တစ်ခါမှတွဲမရိုက်ဖူးတဲ့ မင်းသားတစ်ယောက်ရှိတယ်ဆိုတဲ့ ‘‘ပိုပို’’

Thursday, March 9, 2017

တေးသံရှင် ပိုပိုက သူမ၏ မီနီအယ်လ်ဘမ် VCD တွင် တစ်ခါမှတွဲမရိုက်ဖူးသည့် မင်းသားတစ်ယောက်ဖြင့် ရိုက်ကူးသွားရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။

“ပိုပို မီနီအယ်လ်ဘမ်ထွက်ဖို့ရှိတယ်။ ဒီ အခွေကို CD ၊ VCD တစ်ခါတည်းဖြန့်ဖို့ လျာထားနေတယ်။ မီနီအယ်လ်ဘမ်ဖြစ်လို့ ပရိသတ်ကို CD ၊ VCD ခွဲမရောင်းချင်ပါဘူး။ မီနီအယ်လ်ဘမ်ဆိုပေမယ့် ခုနှစ်ပုဒ်တော့ ပါပါတယ်။ ဒီအခွေထဲမှာ ပရိသတ်ကို ပိုပိုအံ့သြသွားအောင် လုပ်ပြချင်ပါတယ်။ ပိုပို သရုပ်ဆောင်တွေအများကြီးနဲ့ တွဲရိုက်ဖူးပါတယ်။ ဒါပေမယ့် တစ်ခါမှတွဲမရိုက်ဖူးတဲ့ မင်းသားတစ်ယောက်ရှိတယ်။ အခွေထွက်လာရင် ပရိသတ်ကြီးကြည့်ပြီးရင်တော့ ဘယ်သူလဲဆိုတာ သိမှာပါ”လို့ ပိုပိုက ပြောသည်။

အဆိုပါမီနီအယ်လ်ဘမ်တွင် အချစ်သီချင်းတစ်ပုဒ်သာ ပါဝင်မှာဖြစ်ပြီး မငိုပါနဲ့ တေးသီချင်းကို ပုံစံသစ်တစ်မျိုးဖြင့် ပြန်လည်သီဆိုမည်ဖြစ်ကြောင်း သိရသည်။

“ပိုပိုက အချစ်သီချင်းကို တစ်ခွေမှာ တစ်ပုဒ်ပဲ ထည့်လေ့ရှိပါတယ်။ မငိုပါနဲ့သီချင်းကို Version ပြောင်းဆိုမယ်။ ပေါ့ပ်သီချင်းပါမယ်၊ ရော့ခ်ဆန် တာလေးတွေပါမယ်။ ပေါ့ပ်ပန့်ခ် ပုံစံလေးတွေပါမယ်။ VCD ကိုတော့ ခရီးတွေသွားရင်း ရိုက်မှာ
ပေါ့။ ငါတို့ခရီးထွက်တဲ့နေ့ဆိုတဲ့ သီချင်းလေးပေါ့။ 

ပိုပို စဉ်းစားထားတာတော့ ပုဂံ၊ အင်းလေးပေါ့။ နောက်ပြီး ပိုပို ဆလုံတွေရှိတဲ့ဘက် သွားချင်တယ်။ ဆလုံလူမျိုးတွေရဲ့ အလေ့အထတွေ ရိုက်ချင်တယ်။ ဖြစ်လာမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနှံ့အပြားခရီး တွေသွားပြီး ရိုက်ထားတာလေး တွေထည့်မှာပေါ့” လို့ ပိုပိုက ပြောသည်။

ထို့အပြင် အခြားအနုပညာရှင်များနှင့်ပူး ပေါင်း၍ ကဗျာစာအုပ်ထုတ်ဝေရန် စီစဉ်လျက်ရှိပြီး အဆိုပါစာအုပ်တွင် နေတိုး၊ စိုးမြတ်သူဇာ၊ ဒါရိုက်တာ သြရသ၊ စိုင်းစိုင်းခမ်းလှိုင်၊ ဗေလုဝ၊ အရိုင်း၊ ကျော်ကျော်တို့ ရေးသားထားသည့် ကဗျာများနှင့်
အတူ ပိုပိုကိုယ်တိုင်ရေးသားထားသော ကဗျာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကဗျာစာအုပ်လေးကိုတော့ စီစဉ်နေဆဲဖြစ်ကြောင်း တေးသံရှင်ပိုပိုက ပြောသည်။