ပျော်ပျော်စီးမယ့် သင်္ဘောခရီး

    သင်္ကြန်ပွဲတော်ကြီးကျင်းပရာ ပျော်ရွှင်စရာ အားလပ်ရက်ရှည်ကာလမှာ ပြည်တွင်း၊ ပြည်ပများပြားလှတဲ့ သွားချင်စရာခရီးတွေကို စူးစမ်းရင်း ထူးထူးခြားခြား အပန်းဖြေနားနေနိုင်မယ့် ပုံစံလေးတစ်ခုကို တွေ့ရှိခဲ့ရတယ်။ အဲဒါကတော့ ကိုယ့်မြေ ကိုယ့်ရေထဲမှာပဲ အပျော်စီးသင်္ဘောလေးစီးပြီး မြစ်ကြောင်းတစ်လျှောက် အေးအေးလူလူ သွားနေ နားနေနိုင်မယ့် ခရီးလေးတစ်ခုပါ။
    ရာသီဥတုအခြေအနေအရ နွေလို ရေနည်းချိန်မှာ အပျော်စီးသင်္ဘောခရီးစဉ်တွေ ရပ်နားထားလေ့ရှိတတ်တာကြောင့်လည်း ခုလိုဇိမ်ခံသင်္ဘောလေးစီးရင်း မြစ်ကြောင်းတစ်လျှောက်သွားနိုင်မယ့်၊
ဆိုက်ကပ်ရာ မြို့လေးတွေမှာလည်း သင်္ကြန်ပွဲကို ပါဝင်ဆင်နွှဲနိုင်ဦးမယ့် ရှားပါးခရီးစဉ်လေးကို တင်ဆက်ပေးလိုက်ရတာ ဖြစ်ပါတယ်။
    သာမန်အားဖြင့် အပျော်စီးသင်္ဘောတွေကို ရန်ကုန်မြစ်ကြောင်းတစ်လျှောက်မှာ နေ၀င်ဆည်းဆာအလှကို ငေးမောခံစားနိုင်ဖို့ ညနေချိန်တွေမှာ လိုက်ပါစီးနင်းနိုင်ပြီး ယခုသင်္ကြန်တွင်းအတွက် အထူးအစီအစဉ်ကတော့ ညအိပ်နားနေရင်း လိုက်ပါနိုင်မယ့် ခရီးစဉ်အမျိုးအစားဖြစ်ပါတယ်။

Royal Green River Cruise
    သင်္ကြန်တွင်းခရီးစဉ်ကို စီစဉ်ထားတာကတော့ Royal Green  River Cruise ဖြစ်ပါတယ်။ Royal Green ရဲ့ ရာသီချိန်ခါပေါ်မူတည်ပြီး ပုံမှန်ပြေးဆွဲလေ့ရှိတဲ့ လမ်းကြောင်းတွေကတော့ ရန်ကုန်
မြစ်တွင်းခရီးစဉ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ခရီးစဉ် နဲ့ ရန်ကုန်- ပြည်- ပုဂံ- မန္တလေးခရီးစဉ်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
    လက်ရှိပြေးဆွဲပေးလျက်ရှိနေတဲ့ အပျော်စီးသင်္ဘောအမျိုးအစားတွေကတော့ Royal Green River Princess ( Overnight Cruise) ၊ Royal Green River Prince (Sunset Cruise , Dinner Cruise) နဲ့ လူဦးရေ (၁၂) ယောက်ဝန်းကျင် လိုက်ပါစီးနင်းနိုင်ပြီး နှစ်နာရီစာကို ဒေါ်လာ ၁၅၀ သတ်မှတ်ထားတဲ့ Royal Green River Baby (Sight-seeing Cruise) များပဲ ဖြစ်ပါတယ်။
    ယခု သင်္ကြန်တွင်းမှာ သွားမယ့်သင်္ဘောကတော့ အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့  ညအိပ်စီးနင်းလိုက်ပါနိုင်မယ့် Princess ပဲ ဖြစ်ပါတယ်။ သင်္ကြန်ရက်များကို မြစ်အတွင်းခရီးသွား ရင်း အေးချမ်းစွာ ဖြတ်သန်းလိုသူတွေအတွက်  စီစဉ်ထားတာဖြစ်တယ်လို့ Royal Green River က ဆိုပါတယ်။ ရန်ကုန်-ဓနုဖြူ-ဇလွန်-ရန်ကုန် ခရီးစဉ်ကို သင်္ကြန်ရက်တွေဖြစ်တဲ့  အကြို၊ အကျ၊
အကြတ်ရက်များမှာ နှစ်ညအိပ်သုံးရက်ခရီးအဖြစ် ပြေးဆွဲသွားမှာပါ။ အကြတ်နေ့ညနေမှာ ရန်ကုန်ကို ပြန်ရောက်မယ်လို့ သိရှိရတဲ့အတွက် အတက်နေ့သင်္ကြန်ကို ရန်ကုန်မှာလည်ချင်တယ်ဆိုလည်း အိုကေပြန်ပါတယ်။
    ခရီးစဉ်တစ်လျှောက်မှာ ဓနုဖြူနဲ့ ဇလွန်မြို့ပေါ် အလည်အပတ်အစီအစဉ်တွေအပြင် ညောင်ချောင်းသာမှာ အပန်းဖြေနိုင်ဖို့လည်း Royal Green River ဘက်က တာဝန်ယူစီစဉ်ပေးထားတယ်လို့ သိရပါတယ်။
    အဓိကအနေနဲ့ မြစ်အတွင်းမှာ သင်္ဘောစီးအပန်းဖြေရင်း အနားယူကြမှာဖြစ်တဲ့အတွက် Princess ရဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ရေချိုးခန်း၊ အိမ်သာတွဲလျက်ပါရှိတဲ့ နှစ်ယောက်အိပ် အိပ်ခန်း (၈) ခန်းပါရှိတဲ့အတွက် ခရီးသည်ဦးရေ (၁၆)ဦး လိုက်ပါနိုင်မှာဖြစ်ပြီး အနည်းဆုံးလူဦး ရေ (၁၀)ဦးပြည့်မယ်ဆိုရင် ခရီးစဉ်ကို ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း နံနက်စာ၊ နေ့လယ်စာ၊ ညစာနဲ့ သွားလာလည်ပတ်ခြင်း အစီအစဉ်များအပါအ၀င် နိုင်ငံသားခရီးသည်တစ်ဦးအတွက် ကျသင့်ငွေ ၂၉၁ ဒေါ်လာ၊ နိုင်ငံခြားသားတစ်ဦးကို ၃၁၇ ဒေါ်လာသတ်မှတ်ထားတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေအတွက် ဧည့်
လမ်းညွှန်လည်း စီစဉ်ပေးထားမှာဖြစ်ပါတယ်။
    ပုံမှန်ခရီးစဉ်တွေအနေနဲ့ ယခုနှစ်ရာသီချိန်ဖြစ်တဲ့ အောက်တိုဘာ-ဧပြီအတွင်း ပြည်-ပုဂံ-မန္တလေး ခရီးစဉ်တွေကို ပြေးဆွဲခဲ့ပြီး လာမယ့်နှစ် ရာသီချိန်မှာတော့ ရန်ကုန်-မန္တလေး စင်းလုံးငှားစနစ်၊ ရန်ကုန်-တွံတေး-ရန်ကုန် နဲ့ ရန်ကုန်-ထန်းတပင်-ရန်ကုန် နေ့ချင်းပြန်ခရီးများအပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေ ဘက်ကိုလည်း သွားရောက်နိုင်မှာ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ခရီးစဉ်တွေကတော့ ရန်ကုန်-မအူပင်-ရန်ကုန်၊ ရန်ကုန်-
ဖျာပုံ-ရန်ကုန်၊ ရန်ကုန်-ကျိုက်လတ်-ရန်ကုန်၊ ရန်ကုန်-ဓနုဖြူ-ဇလွန်-ရန်ကုန် (တစ်ညအိပ်/နှစ်ညအိပ်ခရီးများ)၊ ရန်ကုန်-ပုသိမ်-ရန်ကုန် (နှစ်ညအိပ်-သုံးရက်ခရီး)နဲ့ ကမ်းခြေခရီးစဉ်တွေဖြစ်တဲ့ ရန်ကုန်-ပုသိမ်-ချောင်းသာ သို့မဟုတ် ငွေဆောင်- ပုသိမ်- ရန်ကုန် (သုံးညအိပ်/ လေးညအိပ်)စတဲ့ ခရီးစဉ်တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။


    ညနေခင်းအချိန်တွေမှာ ဆည်းဆာကြည့်ရင်း အပန်းဖြေအပျော်စီးနိုင်ဖို့ ပြေးဆွဲပေးနေတာကတော့ လူဦးရေ ၂၅၀ ၀န်းကျင်သယ်ဆောင်နိုင်တဲ့ Royal Green River Prince ဖြစ်ပါတယ်။ ရန်ကုန်မြစ်တွင်းမှာ ညနေ ၅ နာရီကနေ ၇ နာရီအတွင်း တစ်ပတ်ကို ၅ ရက်ပြေးဆွဲပေးလျက်ရှိပါတယ်။ သူ့ရဲ့လမ်းကြောင်းကတော့ ဗိုလ်တစ်ထောင်ဆိပ်ကမ်း-မြစ်သုံးခွဆုံ သန်လျင်တံတားအနီး-အလုံ Asia World ဆိပ်ကမ်းအနီး-ဗိုလ်တစ်ထောင် ဆိပ်ကမ်းဖြစ်ပါတယ်။
    Sunset Cruise အနေနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး နှစ်ရက်ပြေးဆွဲပြီး လူမျိုးဘာသာမရွေးသုံးဆောင်နိုင်မယ့် ကြက်ကြော်၊ ပုစွန်တန်ပူရာ၊ အာလူးချောင်းကြော်နဲ့ နှစ်သက်ရာ အအေးတစ်ဗူးစတဲ့ အဆာပြေစာ ၀န်ဆောင်မှုအပါအ၀င် နိုင်ငံသားတစ်ဦးကို တစ်သောင်းခွဲကျပ်၊ နိုင်ငံခြားသားတစ်ဦးကို ဒေါ်လာ ၂၀ နှုန်းထား သတ်မှတ်ထားပါတယ်။ အသက် သုံးနှစ်အောက် ကလေးငယ်တွေအတွက် FOC  နဲ့ သုံးနှစ်မှ  ၁၂ နှစ်အတွင်း ကလေးတွေကတော့  ၅၀% လျှော့ဈေးနဲ့ လိုက်ပါနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
    သောကြာ၊ စနေ၊ တနင်္ဂနွေညနေများမှာတော့ ညစာဘူဖေး၊ နှစ်သက်ရာအအေးတစ်ဗူးနဲ့ တည်ခင်းဧည့်ခံတဲ့ Dinner Cruise အဖြစ်ပြေးဆွဲပြီး နိုင်ငံသားတစ်ဦးကို နှစ်သောင်းခွဲကျပ်နဲ့ နိုင်ငံခြားသားတစ်ဦးကို ဒေါ်လာ ၃၀ သတ်မှတ်ထားပါတယ်။ အခြားသောဝန်ဆောင်မှုများအနေနဲ့ Welcome Juice ၊ ငါးမုန့်ကြော်၊ ရေသန့်၊ စနိုးတာဝါတို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။
    မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲ၊ ကုမ္ပဏီနှစ်ပတ်လည်ပွဲ အစရှိတဲ့ ဧည့်ခံပွဲတွေအတွက်လည်း စင်းလုံးငှားဝန်ဆောင်မှုတွေကို လက်ခံဆောင်ရွက်ပေးရာမှာ သင်္ဘောသီးသန့် ငှားရမ်းခအဖြစ် လူဦးရေ ၁၅၀၊ အချိန်နှစ်နာရီစာကို ဒေါ်လာ ၇၅၀ နဲ့ လူဦးရေ ၂၅၀၊ နှစ်နာရီစာကို ဒေါ်လာ ၁၀၅၀ သတ်မှတ်ထားပါတယ်။ အစားအသောက်ပိုင်းမှာလည်း ငှားရမ်းသူစိတ်ကြိုက်ဖြစ်စေဖို့ သင်္ဘောနဲ့ညှိနှိုင်းစီစဉ် ဆောင်ရွက်နိုင်သ လို ပြင်ပက အစားအစာမှာယူမယ်ဆိုရင်လည်း ၎င်းကျသင့်ငွေရဲ့ ၂၅% ကို သင်္ဘောဘက်မှ ၀န်ဆောင်ခအဖြစ် ကောက်ခံပြီး လက်ခံဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် ပုံမှန်နားရက် နှစ်ရက်ဖြစ်တဲ့ တနင်္လာ၊ ကြာသပတေးနေ့များမှာ ဧည့်သည်ဘက်က ကြိုတင်တောင်းဆိုမှု ရှိလာတယ်ဆိုရင်လည်း ညှိနှိုင်းဆောင်ရွက်ပေးတယ်လို့ သိရှိရပါတယ်။
    Royal Green River ရဲ့ သင်္ဘောခရီးစဉ်တွေကို ဆက်သွယ်စုံစမ်း၊ ကြည့်ရှုနိုင်မယ့်နေရာတွေကတော့ အမှတ် ၂၄၊ အေးရိပ်မွန်အိမ်ရာ၊ လှိုင်မြို့နယ်။ ဖုန်း ၀၁ ၅၃၆ ၂၃၂၊ ၀၉ ၂၅၀၀ ၈၆၅၇၁။ www.royalgreenriver.com Website နဲ့ ကြိုတင် booking ပြုလုပ်ခြင်းအတွက် reservation@royalgreenriver.com ကို Email ပေးပို့နိုင်မှာ ဖြစ်ပါတယ်။


Yangon River Cruise
    Yangon River Cruise ဟာလည်း ရန်ကုန်မြစ်အတွင်းမှာ ညနေခင်းဆည်းဆာအလှကို ကြည့်ရှုခံစားရင်း အပန်းဖြေနိုင်တဲ့ အပျော်စီးသင်္ဘောတစ်စီးဖြစ်ပါတယ်။ သူကတော့ သင်္ကြန်ရုံးပိတ်ရက်
ကာလများမှာ ရပ်နားထားလေ့ရှိပြီး သင်္ကြန်ရေကစားရက်တွေလွန်လို့ နှစ်ဆန်းတစ်ရက်နေ့စတဲ့ ပိတ်ရက်များမှာတော့ ပုံမှန်အားဖြင့်နားရက်ဖြစ်နေပေမဲ့ ကြိုတင်မှာယူထားမယ်ဆိုရင်တော့ ညှိနှိုင်း
စီစဉ်ပေးနိုင်တယ်လို့ သိရပါတယ်။
    Sunset Cruise အနေနဲ့ ရန်ကုန်မြစ်အတွင်းမှာ တစ်ပတ်ကို ငါးရက်ပြေးဆွဲပေးလျက်ရှိပြီး ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေကတော့ Yangon River Cruise ရဲ့ နားရက်ဖြစ်ပါတယ်။ ညနေ ၅
နာရီအချိန်မှာ ဗိုလ်တစ်ထောင်ဆိပ်ကမ်းက စတင်ထွက်ခွာပြီး မြစ်သုံးခွဆုံကိုဖြတ်ကျော်ကာ သီလ၀ါဆိပ်ကမ်းနားမရောက်ခင်မှာ လှည့်ပြန်ပါတယ်။ နိုင်ငံသားတစ်ဦးကို ကျပ်တစ်သောင်းခွဲ၊ နိုင်ငံခြားသား တစ်ဦးကို ဒေါ်လာ၂၀ သတ်မှတ်ထားပြီး ပါဝင်တဲ့ ၀န်ဆောင်မှုတွေကတော့ ဧည့်သည်တစ်ဦးကို အချိုရည် သို့ ၀ိုင် သို့ ဘီယာ တစ်မျိုးနဲ့ ကြက်ကင်ပွဲသေး တစ်ပွဲစီအပြင် ရေသန့်၊ ငါးမုန့်ကြော် ၊ အာလူးကြော်နဲ့ လက်ဖက်ပွဲတွေကို ပြင်ဆင်ကျွေးမွေးပါတယ်။ ကာရာအိုကေဆိုချင်သူတွေကိုလည်း FOC ခွင့်ပြုတယ်လို့ ဆိုပါတယ်။ ၀န်ဆောင်မှုပေးထားတဲ့အပြင် ထပ်မံသောက်သုံးလိုတဲ့ drinks နဲ့
စားဖွယ်များကိုတော့ သတ်မှတ်ဈေးနှုန်းနဲ့ ၀ယ်ယူနိုင်ပြီး ဆိတ်မွကြော်၊ ကြက်ဥမွှေကြော်၊ ဆေးဘဲဥသုပ်၊ ချိစ်၊ သီဟိုစေ့ကြော်စတဲ့ အဆာပြေစာတွေကို မှာယူရရှိနိုင်မှာ ဖြစ်ပါတယ်။    
    Yangon River Cruise ရဲ့နေရာထိုင်ခင်းအနေနဲ့ကတော့ အောက်ထပ်မှာ မီတင်ပြုလုပ်နိုင်တဲ့ သီးသန့်ခန်းနဲ့အတူ သက်သောင့်သက်သာလိုက်ပါနိုင်မယ့် ကြိမ်ဆက်တီ(easy chair) တွေကို စားပွဲတစ်ဝိုင်းမှာ ၄ ခုံနှုန်းနဲ့ အယောက် ၄၀ စာ ၁၀ ၀ိုင်းခင်းကျင်းထားပြီး အပေါ်ထပ်မှာတော့ လူ ၆၀ စာလိုက်ပါနိုင်မယ့် ထိုင်ခုံ(stand chair) နဲ့ စားပွဲတွေ စီစဉ်ပေးထားပါတယ်။ စုစုပေါင်းဧည့်သည်ဦးရေ ၁၂၀ အထိ လက်ခံနိုင်ပေမဲ့ ဧည့်သည်တွေ ပိုမိုအဆင်ပြေစေဖို့ အများဆုံး ၁၀၀ ဦး အထိပဲ လက်ခံပေးတယ်လို့ သိရပါတယ်။


    Sunset Cruise အပြင် နေ့ချင်းပြန်ခရီးတိုလေး သွားချင်တယ်ဆိုရင်တော့  တွံတေးတူးမြောင်းတစ်လျှောက်လိုက်ပါနိုင်မယ့် ရန်ကုန်- တွံတေး-ရန်ကုန် ခရီးစဉ်လေးကို ရွေးချယ်နိုင်မှာပါ။ ဒီခရီး အတွက် နှုန်းထားသတ်မှတ်ချက်ကတော့ နိုင်ငံသားတစ်ဦးကို ကျပ် ၆ သောင်းခွဲနဲ့ နိုင်ငံခြားသားတစ်ဦးအတွက် ဒေါ်လာ ၈၀ ဖြစ်ပါတယ်။ နံနက် ၈ နာရီခွဲကနေ ညနေ ၃ နာရီခန့် ကြာမြင့်မယ့်ခရီးမှာ ပါဝင်
ပြီးသား ၀န်ဆောင်မှုတွေကတော့ နံနက်စာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ မုန့်၊ နေ့လယ်စာဘူဖေးနဲ့ တွံတေးမြို့ပေါ် အလည်အပတ်ပို့ဆောင်မှုတွေဖြစ်တယ်လို့သိရပါတယ်။ တွံတေးရွှေဆံတော်ဘုရား၊ အိုးလုပ်ငန်း၊ ယက္ကန်းရုံ၊ တွံတေးဈေးစတဲ့နေရာတွေကို လည်ပတ်ကြည့်ရှုနိုင်မှာဖြစ်သလို ရေလမ်းတစ်လျှောက်က မြင်ကွင်း၊ ရှုခင်းများကိုလည်း ခံစားနိုင်မယ့် နေ့ချင်းပြန်ခရီးလေး ဖြစ်ပါတယ်။ ခုလိုနေ့ချင်းပြန်ခရီးတိုကိုရော၊ ပုံမှန်အားဖြင့် ညနေခင်းထွက်လေ့ရှိတဲ့ Sunset Cruiseကိုပါ ဧည့်သည်ဦးရေအနည်းဆုံး ၁၀ ဦးပြည့်မှ ပြေးဆွဲပေးလေ့ရှိပြီး အကယ်၍ ၁၀ ဦး မပြည့်ပေမဲ့ ၁၀ ဦးစာကျသင့်ငွေကိုပေးနိုင်မယ်ဆိုရင်လည်း စီစဉ်ပေးနိုင်မှာ ဖြစ်
တယ်လို့ သိရပါတယ်။
    မွေးနေ့ပွဲ၊ မင်္ဂလာပွဲ၊ ပါတီပွဲစတဲ့ ပွဲအမျိုးမျိုးအတွက် စင်းလုံးငှားဝန်ဆောင်မှုကိုလည်း သင်္ဘောနားရက်များ အပါအ၀င် ငှားလိုသူရဲ့ စိတ်ကြိုက်နေ့ရက်၊ အချိန်ကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ပေးရာမှာ ငှားရမ်းချိန် နှစ်နာရီစာမှာ ညစာဘူဖေး (အသားဟင်း ၃ မျိုး၊ အရွက်ကြော် ၁ မျိုး၊ တန်ပူရာ ၂ မျိုး၊ အရည်သောက် ၁မျိုး၊ အကင် ၁ မျိုး၊ ထမင်းဖြူ၊ ထမင်းကြော်၊ ရေသန့်၊ အအေးဘူး၊ အချိုပွဲသစ်သီး၊ ရေခဲမုန့်) အပါအ၀င် လူဦးရေအနည်းဆုံး ၃၀ မှ ၈၀ ဦးစာအထိ စီစဉ်ပေးနိုင်တယ်လို့ သိရပါတယ်။ အဲဒီအတွက် သင်္ဘောခ+သတ်မှတ်ထားသောအစားအသောက်အပြီးအစီး တစ်ဦးစာကို ကျပ်နှစ်သောင်းခွဲမှ စတင်စီစဉ်ပေးနိုင်ပြီး ပွဲကျင်းပနေချိန်မှာ ၂ နာရီထက်ပိုလိုချင်သွားမယ်ဆိုရင်လည်း အချိန်ပိုကြေးအနေနဲ့ တစ်နာရီကို ကျပ်တစ်သိန်းခွဲသတ်မှတ်ထားတယ်လို့ သိရပါတယ်။ အစားအသောက်ပိုင်းမှာ Customer စိတ်ကြိုက်ညှိနှိုင်း စီစဉ်နိုင်ပေးနိုင်သလို ပြင်ပအစားအစာ ယူဆောင်လာမယ်ဆိုရင်လည်း သင်္ဘောဘက်မှ ၀န်ဆောင်ခနှုန်းထားတစ်ခု ကောက်ခံပြီး လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
    Yangon River Cruise ကို ဆက်သွယ်ချင်တယ်ဆိုရင် Green Holiday Travels & Tours၊ Hot Line ဖုန်းနံပါတ်ဖြစ်တဲ့ 09 5200747 ကို ဆက်သွယ်နိုင်သလို ကြိုတင် booking ပြုလုပ်ခြင်း
အတွက် www.yangonrivercruise website ကိုဝင်ရောက်ပြီး booking form တင်နိုင်သလို ဗိုလ်တစ်ထောင်ကမ်းနားက လက်မှတ်ကောင်တာကို သွားရောက်ပြီး လက်မှတ်ကြိုဖြတ်ထားမယ်
ဆိုရင်လည်း အဆင်ပြေနိုင်မှာဖြစ်ပါတယ်။


    ယခုလို အပျော်စီးသင်္ဘောများဆီကို သွားရောက်လေ့လာခဲ့တဲ့အခါ လုံခြုံစိတ်ချမှုအပိုင်းကို ဦးစားပေး ဂရုစိုက်မှုရှိပြီး Alarm စနစ်များ တပ်ဆင်ထားခြင်း၊ မီးသတ်ဆေးဘူးများ၊ CCTV ကင်မရာ
များ၊ သက်ကယ်အင်္ကျီများ၊ သက်ကယ်ဘောကွင်း များ၊ လုံခြုံရေးဝန်ထမ်းများနဲ့ အရေးပေါ်ဆေးပစ္စည်းများကိုပါ စီစဉ်ထားတာတွေ့ရပါတယ်။ စင်းလုံးငှားဖို့အတွက် ကြိုတင် Booking ပြုလုပ်တဲ့
အပိုင်းမှာတော့ အနည်းဆုံးအချိန် နှစ်ပတ်၊ သုံးပတ်မျှ ကြိုတင်စာရင်းပေးမယ်ဆိုရင်  Customer စိတ်တိုင်းကျနေ့ရက်၊ အချိန်ကိုရရှိနိုင်ဖို့ ပိုပြီးအဆင်ပြေစွာ စီစဉ်ပေးနိုင်တယ်လို့ သင်္ဘောဘက်က ဆိုပါတယ်။
    Sunset Cruise ကိုစီးချင်တဲ့ Customer အတွက်ဆိုရင်လည်း ဆိပ်ကမ်းကိုရောက်ပြီးတော့မှ စင်းလုံးငှားပွဲတွေ လက်ခံထားတဲ့အတွက် မစီးလိုက်ရတာမျိုး မဖြစ်ရလေအောင် ကြိုတင်မေးမြန်း
စုံစမ်းပြီး စာရင်းပေးထားတာမျိုးက ပိုပြီး စိတ်ချသေချာမှု ရှိစေပါတယ်။ တစ်ခါတရံမှာ ဆိပ်ကမ်းရောက်မှ ထွက်မယ့်သင်္ဘောနဲ့ အသင့်ကြုံပြီး လိုက်ပါသွားနိုင်ပေမဲ့လည်း ကြိုတင်လက်မှတ် ဖြတ်ထား
တဲ့အခါ မိမိဘက်က အခက်အခဲ တစ်စုံတစ်ရာကြောင့် သင်္ဘောထွက်ချိန်ထက် မိနစ်အနည်းငယ် နောက်ကျမှ ရောက်မယ်ဆိုရင်တောင် သင်္ဘောဘက်က စောင့်ခေါ်ပေးနိုင်ပါ။
    ဒါကြောင့် ဆိပ်ကမ်းထိရောက်ပြီးတော့မှ မောမသွားရလေအောင် ဖြစ်တတ်တာလေးတွေ အကြုံပြုရင်း အေးမြလတ်ဆတ်တဲ့ မြစ်လေကိုရှူရှိုက်လို့ လှပတဲ့မြစ်ပြင်ကျယ်ကျယ် ရှုခင်းတွေ
အလယ်မှာ စင်ရော်ငှက်ကလေးတွေနဲ့အတူ တငြိမ့်ငြိမ့် ၀ဲပျံကြည်နူးနိုင်စေဖို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်။