အလှထူးတဲ့ နွေဦးကမ္ဘာ

    သဘာဝတရားရဲ့ ဖန်တီးမှုအောက်မှာ ကမ္ဘာမြေကြီးပေါ်က နေရာဒေသအသီးသီးဟာ ရာသီအချိန်အခါကိုလိုက်ပြီး ပိုမိုထူးခြားတဲ့ အလှတရားများကို ပြောင်းလဲပိုင်ဆိုင်ထားလေ့ရှိပါတယ်။


    ဒါဟာ ကမ္ဘာမြေရဲ့ လျှို့ဝှက်ချက်လို့ မဆိုနိုင်ပေမဲ့ မသိသူကျော်သွားပြီး သတိပြုမိသူသာ ရရှိခံစားနိုင်တဲ့ သဘာဝရဲ့လက်ဆောင်တစ်ခုရယ်ပါ။ ဒီလိုကမ္ဘာကြီးရဲ့အလှတရားကို စောင့်ကြည့်လေ့လာတတ်သူ လူသားတွေကြောင့် ခုလိုနွေဦးရာသီမှာ ပိုမိုအလှထူးနေတတ်တဲ့နေရာတွေကို တွေ့မြင်ခွင့်ရခဲ့ပါပြီ။

ဥရောပ
    မတ်လရာသီမှာ ဥရောပနိုင်ငံတွေဟာ အေးမြနေဆဲဖြစ်ပြီး နေသာချိန်နဲ့ မိုးဖွဲလေးတွေရွာကျချိန်ဟာ တစ်လှည့်စီနေရာယူလျက် ရှိနေတတ်ပါတယ်။
    နွေဦးရာသီ စတင်ချိန်ဖြစ်ပြီး အလည်အပတ်ရောက်ရှိဖို့ကောင်းတဲ့ နေရာတွေကတော့ ဥရောပတောင်ပိုင်းဒေသတွေဖြစ်တဲ့ အီတလီက ဘယ်ခါမရိုးတဲ့ စိတ်ဝင်စားဖွယ်ရာတွေနဲ့ ရှေးဟောင်းမြို့
တော်ရောမ၊ အီတလီနိုင်ငံရဲ့ အသာယာအလှပဆုံးသော ရှုမျှော်ခင်းမြင်ကွင်းတွေကိုပိုင်ဆိုင်ထားတဲ့ တက်စ်ကန်နီဒေသနဲ့ စပိန်က ဘာစီလိုနာမြို့တွေပဲ ဖြစ်ပါတယ်။


    ဆောင်းရာသီရဲ့ နောက်ဆုံးလက်ကျန် နှင်းအငွေ့အသက်လေးတွေကို ခံစားချင်တဲ့ ဧည့်သည်တွေအတွက် နွေဦးရာသီအားလပ်ရက်တွေမှာ မိသားစုလိုက် လာရောက်အပန်းဖြေလေ့ရှိတတ်ကြတဲ့ အဲ့လ်ပ်စ်တောင်တန်းဒေသက နှင်းလျှောစီးစခန်းတွေဆီ ဦးတည်သွားရောက်နိုင်မှာပါ။

    
    ခမ်းနားထည်ဝါတဲ့ မြို့ပြရဲ့အငွေ့အသက်နဲ့အတူ ကြည့်ရှုလေ့လာဖွယ်ရာတွေ မကုန်နိုင်တဲ့ ပြတိုက်ကြီးတွေဆီ ရောက်ရှိလည်ပတ်နိုင်ဖို့ကို ရွေးချယ်မယ်ဆိုရင်တော့ အီတလီက ဖလောရင့်စ်မြို့နဲ့ စပိန်က ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဆီဗီးလီမြို့တွေကို ညွှန်းဆိုရမှာ ဖြစ်ပါတယ်။

အာဖရိက
    ဒီအချိန်ဟာ အီဂျစ်တောင်ပိုင်းနဲ့ လက်ဇာမြို့လို နေရာမျိုးကိုခရီးနှင်ဖို့ အမှန်ကန်ဆုံး အချိန်ဖြစ်ပေမဲ့ သူ့ဒေသရဲ့အပူဒဏ်လေးကိုတော့ ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။
    နေ့မှာပူပေမဲ့ ညအချိန်တွေမှာတော့ အာဖရိကမြောက်ပိုင်းဟာ အတော်အတန် အေးနေဆဲဖြစ်တာကြောင့် တည်းခိုမယ့်ဟိုတယ်မှာ အပူပေးစက် ပါဝင်မှုရှိမရှိကို မေးမြန်းစုံစမ်းပြီးမှ တည်းခိုသင့်
တယ်လို့ မတ်လခရီးသွား အတွေ့အကြုံရှိပြီးသူ တွေက အကြုံပြုထားတာကို တွေ့ရပါတယ်။


    အာဖရိကအနောက်ဘက်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ဆီနီဂေါ၊ အိုင်ဗရီကို့စ်နဲ့ ကင်မရွန်းတို့မှာတော့ သမမျှတတဲ့ရာသီဥတုနဲ့ အထူးသာယာလျက်ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
    ခုလို မတ်လအချိန်မှာ အထူးရှောင်ရှားသင့်တဲ့နေရာကတော့ အာဖရိကအရှေ့ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းနေတတ်တဲ့ ကင်ညာလိုနိုင်ငံမျိုးပဲ ဖြစ်ပါတယ်။

အာရှ
    အာရှတစ်ခွင်မှာတော့ အိန္ဒိယနဲ့တရုတ်ပြည်ကြားမှာတည်ရှိတဲ့ နီပေါနိုင်ငံရဲ့ ရာသီဥတုဟာ တောင်တက်ခရီးသွားလာဖို့ အသင့်တော်ဆုံး အချိန်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သီရိလင်္ကာနဲ့ ဗီယက်
နမ်ဟာလည်း မတ်လမှာ ခရီးသွားရောက်ဖို့ ကောင်းမွန်တဲ့ နေရာတွေဖြစ်ပါတယ်။


    အပူပိုင်းဒေသမှာ နေရသူတွေမို့ တော်တန်ရုံအေးမြမြအငွေ့အသက်လေးကို ခံစားချင်တယ်ဆိုရင်တော့ နွေဦးရာသီမှာ ခရီးသွားဧည့်သည်များစွာနဲ့ စည်ကားလျက်ရှိတဲ့ တရုတ်ပြည်က ဟိုင်နန်ကျွန်းနဲ့ စိမ်းလန်းလှပလွန်းတဲ့ ယူနန်ပြည်နယ်က ဒါလီမြို့ဆီကို ဦးတည်သင့်ပါတယ်။


    ပင်လယ်ကမ်းခြေလိုနေရာမျိုးမှာ ပြည့်ပြည့်၀၀ အပန်းဖြေနားနေလိုက်ဖို့ပဲ ဆန္ဒရှိနေတယ်ဆိုရင်တော့ ကြည်လင်တောက်ပတဲ့ ပင်လယ်ပြင်၊ ပြာလွင်အေးချမ်းတဲ့ ကောင်းကင်ပြင်နဲ့  ငြိမ်သက်
လှပလွန်းတဲ့ ကျွန်းနိုင်ငံလေးမော်လ်ဒိုက်ဆီ ရောက်ရှိနိုင်ဖို့ အိန္ဒိယသမုဒ္ဒရာဘက်ကို ခြေဦးလှည့်ဖို့ သင့်တော်တဲ့ အအချိန်အခါပဲ ဖြစ်ပါတယ်။

အမေရိက
    အမေရိကကို ခြေဦးလှည့်ကြည့်မယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့တောင်အရပ်မှာတည်ရှိတဲ့ ဖလော်ရီဒါဟာ ပွင့်လင်းရာသီအသွင်ဆောင်နေပြီမို့ ခရီးသွားများစွာ ပျားပန်းခတ်နေချိန်ဖြစ်သလို ကာရစ်ဘီယန်ပင်လယ်ထဲက ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ကျူးဘားဟာလည်း အလည်အပတ်သွားရောက်ဖို့ အကောင်းဆုံးအချိန် ဖြစ်နေပါတယ်။


    ဒါအပြင် အာဂျင်တီးနားနဲ့ အာဂျင်တီးနားတောင်ပိုင်းက  စိတ်တိုင်းကျခြယ်မှုန်းထားတဲ့ပန်းချီကားတစ်ချပ်လို တောင်စွယ်အထပ်ထပ် ရှုခင်းတွေနဲ့ ပတ်တာဂိုးနီးယားဒေသဟာလည်း သာယာမှုအပေါင်း သရဖူဆောင်းလျက်ရှိနေပြီဖြစ်ပြီး မြင့်မားတဲ့တောင်တွေဘက်မှာတော့ လေတိုက်နှုန်းမြင့်မားတတ်တဲ့အတွက် သတိထားသင့်တယ်လို့ ဆိုပါတယ်။
    မြောက်အမေရိကမြောက်ပိုင်းက ကနေဒါမှာတော့ နွေဦးရာသီဟာ အရည်ပျော်ကျလာတဲ့ နှင်းတွေကြောင့် သွားရလာရ ချွတ်ချော်နေတတ်ပြီး ခြင်ကောင်တွေ နိုးထချိန်လည်း ဖြစ်တယ်လို့ သိရှိ
ရပါတယ်။


    ခုလိုသာသာယာယာ နွေဦးမှာ ပိုလို့အလှထူးနေတတ်တဲ့ ကမ္ဘာ့နေရာတွေနဲ့ ဒီရာသီနဲ့ သဟဇာတ မဖြစ်လှတဲ့နေရာတချို့ကို လေ့လာသိရှိပြီးတဲ့နောက် စိတ်နဲ့တွေ့မယ့်နေရာလေးတွေ ရွေးချယ်ခံစားလို့ ရွက်လွှင့်လိုက်ကြပါစို့နော်။