတင်ခဲ့တဲ့ သူမရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်တွေက ယနေ့တိုင်ပဲလို့ ပြောနိုင်ပါတယ်။ ၂၀၁၅  ခုနှစ်မှာ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံအတော်များများကို Humanitarian Trip များထွက်ခဲ့ပြီး 
အကူအညီများပေးခဲ့တဲ့ သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။ 

သူမမှာ လက်ရှိကလေး ၆ ယောက်ရှိပြီး ကမ္ဘာတစ်လွှားမှ လူမျိုးမတူတဲ့ကလေးများကို တရားဝင်မွေးစားထားခဲ့တဲ့ အမေတွေထဲက အမေတစ်ယောက်ပါ။ 

ပထမကလေးဖြစ်တဲ့ Maddox Chivan ကိုတော့ ၂၀၀၂ ခုနှစ် မတ်လ ၁၀ ရက်နေ့က တရားဝင် မွေးစားခဲ့တာဖြစ်ပါတယ်။ လက်ရှိအသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ Maddox Chivan က ၇ လ အရွယ်မှာ မွေးစားခံခဲ့ရပြီး ကန်ဘောဒီးယား နိုင်ငံသား တစ်ဦးပါ။ UNHCR ရဲ့ Cambodia Project နဲ့ နှစ်ကြိမ်လာရောက်အပြီးမှာ Maddox Chivan ကို မွေးစားခဲ့တာပါ။ ယင်းအချိန်ကာလမှာ Cambodia နိုင်ငံရဲ့ လူကုန်ကူးမှု မှုခင်းများကြောင့် အမေရိကန်နိုင်ငံသားများ Cambodia ကလေးငယ်များအား မွေးစားခြင်းကိုပိတ်ပင်ထားတဲ့ ကာလဖြစ်တဲ့အတွက် ခက်ခဲခဲ့ပေမယ့် နောက်ပိုင်းသူမရဲ့ ပိုင်ဆိုင်မှု၊ ပြစ်မှုကင်းရှင်းမှု ၀င်ငွေအထောက်အထား စတာတွေကြောင့် မွေးစားခွင့်ရခဲ့ပါတယ်။ ထိုအချိန်တုန်းက Jolie ရဲ့ ခင်ပွန်းဟောင်းဖြစ်တဲ့ Billy Bob Thornton နဲ့ ရှိနေတုန်း အချိန်ကာလလည်းဖြစ်ပါတယ်။ Maddox ကိုမွေးစားပြီး ၃ လလောက်မှာ ကွာရှင်းခဲ့ကြတာကြောင့် Jolie အနေနဲ့ Single Mother အဖြစ်နဲ့ သာ ပြုစုပျိုးထောင်ခဲ့ရတာပါ။ 

ဒုတိယမြောက်ကလေးကိုတော့ သမီး မိန်းကလေးမွေးစားဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ၂၀၀၅ ခုနှစ် ဂျုလိုင်လ ၆ ရက်နေ့မှာ လက်ရှိအသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Zahara Marley ကိုမွေစားခဲ့ပါတယ်။ အစပိုင်းမှာ Zahara အဖွားရဲ့ ဆေးစစ်ချက်အရ Zaharaကို AIDS ကူးဆက်ခံရတဲ့ မိဘမဲ့ကလေးတစ်ယောက် အဖြစ်ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာ Zahara ရဲ့ အမေရင်းမှ Media များအား ထုတ် ဖော်ပြောကြားချက်အရ Zahara ကို ဒီအတိုင်းစွန့် ပစ်ထားခဲ့တာဖြစ်ပြီး သူမရဲ့ သမီးကို Jolie လို
ကမ္ဘာကျော် မင်းသမီးကမွေးစားမယ်ဆိုတဲ့အတွက် ၀မ်းသာကြောင်းနဲ့ Zahara ရဲ့ ကံကောင်းမှုလို့ပဲ ဆိုရမယ်လို့ ပြောခဲ့ပါတယ်။ ယင်းအချိန်အတော အတွင်း Brad Pitt နဲ့ Jolie တို့ရဲ့ ချစ်ဇာတ်လမ်းကလည်း ခရီးအတော်ရောက်နေပြီမို့ နှစ်ယောက်သားတိုင်ပင်ပြီး Ethiopia သူလေး Zahara ကို မွေးစားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ Brad Pitt က ကလေးများရဲ့ Family Name ကို Jolie Pitt လို့ ပြောင်းလဲဖို့အတွက် ဆန္ဒ ရှိခဲ့ပြီး ၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့မှာ တရားဝင် ပြောင်းလဲခဲ့ကြပါတယ်။

Brad Pitt နဲ့ Jolie တို့ရဲ့ အချစ်ဇာတ်လမ်းကလည်း အလုပ်ရှုပ်နေကြသူတွေပီပီ နီးစပ်ရာတွေ့ကြတယ်လို့ပဲ ပြောရမယ် ထင်ပါတယ်၊ စတွေ့ ခဲ့ကြပုံက ၂၀၀၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ Mr. & Mrs Smith ဇာတ်ကားရိုက်ကူးစဉ် ၂၀၀၄ လောက်မှာ စတင် တွဲခဲ့ကြတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖတ်ရဖူးပါတယ်၊ နှစ်ယောက်သားအိမ်ထောင် အသီးသီးရှိခဲ့ကြပေမယ့် တရားဝင် ကွာရှင်းပြတ်စဲကြပြီးမှ တွဲခဲ့ကြတာဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၁၁ နှစ်တာကာလကြာခဲ့ပြီး လက်ထပ်ပြီး ၂ နှစ်အကြာမှာကွာရှင်းခဲ့ကြတာပါ။ လက်မထပ်ခင် ကလေးယူကြတဲ့ ဓလေ့က အနောက်တိုင်းသားတွေအတွက် ပုံမှန်ဖြစ်စဉ်ပေမို့ သိပ်မထူးဆန်းတော့ပေမယ့် ပထမ Jolie ဟာ Brad Pitt ရဲ့ ပထမကိုယ်ဝန်ကို လွယ်ထားရချိန်မှာတော့ မီဒီယာများက စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။ 

အများသိချင်နေခဲ့တဲ့ အကြောင်းအရာကတော့ တစ်ခုတည်းပါ၊ သားသမီးအရင်းနဲ့ မွေးစားသားသမီးတွေနဲ့ အဆင်ပြေပါတော့မလားဆိုတဲ့ မေးခွန်းတွေပါပဲ... ဒါကို သိရဖို့အတွက် မီဒီယာများ သူတို့သွားလေရာမှာ ယောက်ယက်ခပ်နေခဲ့ပါတယ်။

ဒါ့ကြောင့် Jolie နဲ့ Pitt တို့ Namibia ကို ခရီးထွက်ခဲ့ကြပြီး သမီးရင်း Shiloh Nouvel ကို ၂၀၀၆ ခုနှစ် မေလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သမီးငယ်လေး Shiloh ရဲ့ ပထမဆုံးဓာတ်ပုံကို ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းဖို့အတွက် Getty Images လိုမျိုး Website တွေက တစ်ဆင့် ရောင်းချခဲ့ပါတယ်။ ထိုအချိန်က North American Magazine ဖြစ်တဲ့ People နဲ့ British Magazine ဖြစ်တဲ့ Hello! တို့က အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ သန်းနဲ့ ၃ ဒသမ ၅ သန်း ပေးဝယ်ခဲ့ကြပြီး Photo jounalism လောကမှာ စံချိန်တင်ခဲ့ပါတယ်။ အဲဒီက ရရှိခဲ့ကြတဲ့ ငွေတွေကိုတော့ UNICEF ကို လှူဒါန်းခဲ့တာပါ။

သမီးငယ်လေး Shiloh ကို မွေးဖွားပြီးနောက်ပိုင်း Vietnam က မိဘမဲ့ကလေးတစ်ယောက်ကို မွေးစားခဲ့ပါတယ်၊ ၂၀၀၃ ခုနှစ်ဖွား Thien ဆိုတဲ့ ၃ နှစ်အရွယ် သားတစ်ယောက်ပါ။ Thien က မွေးဖွားပြီး မိခင်မှ မိဘမဲ့ကလေးကျောင်းမှာ စွန့်ပစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ Thien ကို မွေးစားဖို့အတွက် လျှောက်ထားခဲ့တဲ့နေရာမှာ Vietnam နိုင်ငံရဲ့ ဥပဒေအရလက်မထပ်ရသေးတဲ့ စုံတွဲတွေကို ကလေးမွေးစားခွင့်မပေးတဲ့ ဥပဒေကြောင့် Single Mother အနေနဲ့ပဲ မွေးစားဖို့ လျှောက်ထားခဲ့ပါတယ်။ Family Name ဖြစ်တဲ့ Jolie Pitt ပြောင်းဖို့ကိုတော့ ၂၀၀၈ ခုနှစ်မှ ရရှိခဲ့ကြတာပါ။ ထို အချိန်အပိုင်းအခြားကာလမှာ Jolie နဲ့ Brad Pitt  တို့ကို နာမည်ကြီး Talk Show တော်တော်များများမှာမေးဖြစ်ကြတဲ့ မေးခွန်းကတော့ ကလေးတွေ 
အဆင်ပြေကြရဲ့လားဆိုတာပါပဲ... ပြီးတော့ နောက်တစ်ခုရှိပါသေးတယ် ဘယ်တော့ လက်ထပ်ကြမလဲဆိုတာပါ…။

“အစပိုင်းမှာတော့ စိုးရိမ်စိတ်ဝင်မိတယ်၊ ကိုယ့်ရဲ့ သားသမီးရင်းရလာခဲ့ရင်ဆိုတဲ့ အတွေးပေါ့၊ ကလေးတွေတစ်ယောက်နဲ့ တစ်ယောက်ချစ်ကြပါ့မလားဆိုတာမျိုး၊ ဒါပေမယ့် အခုတော့ ကျွန်မမှာ အဲဒီလို့ စိုးရိမ်ပူပန်မှုမျိုး မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ အကြီးဆုံးဖြစ်တဲ့ Maddox က သူ့ညီမတွေရဲ့ ဒိုက်ပါလဲတာလိုမျိုးတောင် ၀ိုင်းကူပေးတယ်၊ အပြင်သွားရင်လည်း စောင့်ရှောက်တတ်သေးတယ်၊ အားလုံးတစ်ယောက်နဲ့ တစ်ယောက် ချစ်နေတာမြင်ရတော့ စိတ်ချမ်းသာတယ်၊ ပြီးတော့
ကျွန်မမှာ ဘယ်သူကမွေးစားတယ် ဘယ်သူက ကိုယ့်ဝမ်းနဲ့ လွယ်မွေးရတယ်ဆိုတာမျိုး ကလေးတွေ အပေါ်မှာသတ်မှတ်ထားတာမျိုး မရှိပါဘူး၊ အစပိုင်းကတည်းကကို မရှိခဲ့တာ” လို့ Talk Show တစ်ခုမှာဖြေထားပါတယ်။

Thein ကို မွေးစားပြီး သိပ်မကြာပါဘူး။ အမွှာပူး ကိုယ်ဝန်ဆောင်ထားရပြီဆိုတဲ့အကြောင်း ၂၀၀၈ ခုနှစ် Cannes ရုပ်ရှင်ပွဲတော်မှာ သူမပြော ခဲ့ပါတယ်။ သားလေး Knox Leon နဲ့ သမီး Vivienne Marcheline တို့ကို ၂၀၀၈ ခုနှစ် ဂျူလိုင်လမှာမွေးဖွားခဲ့ပြီး အမွှာလေးနှစ်ယောက်ရဲ့ ဓါတ်ပုံကို People နဲ့ Hello! က အမေရိကန်ဒေါ်လာ ၁၄ သန်းနဲ့ ၀ယ်ယူခဲ့ရတဲ့အတွက် ဈေးကြီးပေးရတဲ့ Celebrity Photo တွေထဲမှာ Top 10 ၀င်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ ငွေကြေးကိုတော့ Jolie Pitt Foundation မှာ လှူဒါန်းဖို့ အသုံးပြုခဲ့တာပါ။

နိုင်ငံဘာသာမတူတဲ့ ကလေးတွေရဲ့ မွေးစားမိခင်တစ်ယောက် အနေနဲ့ သူတို့ရဲ့ ဘာသာတွေကိုလည်း နားလည်အောင် မအားတဲ့ကြားက လေ့လာရတယ်လို့ Jolie ရဲ့ အင်တာဗျူးတစ်ခုမှ ဖတ်ရဖူးပါတယ်။ “သူတို့ဖြစ်ချင်တာ သင်ယူချင်တာတွေအတွက် ပိတ်ပင်ထားတာမျိုးမရှိပါဘူး၊ ထောက်ပံပေးတာမျိုးပဲ လုပ်သွားမှာပါ၊ သူတို့ဖြစ်ချင်တဲ့ ရည်မှန်းချက်အတိုင်း ဖြစ်သွားတယ်ဆိုရင် ကျေနပ်ပါတယ်၊ အဖေအမေက သရုပ်ဆောင်ဖြစ်လို့ သရုပ်ဆောင် သူတို့ကိုသရုပ်ဆောင်ဖြစ်စေချင်သလားလို့ မေးလာရင်တော့ နိုးလို့ပြောပါရ စေ… သရုပ်ဆောင်တော့ မဖြစ်စေချင်ဘူး” ဆိုပါတယ်။ “သူတို့ ၀ါသနာပါတယ်ဆိုရင် တစ်မျိုးပေါ့၊ အမှန်အတိုင်းပြောရရင် ကလေးတွေအားလုံး က ဂီတကိုတော့ စိတ်ဝင်စားသယောင်ရှိကြတယ်လို့မြင်တယ်၊ ရိုက်ကွင်းလိုက်လာတယ်ဆိုရင်လဲ သူတို့ကြည့်ပြီးပျော်နေတတ်တယ်” လို့ဆိုပါတယ်။ 

Jolie ပထမဦးဆုံးသားဖြစ်တဲ့ Maddox ကို မွေးစားတဲ့အချိန်တုန်းက ပြောခဲ့တာရှိပါတယ်…  သူမ ရဲ့ ကလေးအတွက် ယာယီအဖေမျိုးမလိုချင်တဲ့အတွက် သူမနောက်ထပ် လက်ထပ်တော့မှာ မဟုတ်တဲ့အကြောင်းပါ။ မွေးစားခဲ့တယ်ဆိုပေမယ့် မိခင်မေတ္တာအပြည့်အ၀ ရှိနေတယ်ဆိုတာ ပေါ်လွင်စေတဲ့ အချက်ပါပဲ…။

သူမ ကလေးတွေထဲမှာ ဘယ်သူ့ရဲ့ ဘယ်အမူအရာကိုအကြိုက်ဆုံးလဲလို့ မေးရင်တော့ သမီး Zahara ရဲ့ တကိုယ်လုံးတုန်ပြီး ရယ်တတ်တဲ့ အမူအရာကို အကြိုက်ဆုံးပါ… လို့ မဆိုင်းမတွ ဖြေပါတယ်။ ရုပ်ရှင်လောကထဲမှာ သိပ်ပြီး မတွေ့ရတော့ 
ပဲ ပရဟိတလုပ်ငန်းများကိုသာ ဆက်တိုက်လှုပ်ရှားနေတဲ့ Jolie တစ်ယောက်…  နောက်ပိုင်းကလေးတွေအတွက် အချိန်ပေးနိုင်ဦးမလားလို့ မေးစရာရှိပါတယ်။ ကလေးတွေကတော့ အဲဒီအတွက် ပူပန်မှာမဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ သူမသွားလေရာတစ်ယောက်မဟုတ် တစ်ယောက်ခေါ်သွားတတ်ခြင်းကြောင့် ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Jolie ဒါရိုက်တာအဖြစ် Cambodia မှာ ရိုက်ကူးတဲ့ First They Killed My Father ဆိုတဲ့ ဇာတ်လမ်းရိုက်ကွင်းကို သူမရဲ့ ကလေး အားလုံးကို ခေါ်သွားတဲ့ သတင်းဓာတ်ပုံတွေ တွေ့လိုက်ရပါသေးတယ်။ 

ဒါဆိုရင် Jolie တစ်ယောက် အမေဆိုတဲ့ တာဝန်ကိုယူထားတဲ့အတွက် ကျေပွန်အောင် ထမ်းဆောင်နေသလားဆိုတာကတော့ သူမရဲ့ ကလေးတွေကိုယ်တိုင်ကပဲ ဆုံးဖြတ်ပေးသွားမယ် ထင်ပါတယ်။