အစိမ်းရောင်တံခါးများ ဖွင့်လှစ်ခြင်း

    စိမ်းလန်းခြင်းရဲ့ နေ့သစ်တွေထဲမှာ ခရီးချစ်သူတွေနဲ့အတူတူ အစိမ်းရောင်တံခါးတွေကို ဖွင့်လှစ်ကြည့်ဖို့ စိတ်ကူးရခဲ့တယ်။
    ကမ္ဘာကိုခြယ်မှုန်းထားတဲ့ အစိမ်းရောင်တွေထဲမှာ ဘယ်အစိမ်းက အလန်းဆုံးဖြစ်မလဲဆိုတာ အားလုံးပဲတူတူ ရှာဖွေစိမ်းလန်းလိုက်ကြရအောင်နော်…။

လွန်ပရာဘန်
    ကိုယ့်နိုင်ငံရဲ့ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ လာအိုက လွန်ပရာဘန်ဒေသကို နိုင်ငံတကာကသဘာဝအခြေခံ ခရီးသွားဝါသနာရှင် ဧည့်သည်တွေဟာ အလည်အပတ်ရောက်ရှိနေကြတယ်လို့ တွေ့ရှိရပါတယ်။
    သူရဲ့ထူးခြားချက်က ရှေးဟောင်းဗုဒ္ဓဘာသာ စေတီပုထိုးတွေနဲ့ ပြင်သစ်ကိုလိုနီအဆောက်အအုံတွေကြောင့် ထင်ရှားပြီး ယူနက်စ်ကိုက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာလည်း ဖြစ်တယ်။
    ၂၀၀၃ ခုနှစ်ကစတင်ပြီး သဘာဝအခြေခံခရီးသွားဧည့်သည်တွေ ရောက်ရှိလည်ပတ်နိုင်ဖို့အတွက် ကြိုးပမ်းထိန်းသိမ်းမှုတွေ ဆောင်ရွက်ခဲ့တာမှာ ဧည့်သည်တွေ အဆင်ပြေစွာနဲ့ စိမ်းလန်းအေးချမ်းစွာ တည်းခိုနိုင်မယ့်နေရာတွေနဲ့အတူ ငါးဖမ်း၊ မြားပစ်၊ ဆန်ရေစပါးစိုက်ပျိုးရိတ်သိမ်းခြင်းနဲ့ ရွှေကျင်ခြင်းစတဲ့ ဒေသခံတွေရဲ့ လှုပ်ရှားမှုတွေကိုပါ လေ့လာတွေ့မြင်နိုင်ခွင့်တွေ ရရှိနိုင်ပါပြီ။
    သူ့ဒေသရဲ့လည်ပတ်စရာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ နေရာများစွာထဲမှာတော့ ကွန်စီရေတံခွန်နဲ့ ပခ်အူးဂူနေရာတွေဟာ အထင်ရှားဆုံး ဖြစ်တယ်လို့ သိရပါတယ်။

နယူးဇီလန်
    တောင်ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံ ဖြစ်တဲ့နယူးဇီလန်ဟာ မြေကမ္ဘာပေါ်က အလှဆုံးတစ်နေရာ စာရင်းဝင်ဖြစ်တယ်လို့ ဆိုကြပါတယ်။
    သဘာဝကို အထူးတန်ဖိုးထားထိန်းသိမ်းတဲ့၊ ကောင်းမွန်တဲ့ အလေ့အကျင့်တွေရှိကြတဲ့အတွက်လည်း သူ့ဆီအလည်အပတ်ရောက်လာကြတဲ့ ဧည့်သည်တွေကြားမှာ ဂုဏ်သိက္ခာမြင့်မားမှုရှိ လှပါတယ်။
    အများပြည်သူအတွက်ရော သဘာဝတရားအတွက်ပါ အကျိုးရှိစေမယ့် ခရီးသွားလုပ်ငန်းကို သေချာကျနစွာ စီမံဆောင်ရွက်ထားနိုင်ခြင်းကြောင့် အထူးဆုတွေကိုရရှိထားတဲ့ နေရာဒေသ
တစ်ခုဖြစ်တာနဲ့အညီ စွန့်စွန့်စားစားသဘာဝအ ခြေခံခရီးသွားမလား… ရာနှုန်းပြည့်သဘာဝအတိုင်း စိုက်ပျိုးထုတ်ထားတဲ့ စားဖွယ်ရာတွေကိုသာ အသုံးပြုရောင်းချပေးနေတဲ့ စားသောက်ဆိုင်မျိုးတွေကိုပဲရွေးမလား… လုံခြုံကောင်းမွန်တဲ့နေရာ ထိုင်ခင်းမျိုးမှာ စိတ်တိုင်းကျရွေးချယ်တည်းခိုမလားစသဖြင့် စိတ်ကျေနပ်မှုအပြည့်အ၀နဲ့ ခရီးတစ်ခုကို ဖန်တီးနိုင်ဖို့ အားသာတဲ့နေရာ ဖြစ်ပါတယ်။

ဗြိတိသျှ ကိုလံဘီယာ
    ကနေဒါအနောက်ပိုင်း British Columbia က Great Bear မိုးသစ်တောဟာလည်း ကမ္ဘာလုံးကြီးထဲမှာ ထည့်သွင်းပေးထားတဲ့ သဘာဝရတနာသိုက်တစ်ခုဖြစ်တယ်လို့ တင်စားကြပါတယ်။
    ရှားပါးပြီး တွေ့ရခဲတဲ့ တောရိုင်းတိရိစ္ဆာန်မျိုးစိပ်တွေကို တန်ဖိုးထားထိန်းသိမ်းထားတဲ့ ဒီနေရာဟာ Kermode ၀က်ဝံ ဒါမှမဟုတ် spirit ၀က်ဝံလို့ခေါ်ကြတဲ့ ၀က်ဝံဖြူကြီးတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် မြောက်ဘက်ပစိဖိတ်ကမ်းရိုးတန်းမှာ ကျက်စားကြတဲ့ ချစ်စရာရေပျော်ငှက်လေးတွေနဲ့အတူ ခရီးသွားချင်တယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ ခွင့်ပြုနယ်မြေထဲမှာ ကယက်လှေကလေးတွေ လှော်ခတ်ရင်း သဘာဝအလှကို လက်တွေ့ကျကျခံစားနိုင်မှာ ဖြစ်ပါတယ်။
    သစ်တောသစ်ပင်ချစ်ခင်သူ ဧည့်သည်တွေအတွက်တော့ နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ သစ်ကတိုးနီပင်ကြီးတွေနဲ့ မျက်စိတစ်ဆုံး မော့ကြည့်မဆုံးနိုင်ဖွယ်မြင့်မားလှတဲ့ မိုးမျှော်သစ်ပင်ကြီးတွေက အံ့အားသင့်ဖွယ် ကြိုဆိုလျက် ရှိနေလို့ သိရပါတယ်။

ကိုစတာ ရီကာ
    Costa Rica လို့အမည်ရတဲ့ ဗဟိုအမေရိကနိုင်ငံတစ်ခုမှာလည်း လှပတဲ့သဘာဝတရားတွေကိုခံစားနိုင်မယ့် သဘာဝခရီးသွားနေရာတွေဟာ ရွေးချယ်စရာ များပြားလှတယ်လို့ ဆိုထားပါတယ်။
    ခရီးသွားတွေ စိတ်အေးချမ်းသာစေမယ့် တည်းခိုနေထိုင်စရာ လုံလောက်မှုရှိသလို သူသည်လည်း သဘာဝကို မြတ်နိုးတန်ဖိုးထားစွာ ထိန်းသိမ်းတတ်တဲ့ အလေ့အကျင့်မှာ ဆုလက်မှတ်ရရှိထား တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။
    ခရီးသွားတွေ စိတ်တိုင်းကျရွေးချယ်နိုင်မယ့် သွားလာစရာနေရာတွေ၊ ကျွမ်းကျင်မှုရှိတဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ၊ တည်းခိုနေထိုင်စရာများစွာရှိနေတဲ့အထဲမှာ Lapa Rios Rainforest Ecolodge ဟာ သဘာဝအနေအထားအားဖြင့် ရှုမောမဆုံးဖွယ် သာယာလှပလွန်းတဲ့နေရာမှာရှိတာကြောင့် ထူးခြားထင်ရှားမှုရှိပါတယ်။ သူဟာ စိမ်းစိုလတ်ဆတ်နေတဲ့ မိုးသစ်တောတွေ ၀န်းရံထားတဲ့ တောင်ကုန်းလေးတွေအလယ်မှာ အသိုက်အမြုံလေးတွေသဖွယ် တည်ရှိနေပြီး တစ်ဖက်မှာလည်း ပင်လယ်ရှုခင်းအလှအပများကို ခံစားနိုင်မယ့် နေရာဖြစ်ပါတယ်။
    ဒီနေရာဟာ စိမ်းလန်းခြင်းတွေကြားမှာ အပန်းဖြေအနားယူနိုင်ရုံသာမက တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ သဘာဝကို ပါဝင်ထိန်းသိမ်းတတ်ဖို့နဲ့ မိမိရဲ့ပတ်ဝန်းကျင်အဖွဲ့အစည်းမှာလည်း ပြန်လည်မျှဝေပေးနိုင်ဖို့ သဘာဝကိုထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ ကာကွယ်ခြင်းပညာရပ်ကို ဧည့်သည်အားလုံးအတွက် သင်ကြားပေးနေတဲ့ အဖိုးတန်နေရာတစ်ခုပဲ ဖြစ်ပါတယ်။