လက်ရှိအောင်မြင်မှုနောက်ကွယ်က လက်တွေ့ဘဝ

Tuesday, April 11, 2017

အောင်မြင်မှုဆိုတာ လူတိုင်းမျှော်မှန်းထားကြတဲ့အရာပါ... ဒါပေမယ့် သူ့ရဲ့ အရသာကို ခံစားသိရှိဖို့အတွက် လျှောက်လှမ်းရာမှာ အနည်းငယ် ခက်ခဲကောင်းခက်ခဲကြပါလိမ့်မယ်။ ဒါဆို ဒီလို အခက်အခဲတွေအတွက် သူကရော ဘယ်လို ဖြတ်သန်းခဲ့သလဲ?

ဝင်ငွေအများဆုံးနဲ့ ကမ္ဘာ့အချမ်းသာဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်...
အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ဦးအဖြစ်ကနေ အာရှနိုင်ငံများကို ကျော်ဖြတ်ရင်း လက်ရှိကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားပြီးဖြစ်တဲ့ Khan လို့ အများခေါ်ကြတဲ့ Shah Ruk Khan ရဲ့ဘ၀ ဖြတ်သန်းမှုပုံရိပ်တွေကို ပြန်လည်တီးခေါက်ကြည့်ရအောင်…

Shah Rukh Khan ကို ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံ New Delhi မြို့မှာ မွေးဖွားခဲ့ဖြစ်ပါတယ်။ အသက် ၅ နှစ် အရွယ်အထိ Mangalore ဆိုတဲ့မြို့လေးမှာ အင်ဂျင်နီယာ တစ်ယောက်လဲဖြစ်တဲ့ အမေဘက်က အဖိုးဆီမှာ နေထိုင်ခဲ့တာပါ။ Khan ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုချက်အရ အဖေဘက်က အဖိုးကတော့ အာဖဂန်နစ်စတန်က Pathan လူမျိုးဖြစ်တယ်လို့ သိရပြီး အဖေဘက်က အမျိုးတွေအကုန်လုံးက Hindko ဘာသာစကား ပြောကြတယ်လို့ ဆိုပါတယ်။ Hindko ဘာသာ စကားဆိုတာကတော့ ပါကစ်စတန်ရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ Peshawar ဆိုတဲ့ နယ်မြို့လေးက လာတာပါ၊ အများအားဖြင့် ပန်ချာပီလို့ လူသိများတဲ့ ဘာသာစကားတစ်မျိုး ဖြစ်ပါတယ်။ Khan ရဲ့ အဖေဟာဆိုရင်လဲ Pashawar ရဲ့ Indian လွှတ်လပ်ရေး ကြိုးပမ်းရာမှာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်တယ်လို့လည်း သိရပြီး  Khan ရဲ့ မိဘနှစ်ပါးကတော့ ၁၉၅၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

Delhi မြို့ရဲ့ ထိစပ်နေတဲ့ Rajendra Nagar မှာ Khan တစ်ယောက် ကြီးပြင်းခဲ့ပါတယ်။ မိဘများက စားသောက်ဆိုင်လုပ်ငန်း အပါအ၀င် အခြားလုပ်ငန်းများလုပ်ကိုင်ကြကာ အသင့်အတင့်ရှိတဲ့ တိုက်ခန်းမှာ နေထိုင်ခဲ့ကြတယ်လို့ အင်တာနက် စာမျက်နှာပေါ်က Khan ရဲ့ အကြောင်း ရေးသားထားတာကို ဖတ်ခဲ့ရဖူးပါတယ်။ တက်ရောက်ခဲ့တဲ့ ကျောင်းကတော့ Delhi မြို့လယ်မှာ တည်ရှိတဲ့ St.Columba’s School ဖြစ်ပြီး ကျောင်းတက်စဉ်အရွယ်ကတည်းက ဘောလုံးအားကစားနှင့် Hockey ကို ၀ါသနာပါခဲ့သူလဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဘက်စုံထူးချွန်သူ တစ်ဦးလို့ဆိုရမလား St.Columba’s School ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Sward of Honour ဆုကို ရရှိထားတဲ့ အတော်ဆုံးကျောင်းသား တစ်ဦးပါ။

Khan ရဲ့ သရုပ်ဆောင်မှု အရည်အချင်းကတော့ ကျောင်းကပွဲ စတိတ်စင်တွေက စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ သူအရမ်းကြိုက်တဲ့ သရုပ်ဆောင်များဖြစ်တဲ့ Dilip Kumar, Amitabh Bachchan နဲ့ Mumtaz တို့ရဲ့ ပုံစံအတိုင်း သရုပ်ဆောင် တင်ဆက်လေ့ရှိပြီး တထေရာတည်းတူအောင် သရုပ်ဆောင်နိုင်တဲ့အတွက်လည်း ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ဆရာသမားတွေရဲ့ ချီးမွမ်းမှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ အနုပညာ ၀ါသနာအိုးတစ်ယောက်ဖြစ်ပါတယ်။  ဒီလိုငယ်ငယ်ကတည်းက ၀ါသနာပါတာခြင်းတူနေတဲ့ Khan ရဲ့ သူငယ်ချင်းတစ်ယောက်ရှိပါသေးတယ်၊ သူမကတော့ လက်ရှိထိပ်တန်း ဘောလိဝုဒ် မင်းသမီးတစ်ယောက်ဖြစ်တဲ့ Amrita Singh ပဲ ဖြစ်ပါတယ်။ Khan နဲ့ Amrita Singh တို့ဟာ ငယ်စဉ်ကတည်းက သူငယ်ချင်းများဖြစ်ကြပြီး ကျောင်းကပွဲတွေမှာ ပြုလုပ်တဲ့ ပြဇတ်တွေမှာ အမြဲတမ်းလိုလို အတူတူ တွဲဖက်သရုပ်ဆောင်လေ့ရှိကြတဲ့ သူနှစ်ဦးပါ။ 

ဒီလိုနဲ့ Khan တစ်ယောက်ဘွဲ့ရဖို့အတွက် ၁၉၈၅ ခုနှစ်မှ ၁၉၈၈ အထိ Hansraj College မှာ Economics ပညာရပ်နဲ့ ဘွဲ့ရဖို့ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် Khan က သူ့ရဲ့ အချိန်တော်တော်များများကို Delhi’s Theatre Action Group (TAG) မှာ သရုပ်ဆောင် ပညာကို သင်ယူရင်းသာ ကုန်ဆုံးလေ့ရှိပါတယ်။ Bollywood မှာ Khan ဆိုတဲ့ နာမည်တစ်ခုနဲ့ ရပ်တည်နိုင်ဖို့ကိုတော့ Delhi မှာရှိတဲ့ Nationa School of Drama ကနေ စတင်ခဲ့တာဖြစ်ပါတယ်။

Shah Rukh Khan ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိန္ဒိယဇာတ်လမ်းကတော့ 1988 ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Lekh Tanson ဆိုတဲ့ TV Series ဇာတ်လမ်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ဇာတ်ကားမှာတော့ အောင်မြင်မှု မရခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် အောင်မြင်မှုတွေက စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေသူတွေအတွက် လက် တကမ်းမှာပဲဆိုတာ အသေအချာပါ၊ Khan တစ်ယောက် ပွဲဦးထွက်မှာ ကျရှုံးခဲ့ပေမယ့် လက်မလျော့ခဲ့ပါဘူး၊ ၁၉၈၉ ခုနှစ်မှာ ဆက်တိုက်ဆိုသလို Fauji ဆိုတဲ့ TV Series မှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ဆွဲမက်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ချို့က Khan ကို ဘောလိဝုဒ်တစ်နေရာသို့ အရောက်ပို့ပေးလိုက်ပါတော့တယ်။

ဒီလိုနဲ့ Khan ရဲ့ TV Series တွေကို အိန္ဒိယရဲ့ TV Channel တွေမှာ ဆက်တိုက်ဆိုသလို တွေ့လာရပြီး ၁၉၈၉ ခုနှစ်မှာပဲ Khan ရဲ့ ငယ်ဘ၀က အကြိုက်ဆုံးဖြစ်ခဲ့ရတဲ့ မင်းသားကြီး Dilip Kumar နဲ့ အပြိုင် သရုပ်ဆောင်ဖို့ အခွင့်အရေးရခဲ့ပါသေးတယ်။ ဒါပေမယ့် Khan သူ့ရဲ့ သရုပ်ဆောင်အရည်အသွေးကို မယုံကြည်ရဲသေးတဲ့အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တတ်တဲ့ အလေ့အထတွေက ယနေ့ အချိန်အထိ Khan ကို ထိပ်ဆုံးရောက်အောင် တွန်းပို့နေတဲ့ အဓိက သော့ချက်လားလို့တောင် ကောက်ချက်ချရမလိုပါပဲ…

TV Series တွေကနေတစ်ဆင့် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ဖြစ်ခဲ့တာကတော့ ၁၉၉၁ ခုနှစ်မှာပါ။ Khan ရဲ့ မိခင်ဆုံးပါးသွားပြီးနောက်ပိုင်းမှာလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆို တော့ Khan က သူရဲ့မိခင် မရှိတော့တဲ့ နောက်ပိုင်းမှာ ၀မ်နည်းစိတ်၊ မိခင်ကို မဆုံးပါးခင်ကပေးခဲ့တဲ့ ကတိစကားတွေကြောင့် ကြိုးစားဖို့အတွက် အင်အားတွေ ပြင်းထန်လာခဲ့တယ်လို့ အင်တာဗျုးတစ်ခုမှာ Khan ဖြေထားတာကို  ဖတ်ရှု့ခဲ့ရဖူးပါတယ်။ 

Dalhi ကနေ Mumbai ကို ပြောင်းရွှေ့နေထိုင်ပြီး ဘောလိဝုဒ်လောကထဲကို Khan အချိန်ပြည့် စိတ်နှစ်ထားလိုက်ပြီး စစခြင်းမှာပဲ ရုပ်ရှင်ဇာတ်ကား ၄ ကား တစ်ပြိုင်နက် ရိုက်ကူးဖို့အတွက် စာချုပ်ချုပ်ခဲ့ပါတယ်။ ထို ဇာတ်ကားများကလည်း ရှေ့နောက်ဆိုသလို ထွက်ရှိလာပြီး ယင်းဇာတ်ကားများထဲမှ 1992 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Deewana ဆိုတဲ့ ဇာတ်ကားက Khan ကို ဘောလိဝုဒ်မှာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူပေးခဲ့ပါတယ်။ ယင်း Deewana ဇာတ်ကားနဲ့ Filmfare Best Male Debut Award ကိုရရှိခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာလည်း Khan ခေါင်းဆောင်မင်းသားနေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Chanatkar ဆိုတဲ့ ဇာတ်လမ်းနဲ့ Raju Ban Gaya Gentleman ဆိုတဲ့ ဟာသဇာတ်ကားလေးတွေကလဲ ၁၉၉၂ ခုနှစ် အတောအတွင်း Khan ရဲ့ လူကြိုက်များတဲ့ ဇာတ်လမ်းများ ဖြစ်ခဲ့ပါတယ်။ ထိုအချိန်ကတည်းက Khan ရဲ့ စူးရှတဲ့ မျက်လုံးနဲ့ ဆွဲမက်စရာ သရုပ်ဆောင်မှုတွေက သူကရဲ့ ပရိသတ်တွေအကြား ပြောမဆုံးဖြစ်ခဲ့ရတာပါ။ 

ဒီလို Drama ဇာတ်လမ်းတွေမှာ ခေါင်းဆောင်အဖြစ် သရုပ်ဆောင်ရင်း နာမည်ရလာပေမယ့် ပြောင်းလဲမှုတစ်ခုလုပ်ဖို့ Khan တစ်ယောက် စိတ် ကူးရခဲ့ လေသလားလို့ ပြောရမလိုပါပဲ... ၁၉၉၃ ခုနှစ်လောက်က စတင်ပြီး အဓိက ဇာတ်ရုပ်နေရာတွေမှာ Khan ကို သိပ်မတွေ့ရတော့ပါဘူး…။ ဒါဆို ဘယ်ရောက်သွားသလဲလို့ မေးခွန်းထုတ်လာ နိုင်ပါတယ်။ ဟုတ်ပါတယ်... တစ်ခါ တစ်လေမှာ လူတစ်ယောက်ကို အမြဲမြင်နေကျ ပုံစံကနေ ကွဲမထွက်နိုင်ဘူးဆိုရင် သူ့ရဲ့ဝေဖန်မှုဆိုင်ရာ ပတ်ဝန်းကျင်မှာ အတော်အတန်အေးစက်သွားတတ်တယ်ဆိုတာကို သူကောင်းကောင်းရိပ်စားမိပုံပေါ် ပါတယ်။ Khan တစ်ယောက်ကို အပြိုင်ဇာတ်ရုပ်တွေမှာ တွေ့လာရပါပြီ... အဲဒီအချက်က သူ့ရဲ့ ငြိမ်သက်နေတဲ့ ပရိသတ်တွေကို ပြန်လည် နှိုးဆွလိုက်သလိုပါပဲ။ လူချစ်ခံနေရတဲ့ ဇာတ်ရုပ်မှာ အမြဲတွေ့ရလေ့ရှိတဲ့  Khan က အချစ်တွေနဲ့ ဝေဖန်မှုတွေ ခံခဲ့ရသလို၊ မုန်းစရာကောင်းတဲ့ ဇာတ်ရုပ်ကနေလည်း မုန်းနေရက်နဲ့ ချီးကျူးခံရအောင် သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကြိုးစားမှု အရည်အချင်းတွေ အသိအမှတ်ပြု မှတ်ကျောက်တင်ပေးနိုင်တဲ့ ဆုလက်ဆောင်တစ်ခုက Khan အတွက်ရှိနေပြီးသား ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပထမဦးဆုံး ချီးမြှင့်တဲ့ ဆုဖြစ်တဲ့ Filmfare Award For best Actor ဆုကို Khan ရရှိခဲ့ပြီ ဖြစ်ပါတယ်။ 

ဒါဆို Khan ရဲ့ နာမည်ကြီး လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွေကနေ ၀င်ငွေဘယ်လောက် ရရှိခဲ့သလဲဆိုတာ ကြည့်ရအောင်...
တစ်ချို့သော ဇာတ်ကားတွေက တစ်ချိန်က စာဖတ်သူတို့ ကိုယ်တိုင်ကြည့်ဖူးကြတဲ့ ဇာတ်ကားကောင်းတွေဖြစ်နေလိမ်မယ်လို့ ထင်ပါတယ်။ 

ပထမဦးဆုံး ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ Don ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Khan နဲ့ အတူ မော်ဒယ် သရုပ်ဆောင် မင်းသမီး Priyanka Chopra က Roma ဆိုတဲ့ ခပ်မိုက်မိုက် ကောင်းမလေးအဖြစ် သရုပ်ဆောင်ထားခဲ့တဲ့အတွက် အလွန် စွဲမက်စရာကောင်းတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ခဲ့ပါတယ်။ Don ဆိုတဲ့ ဇာတ်ကားကိုတော့ ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး Box Office မှာ ရူပီး ၁.၀၆ ဘီလီယမ် ၀င်ငွေ ရရှိခဲ့ပါတယ်။ ဒီ စံနှုန်းဟာဆိုရင် ၂၀၀၆ ခုနှစ် ရဲ့ ၀င်ငွေအများဆုံး Indian ရုပ်ရှင်ဇာတ်ကားများထဲမှာ နံပါတ် ၅ နေရာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ထို့အပြင် အိန္ဒိယရဲ့ ၅၂ ကြိမ်မြောက် Filmfare Awards မှာ Best Film နှင့်အတူ Best Actor ဆု အပါအ၀င် ၉ ဆုအတွက် ရာထားခြင်းခံခဲ့ရပါတယ်။ 

နောက်ထပ် Khan စံချိန်တင်ဝင်ငွေရှိခဲ့တဲ့ ဇာတ်ကားတစ်ကားရှိပါသေးတယ်၊ Supernatural Romantic Musical ဇာတ်ကားတစ်ကားဖြစ်တဲ့ Om Shanti Om ဆိုတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားကတော့ ၂၀၀၇ ခုနှစ်နိုဝင်ဘာလ ၉ ရက်နေ့က ထွက် ရှိခဲ့တာဖြစ်ပြီးတော့ ကမ္ဘာတစ်လွှားမှာ ပြသဖို့အတွက် အခွေအချပ်ရေပေါင်း ၂၀၀၀ လောက်ကို ဖြန့်ချီခဲ့ရတာပါ။ ဒီစံချိန်ဟာလဲ အိန္ဒိယဘောလိဝုဒ် ရုပ်ရှင်လောကရဲ့ ကြည့်ရှု့သူ စံချိန်သစ်တင်သွားစေခဲ့ပါတယ်၊ ဒီ Om Shanti Om ဇာတ်ကားက တစ်ကမ္ဘာလုံးမှာရှိတဲ့ ၀င်ငွေ ရူပီး ၁.၅၀ ဘီလီယံရရှိခဲ့တဲ့ ၂၀၀၇ ခုနှစ်ရဲ့ ၀င်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။

ဝင်ငွေအများဆုံးရရှိခဲ့တဲ့ ဇာတ်ကားတွေအကြောင်း ပြောရင်တော့ ချန်ထားခဲ့လို့မရတဲ့ ဇာတ်ကားကတော့ My Name Is Khan ပါ၊ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ Dubai တွင် စတင်ရုံတင်ပြသခဲ့ပြီး၊ တစ်ကမ္ဘာ လုံးမှာတော့ ၂၀၁၀ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တပြိုင်နက်တည်း ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးစားရိတ်အတွက် အမေရိကန်ဒေါ်လာ ၆.၇ မီလီယန်ကျော် ကုန်ကျခံခဲ့ပြီး Box  Office မှ ပြန်လည်ရရှိငွေ (၀င်ငွေ) အမေရိကန်ဒေါ်လာ သန်း ၃၀ ပြန်လည်ရရှိခဲ့တဲ့ Khan ရဲ့ စံချိန်တင် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 

Khan ရဲ့ အောင်မြင်မှုတွေက အဆုံးသတ်မသွားဘူးလို့ ပြောရမလား… ဆက်တိုက်ဆိုသလို ၂၀၁၁ ခုနှစ်မှာ Don 2 ဆက်လက် ထွက်ရှိလြာ ပန်ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နေ့ ခရစ်စမတ်အမှီ ထွက်ရှိလာတာဖြစ်ပြီး ကြည့်ရှု့သူမယုံနိုင်လောက် များပြားခဲ့တာဖြစ်ပြီး အထူးသဖြင့် အာရှနိုင်ငံ အတော်များများနဲ့ အရှေ့အလယ် ပိုင်းနိုင်ငံတွေမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ  ရရှိခဲ့တဲ့ ၀င်ငွေကတော့ အမေရိကန် ဒေါ်လာ ၃၂ သန်းရရှိခဲ့တာ ဖြစ်ပါတယ်။ 

မည်သို့ပင်ဆိုစေကာမူ ယနေ့အချိန်ထိ ထွက်ရှိလာခဲ့တဲ့ ဇာတ်ကားတိုင်းဟာ Khan ရဲ့ ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာတွေ ပေးစွမ်းနိုင်ခဲ့တယ်ဆိုတာက ဘယ်လိုမှ ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်၊ ယနေ့ အချိန်ထိ ဆုအမျိုးအစားအမျိုးမျိုးအတွက် ၂၂၆ ကြိမ်တိုင်တိုင် စကာတင် စာရင်းတင်သွင်းခံခဲ့ရပြီး ၂၀၇ ဆုကို ပိုင်ဆိုင်ထားကာ ထိုဆုများထဲမှ ၂၉ ဆုမှာ the best actor ဆုများ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော် ရိုက်ကူးထားပြီဖြစ်ပြီး အနုပညာလောကမှာ နှစ်ပေါင်း ၂၉ နှစ်တာကာလ ဖြတ်သန်းလာခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲတဲ့ ၂၀၁၆ ခုနှစ်မှာ နာမည်ကျော် အနုပညာ Website များရဲ့ စစ်တမ်းအရ Khan ဟာ ၀င်ငွေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ၀င်ငွေရှိနေတဲ့ ဘောလိဝုဒ်ရဲ့ ထိပ်တန်း မင်းသားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ 

အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ခံယူချက်တွေဟာ တစ်ယောက်တစ်မျိုး ရှိနေတတ်ကြတယ်ဆိုတာ စာဖတ်သူတို့ လက်ခံကြလိမ့်မယ်လို့ထင်ပါတယ်။ ဒီလိုပါပဲ…  ယခုလို အောင်မြင်မှုတွေရလာအောင် သူခံယူထားတဲ့ ဘ၀နဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက် ခံယူချက်တွေက အတုယူစရာကောင်းလှပါတယ်။ ဒီအထဲကမှ ကျွန်တော် အမှတ်ရနေမိတဲ့ Khan ရဲ့ စကားလေးတစ်ခွန်းကတော့ “Success and Failure are both part of Life. Both are not permanent.” ဆိုတဲ့ စကားလေးပဲ ဖြစ်ပါတယ်၊ ဆိုလိုချင်တာကတော့ “အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းစတဲ့ နှစ်ခုလုံးဟာ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပါ၊ နှစ်ခုလုံးက တည်မြဲနေတဲ့အရာ မဟုတ်ပါဘူး” လို့ ဆိုလိုပါတယ်။ ဒီလို စကားလုံးတွေကို သူ့ရဲ့ ဘ၀အတွေ့ အကြုံတွေက ပုံဖော်ပေးခဲ့တာပါလို့ အင်တာဗျူးတစ်ခုမှာ ဖတ်ရဖူးပါတယ်၊ ဟုတ်ပါတယ်…  ဒါ တွေကို ယုံကြည်ဖို့အတွက်တော့ ကမ္ဘာပေါ်မှာ Shahrukh Kahn ဆိုတဲ့ နာမည်တစ်လုံး ယနေ့အချိန်ထိ တည်ရှိနေခြင်းက သက်သေဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။