Bohemian Style ဆိုတာ

Friday, November 18, 2016

Bohemian ဒါမှမဟုတ် Boho ဆိုတဲ့ စကားလုံးက သီးခြားဖြစ်တည်နေတဲ့ စတိုင်လ်တစ်မျိုးကို  ဆိုလိုတာဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ အထူးသဖြင့် အ၀တ်အစားဖက်ရှင်နဲ့ Accessories တွေကို ရည်ညွှန်းတဲ့ စကားလုံးအဖြစ် လူသိများပါတယ်။ အမှန်ကတော့ Bohemian ဆိုတာ လူမျိုးစုတစ်စုရဲ့ နေထိုင်မှု ဓလေ့စရိုက်နဲ့ ၀တ်စားဆင်ယင်မှု ပုံစံကို ခေါ်ဆိုတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Bohemian ဆိုတဲ့ စကားလုံးကို လူမျိုးစု တစ်စုတည်းကို ဖော်ပြဖို့အတွက် သက်သက်မသုံးတော့ဘဲ လွတ်လပ်တဲ့ အတွေးအခေါ်၊ သဘာဝနဲ့ နီးနီးစပ်စပ် နေထိုင်လိုတဲ့ လူနေမှုအကျင့်စရိုက်၊ အနုပညာကို မြတ်နိုးတဲ့ ဘ၀ပုံစံ စတဲ့ အမူအကျင့်တွေကို သတ်မှတ်ဖော်ညွှန်းရာမှာ အသုံးပြုခဲ့ပါတယ်။ ခေတ်ကာလ ရွေ့လျားလာတဲ့ နောက်မှာတော့ Bohemian ဟာ ခံယူချက်တစ်ခုနဲ့ နေထိုင်ကြတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုကိုသာ ကိုယ်စားပြုခြင်း မဟုတ်တော့ဘဲ ကျယ်ပြန့်ပြီးထင်ရှားတဲ့ ဖက်ရှင်စတိုင်လ် တစ်မျိုးကို ကိုယ်စားပြုထားတဲ့ စကားစုတစ်ရပ်အဖြစ် ပြောင်းလဲသွားပါတော့တယ်။

Bohemian Style မှာ  ဟစ်ပီတွေရဲ့ သဘော သဘာဝ၊ ဆန်းသစ်တီထွင်မှုနဲ့ အနုပညာဆန်မှု၊ သမားရိုးကျမဆန်ဘဲ သာမန်ထက်ထူးခြားမှု၊ လိုက်လျောညီထွေ ဖြစ်မှု၊ အလွန်ရိုးဆင်းပြီး ပကာသန မဖက်မှု၊ အေးဆေး သက်သာပြီး ငြိမ်းချမ်းမှု စတဲ့ လက္ခဏာတွေကို မြင်တွေ့နိုင်ပါတယ်။ Bohemian ဆိုတဲ့ အသုံးအနှုန်းက ၁၈၀၀ ပြည့်နှစ်ကျော်ကျော်လောက်မှာ ပြင်သစ်တော်လှန်ရေးနဲ့အတူ စတင်လူသိများလာခဲ့ပြီး ဖက်ရှင်လောကကို ခြေချလွှမ်းမိုးလာခဲ့တာကတော့ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်လောက်က ဖြစ်ပါတယ်။  

ဖက်ရှင် အဖြစ်ပြောင်းလဲလာတဲ့အခါ 
Bohemian Style (သို့မဟုတ်) Boho Chic လို့ ခေါ်တဲ့ ဖက်ရှင်က ၀တ်ဆင်ထားသူကိုရော မြင်ရတဲ့သူကိုပါပေါ့ပါးပြီး လွတ်လွတ်လပ်လပ်ရှိတဲ့ စိတ်ခံစားမှုမျိုးဖြစ်စေကာ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်မျိုးပေးစွမ်းနိုင်တာက Bohemian Style ရဲ့ တကယ့်အနှစ်သာရ ဖြစ်ပါတယ်။ ဒီဖက်ရှင်မှာ ပုံမှန်အားဖြင့် သဘာဝနဲ့ အင်မတန်နီးစပ်တဲ့ ခပ်မှိန်မှိန်အရောင်တွေ၊ ဥပမာ - အညိုနု၊ ခရင်မ်၊ အမည်း၊ အဖြူ၊ အသားရောင်  ခပ်ပျော့ပျော့ ပိတ်သား  ဒါမှမဟုတ် လှပဆန်းကြယ်တဲ့အရောင်စုံ Pattern တွေပါဝင်တဲ့ ပိတ်စတွေကို အသုံးပြုပြီး ချုပ်ထားတဲ့ပေါ့ပါးပြီး ဖရိုဖရဲမျောလွင့်နေမယ့် အ၀တ်အစားတွေပါဝင်ကာ အရောင်လွင့်နေတဲ့ ဂျင်း၊ ကြိုးသိုင်းဖိနပ်၊ ပန်းဖွားပါတဲ့ အိတ်ရှည်ရှည် စတာတွေနဲ့ တွဲဖက်ဝတ်ဆင်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ ဒါတွေက Bohemian Style ရဲ့ ၀ိသေသ လက္ခဏာတွေသာ ဖြစ်ပြီး ဒီ Style အတွက် ကန့်သတ်ထားတဲ့ စည်းမျဉ်းရယ်လို့ တစ်စုံတစ်ရာတောင် မရှိပါဘူး။ Bohemian ဆိုတဲ့ စကားစုကိုယ်တိုင်ကလွတ်လပ်တဲ့ စိတ်ဝိဉာဉ်ကို ကိုယ်စားပြုထားတာကြောင့် ဖြစ်ပါတယ်။ 

ဒီဖက်ရှင် ရဲ့ Accessories တွေကလည်း သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ များသောအားဖြင့် ပန်းပွင့်များ၊ ငှက်မွှေးငှက်တောင်များ၊ သစ်ပင်ပန်းမာလ်များနဲ့ တိရိစ္ဆာန်များကို ကိုယ်စားပြုတဲ့ အသွင်သဏ္ဍာန်၊ သင်္ကေတတွေကို လှလှပပနဲ့ အနုစိတ်ပုံဖော်ထားတဲ့ လက်ဝတ်ရတနာတွေနဲ့ Acessories တွေကို  Boho Style Jewelry များလို့ သတ်မှတ်လေ့ရှိပါတယ်။ အ၀တ်အစားနဲ့ ဆန့်ကျင်ဘက်အဖြစ် လက်ဝတ်ရတနာနဲ့ အသုံးအဆောင်များမှာတော့ အရောင်စုံစုံထည့်သွင်း အသုံး 
ပြုလေ့ရှိတာကြောင့် ဒီဖက်ရှင် Trend ဟာ အလွန် ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်။ 

Bohemian Style ကို ကြိုက်နှစ်သက်ပြီး ကိုယ်ပိုင်စတိုင်လ်များအဖြစ် ပြောင်းလဲခဲ့ကြတဲ့ နာမည်ကျော်တွေထဲမှာ Jonny Depp ၊ Kate  Moss ၊ Nicole Richie ၊ Mary နဲ့ Kate Olsen အမွှာညီမ၊  Mischa Barton တို့က နာမည်ကြီးပါတယ်။ Pirates of the Caribbean ဇာတ်ကား ထဲမှာ Jonny Depp သရုပ်ဆောင်ခဲ့တဲ့  Jack Sparrow ဇာတ်ကောင်စရိုက်မှာ  Bohemian အငွေ့အသက်တွေ အများကြီးလွှမ်းမိုးနေတာတွေ့ခဲ့ရပြီး ပြင်ပလောကမှာလည်း သူက ဒီဖက်ရှင်ကို ခုံမင်နှစ်သက်သူတစ်ဦး ဖြစ်ပါတယ်။ သူနဲ့လိုက် ဖက်လွန်းတာကြောင့် Jonny Depp ကို Boho King အဖြစ် တင်စားခဲ့ကြပါတယ်။ Kate Moss ရဲ့ Boho Style Wedding Party Dress ကလည်း ဖက်ရှင်သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ ၀တ်စုံများထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ Nicole Richie ကိုတော့ Bohemian Style နဲ့ အလိုက်ဖက်ဆုံး မင်းသမီးတစ်ဦး ဖြစ်တယ်လို့ ဆိုကြပါတယ်။ သူမရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ Bohemian Style အင်္ကျီအ၀တ်အစားများနဲ့ Jewelry တွေက သူမရဲ့မျက်နှာ၊ အသားအရေ၊ ကိုယ်နေဟန်ထားနဲ့ အလွန်အပ်စပ်မှုရှိသလို သက်တောင့်သက်သာရှိပြီး လွတ်လပ်ငြိမ်းချမ်းကာ ပကာသနမဖက်တဲ့ အသွင်အပြင်မျိုး ထင်ဟပ်စေတယ်လို့ ဖက်ရှင်ဂုရုများက ဆိုပါတယ်။ အဆိုပါ အရာအားလုံးဟာ Bohemian Style က ပေးချင်တဲ့ Message များ ဖြစ်ပါတယ်။ 

Bohemian Style ၀တ်ဆင်မယ်ဆိုရင် 
ဖက်ရှင်ရေစီးကြောင်းတွေ ဘယ်လိုပြောင်းပြောင်း နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ Bohemian Style မှာ Fashion Elements လို့ခေါ်တဲ့ Style တစ်ခုကို ပုံဖော်ပေးမယ့် အခြေခံအချက်တွေ အမြစ်တွယ်ပြီး ကျန်နေခဲ့ပါတယ်။ 

-    သဘာဝအတိုင်းရတဲ့ ပိတ်စတွေနဲ့ ချုပ်လုပ်ထားတဲ့ လျော့တိလျော့ရွဲနဲ့ လွင့်မျော့နေမယ့် အင်္ကျီ အ၀တ်အစားတွေ 
-    စကပ်ရှည်ရှည်တွေ
-    ဇာနားနဲ့ပန်းဖွားတွေ တပ်ထားတဲ့ လက်ရဲ့ အရှည်ထပ် ပိုရှည်တဲ့ လက်ရှည်အင်္ကျီတွေ 
-    အရောင်လွင့်နေတဲ့ ဂျင်း (သို့မဟုတ်) အနားတွေဖွာပြီး ပြဲနေတဲ့ ဂျင်းအ၀တ်အထည်တွေ
-    လည်ပင်း (သို့) ခါး၊ လက် နဲ့ ခေါင်းမှာချည်ဖို့ အရောင်စုံ ပုဝါတွေ
-    Bohemian လူမျိုးကို ကိုယ်စားပြုတဲ့ အ၀တ်အစားများဖြစ်တဲ့ သင်တိုင်းအင်္ကျီ၊ ဘောင်းဘီ ပွပွတွေ နဲ့ ကြိုးသိုင်းဖိနပ်တွေ 
-    အရှေ့တိုင်း အငွေ့အသက်တွေ လွှမ်းမိုးထားတဲ့ အပေါ်ဝတ်ရုံတွေ၊ ကီမိုနိုဆန်ဆန် အပေါ်ဖုံး အင်္ကျီတွေ၊ ပါရှား၊ အိန္ဒိယ၊ တူရကီ နဲ့ တရုတ်တို့ရဲ့ ရိုးရာအဆင်တွေ 
-    ပုတီးစေ့၊ ပန်းပွင့်၊ ငှက်မွှေးငှက်တောင်တွေနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေ၊ ဆွဲကြိုး ရှည်ရှည်တွေ ၊ နားကွင်းနဲ့ နားဆွဲကြီးကြီးတွေ 
-    အနားကျယ်တဲ့ ဦးထုပ်ကားကားတွေ 
-    အဆင်ဆန်းဆန်း စွပ်ကျယ် ချိုင်းပြတ်တွေ 
-    ဟောင်းနွမ်းတဲ့ ပုံစံပေါက်နေတဲ့ Boots တွေ
-    လွယ်ကြိုးရှည်ရှည်ပါပြီး ပန်းဖွားနဲ့ အလှဆင်ထားတဲ့ အိတ်တွေ 

ဒါတွေက Bohemian(သို့)  Boho Chic လို့ ဆိုလိုက်တာနဲ့ မျက်စိထဲမှာ တန်းမြင်ရမယ့် ဖက်ရှင်အမျိုးအစားနဲ့ အသုံးအဆောင်များပါ။  

Boho Chic Style ကို ဝတ်ဆင်မယ့်အခါမှာ သင်နဲ့ လိုက်ဖက်မယ်လို့ ထင်ရမယ့် ဘယ်လို အပိုင်းအစမျိုးကိုမဆို သင်တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင် Style တစ်ခုကိုလည်း စိတ်ကြိုက်ဖန်တီးလို့ရပါတယ်။ 

ပုံမှန်ရှိနေတဲ့ စည်းမျည်းများကို ချိုးဖောက်ပြီး အဝတ်အစားနဲ့ အသုံးအဆောင်များကို တွဲဖက် (ဥပမာ- Maxi Skirt နဲ့ Leather Cowboy Boots) ဝတ်ဆင်လို့ ရတာကလည်း ဒီဖက်ရှင်ရဲ့ အားသာချက်ပါပဲ။ 

Accessories တွေနဲ့ အားဖြည့်မယ်ဆိုတဲ့အခါမှာ ပတီးစေ့လက်ကောက်တွေနဲ့ သတ္တုလက်ကောက်တွေကိုရောစပ်ပြီး များနိုင်သလောက် များများဝတ်ဆင်နိုင်ပါတယ်။ ဒါကိုမှ အားမရသေးဘူးဆိုရင် ပန်းပွင့်လေးတွေ သီထားတဲ့ ကြိုးကိုလည်း လက်မှာ ပတ်လိုက်နိုင်ပါသေးတယ်။ ဆွဲကြိုးရှည်ရှည်တွေကို သလင်းကျောက်အရောင်စုံနဲ့ ပြုလုပ်ထားတဲ့ ဆွဲသီးများနဲ့ တွဲဖက်ဆင်မြန်းနိုင်ပြီး ဆန္ဒရှိမယ်ဆိုရင် ခပ်ပါးပါး ပုဝါတစ်ထည်ကိုလည်း ကပိုကရိုချည်နိုင်ပါတယ်။ Maxi Dress အပေါ်က သင်တိုင်းလို Waist Coat ကို ထပ်ဝတ်ပြီး ဖားဖားလျားလျား ဖြစ်နေမယ့် အပေါ်ဖုံးအင်္ကျီကို ဝတ်ဆင်နိုင်သလို ပုဝါတစ်ထည်ကိုလည်း အထာကျကျ အသုံးပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကပိုကရိုနဲ့  အလွှာလွှာ အထပ်ထပ် ဝတ်ဆင်ခြင်းကိုက Boho Chic Style ရဲ့ အနှစ်သာရ ဖြစ်နေလို့ပါပဲ။

သင့်ရဲ့ ဆံပင်တွေကို သဘာဝအတိုင်း ဖြန့်ချထားတာမျိုး လုပ်နိုင်သလို မသပ်မရပ် ကျစ်ဆံမြီးလေးလည်း ကျစ်နိုင်ပါတယ်။ ဆံပင်မှာ ငှက်မွှေး ငှက်တောင်နဲ့ ပန်းပွင့်သေးသေးလေးတွေ အလှဆင်လို့လည်း ရပါတယ်။ သဘာဝကျကျနဲ့ ရိုးစင်း
တဲ့ မိတ်ကပ်ကတော့ ဒီဖက်ရှင်နဲ့ အလိုက်ဖက်ဆုံးပါပဲ။ အညိုနုနဲ့ အသားရောင် Eyeshadow တွေ အသုံးပြုနိုင်ပြီး mascara ကိုတော့ ခပ်ပါးပါးပဲ အသုံးပြုပါ။ ပန်းရောင်နုနု သို့မဟုတ် Peach အရောင် ပါးနီတွေက သင့်ကို ပိုပြီး သဘာဝဆန်တဲ့ အလှမျိုးပေးနိုင်ပါတယ်။