အော်စကာဆုပေးပွဲကြီးကိုမှန်းပြီး အကယ်ဒမီ အခမ်းအနားကို ပြင်ဆင်သွားမယ့် ဂျွန်လွင်

Wednesday, March 1, 2017

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို Stars & Models Int’l မှ ဂျွန်လွင်ဦးစီး၍ အော်စကာဆုပေးပွဲအခမ်းအနားကဲ့သို့ ဆန်းသစ်ခေတ်မှီသောပုံစံများဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် အကယ်ဒမီပေးပွဲကို ကျွန်တော်စီစဉ်တင်ဆက်ဖြစ်တာကတော့ ကိုလူမင်းကလည်း ကျွန်တော့်ကိုခေါ်တယ်ပေါ့ ဒါပေမယ့်လည်း ကျွန်တော်ကအရမ်းပင်ပန်းမယ်ဆိုပြီး မလုပ်ဘဲထားတာပေါ့ နောက်ဆုံးလည်းကျရော ကျွန်တော်နဲ့ အရမ်းခင်တဲ့ မဝေသစ်လွင်က Bella မိတ်ကပ်က စပွန်ဆာပေးတယ်ပေါ့နော်။ ပိုက်ဆံအင်တိုက်အားတိုက်နဲ့ ဒီပွဲကြီးကိုလုပ်မယ်ဆိုတဲ့အတွက်ကြောင့် ကျွန်တော်ကလည်း ကိုယ်လုပ်ချင်တဲ့ဟာလေးတွေလုပ်ရမယ် ထင်တိုင်းလည်း ကြဲရမယ်ဆိုတော့ လုပ်ဖြစ်သွားတာပါ။ ကျွန်တော့် ခေါင်းထဲမှာတော့ လောလောဆယ်နိုင်ငံခြားက အော်စကာပေးပွဲကြီးကို မှန်းပြီးလုပ်မယ်။ လူတွေကပြောမယ် ဘာလို့ ငါတို့က အနောက်နိုင်ငံကို မှီငြမ်းရမှာလဲဆိုရင် တလောကလုံးက သူမှီကိုယ်မှီ မှီနေကြတာ။ ဒါပေမယ့် ကျွန်တော်ကတော့ တကယ့်အရည်အချင်းပြည့်တဲ့ပွဲတစ်ပွဲအဖြစ် လုပ်ချင်တဲ့အတွက်ကြောင့် အကောင်းဆုံးလုပ်သွားမှာဖြစ်ပါတယ်”လို့ ဂျွန်လွင်က ပြောသည်။

အကယ်ဒမီပေးပွဲအခမ်းအနားကို ဆန်းသစ်သောပုံစံများဖြင့် ကျင်းပနိုင်ရန် နည်းလမ်းဟောင်းများကို ဖယ်ရှားဆောင်ရွက်မှာဖြစ်ပြီး နည်းပညာပိုင်း အကူအညီများ၊ အစီအစဉ်တင်ဆက်မှုများအတွက် ဂျွန်လွင်က ထိုင်းနိုင်ငံရှိ Event Planner များဖြင့်လည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

“တကယ့်ကိုခေတ်မီတဲ့ အသွင်အပြင်နဲ့ တက်တက်ကြွကြွနဲ့ပွဲကိုလည်း တိုတိုတုတ်တုတ်နဲ့ပြီးအောင် ကျွန်တော်လုပ်မှာပါ။ ဘာလို့လဲဆိုတော့  ကျေးဇူးတင်စကားတွေ ငါးမိနစ်၊ ဆယ်မိနစ်ပြောတဲ့  ကိစ္စတွေကအစပေါ့ ကျွန်တော်ညှိရမှာပေါ့။ ဒါ သူတို့ကတော့ လက်ခံချင်လည်း လက်ခံမယ်၊ လက်မခံချင်လည်း လက်မခံဘူးပေါ့။ ဒီအကယ် ဒမီပေးပွဲကြီးဆိုတာက ကိုယ်ဝင်လာတော့မှ ဒီလိုကြီးပြောင်းလဲသွားတာမျိုးတော့လည်း မလုပ်ချင်ဘူးပေါ့။ ဆုပေး၊ ဗန်းကိုင်တွေကအစ သိတယ် မှတ်လား ဗန်းကြီးကိုင်ပြီးတော့ လှုပ်လှုပ် လှုပ်လှုပ်နဲ့ထွက်လာတာမျိုးတွေ အဲ့ဒါတွေအကုန်လုံးကို လည်း ဖယ်ရှားပစ်လိုက်မယ်။ ဘာလို့လဲဆိုတော့  ဒါတွေဟာ တစ်ကမ္ဘာလုံးမှာ မရှိတော့တဲ့အသွင်အပြင်တွေပါ။ ဒီမှာ မရှိလည်းမရှိသင့်တော့ပါဘူး။ တိုင်းပြည်လည်းပြောင်းနေပြီ၊ ဟိုတယ်တွေ လည်းဆောက်နေပြီ၊ အဆောက်အအုံအသစ် ကြီးတွေလည်းရောက်နေပြီ။ ခေတ်အခါလည်း ပြောင်းနေတဲ့အတွက်ကြောင့် ပွဲရဲ့စီစဉ်တင်ဆက်မှုကလည်း ဆန်းသစ်နေအောင် ဖြစ်ရမှာပေါ့။ ကျွန်တော့်တစ်ယောက်တည်း ဦးနှောက်နဲ့လည်း လုပ်လို့မရပါဘူး။ တခြားနိုင်ငံက အကူအညီတွေ လိုတဲ့အတွက်ကြောင့် ဒီ ၅ ရက်နေ့ကနေ ၈ရက်နေ့ကို စင်္ကာပူမှာရှိတဲ့ ကျွန်တော့်ရဲ့ Event Management သူငယ်ချင်းတွေနဲ့လည်းတိုင်ပင်မယ်။ဘန်ကောက်က တစ်ချို့ကုမ္မဏီတွေနဲ့လည်း တိုင်ပင်မယ်။ နည်းပညာပိုင်းပံ့ပိုးမှုတွေနဲ့ ဘယ်လိုပြသမလဲဆိုတာတွေပေါ့”လို့ ဂျွန်လွင်က ပြောသည်။

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို  ၂၀၁၇ ခုနှစ် မတ်လ ၁၈ရက်တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။