လေးနှစ်အကြာမှာ ပြန်လည်ထွက်ရှိလာမယ့် ဖြိုးကြီးရဲ့ တစ်ကိုယ်တော်တေးစီးရီး

Monday, April 10, 2017

တစ်ကိုယ်တော်တေးစီးရီး မထွက်ရှိခဲ့ချိန် လေးနှစ်ကျော်ကြာပြီဖြစ်သော တေးသံရှင်ဖြိုးကြီးရဲ့  တစ်ကိုယ်တော်တေးစီးရီးသစ်ကို သင်္ကြန်ကာလအပြီးတွင် ထွက်ရှိနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ “နောက်ဆုံးထွက်ခဲ့တဲ့အခွေနဲ့ ဒီထွက်မယ့် အခွေက အနည်းဆုံးလေးနှစ်ကျော်ကြာပါပြီ။အသံသွင်းနေတာ တစ်ဝက်ပြီးပါပြီ။ အချောသွင်းပြီးရင် သင်္ကြန်အပြီးလောက် အခွေထွက်ဖို့ကြိုးစားနေပါတယ်။ ကျွန်တော်ရဲ့ အားနည်းချက်က ဘာပဲလုပ်လုပ် သီချင်းနဲ့ပတ်သက်ရင် ကြာပါတယ်။ မကောင်းတဲ့အကျင့်လေးပါ။ တတ်နိုင်သလောက်တော့ မြန်အောင်ကြိုးစားပါမယ်။ အသက်လည်း ကြီးနေပါ ပြီ”လို့ တေးသံရှင်ဖြိုးကြီးက ပြောသည်။

အဆိုပါတေးစီးရီးတွင် သီချင်းပုံစံအစုံပါဝင်မှာဖြစ်ပြီး ခေါင်းစဉ်တစ်ခုတည်းအောက်မှာ ရှိနေမှာဟုတ်ဘဲ ပရိသတ်အကြိုက်၊ တေးသံရှင် ဖြိုးကြီး အကြိုက်နှင့် အသစ်ဖန်တီးထားသောပုံစံသစ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီအခွေမှာက ပရိသတ်အကြိုက်ကို ၄၀ ရာနှုန်း၊ ကျွန်တော်လုပ်ချင်တာကို ၆၀ ရာနှုန်း လုပ်ပါမယ်။ ဒီထဲမှာ ၆၀ထဲကမှ လုပ်ချင်တာက ၅၀ ရာနှုန်း၊ လက်တည့်စမ်းချင်တာက ၁၀ရာနှုန်းပေါ့။ လက်တည့်စမ်းတယ်ဆိုတာထက် လုပ်သင့်တာလေးတွေပေါ့။ မျှပြီးလုပ်ထားပါတယ်။ အရင်ကတော့ ကိုယ်လုပ်ချင်တာလုပ်ပါတယ်။ တေးရေးကတော့ ဆယ်ယောက်လောက်ပါတယ်။ ပုံစံတွေကတော့ အစုံပဲ။ ဘာရယ်လို့ ပြောလို့မရဘူး။ ကျွန်တော်ဆိုနေကျပုံစံပဲ။ ခေါင်းစဉ်တစ်ခုတည်း အောက်မှာတော့ မရှိဘူး။ အစုံပါနေတယ်။ အီလက်ထရောနစ်နွယ်တဲ့ပုံစံလည်းပါတယ်။ Unplugged လည်းမဟုတ်ဘူး လက်တင်ပုံစံတွေလည်းပါတယ်။ ဒစ်စကိုရော့ခ်ပုံစံတွေလည်းပါတယ်”လို့ တေးသံရှင်ဖြိုးကြီးက ပြောသည်။

အဆိုပါ တစ်ကိုယ်တော်တေးစီးရီးတွင် ထူးခြားသည့် အချစ်ပုံစံအကြောင်း ရေးဖွဲ့ထားသော သီချင်းပါဝင်မည်ဖြစ်ပြီး အချစ်ကြောင့်လိုက်သတ်သည့် ဆိုက်ကိုဆန်သော သီချင်းပုံစံဖြစ်ကြောင်း  သိရသည်။ ထို့အပြင် တေးသံရှင်ဖြိုးကြီးကိုယ်
တိုင်ရေးသားထားသည့် ကလေးကဗျာဟု အမည်ရသော သီချင်းတစ်ပုဒ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။