ကမ္ဘာကို သိမ်းပိုက်ထားသော ပင်လယ်ပြာပြာ လှိုင်းခတ်သံများ

ကမ်းခြေလို့ဆိုလိုက်ရင် သဲသောင်၊ ကျောက်ဆောင်၊ ပင်လယ်ပြာ၊ ဒါတွေနဲ့ချည်း ဖွဲ့စည်းထားတယ်ဆိုပေမဲ့ ကမ္ဘာတစ်လွှားကွဲပြားခြားနားတဲ့ နေရာတွေကိုလိုက်ပြီး တစ်ဒေသ တစ်မျိုးစီနဲ့ မရိုးအီနိုင်အောင် တိုးလို့သွားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသော ကမ်းခြေများစွာ ရှိနေပါတယ်။
    တချို့နေရာမှာ ပင်လယ်ရေက ပြာလွင်လွင်လေးရှိပေမဲ့ တချို့နေရာမှာတော့ စိမ်းဖန့်တောက်ပလို့နေပြန်တယ်။ တချို့ဒေသမှာ ချွန်မြတဲ့ ကျောက်ဆောင်တွေက အလှဂုဏ်တစ်မျိုးဆောင်နေပြီး တချို့နေရာမှာ လုံးဝန်းချောမွတ်လို့ ပျော်မွေ့စရာ ဖြစ်ရတယ်။

   ဖြူလွလွသဲသောင်ပြင်မှာ ပုံသဏ္ဍာန် အရောင်အသွေးအမျိုးမျိုးနဲ့ တည်ရှိတတ်ကြတဲ့ ခရုခွံငယ်တွေဟာလည်း  ကွဲပြားခြားနားတဲ့ အလှတစ်မျိုးစီနဲ့ ကမ်းခြေတွေဖြစ်လာဖို့ အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေကြတဲ့ အဆင်တန်ဆာတွေပါပဲ။

   ဒီလိုသဘာဝရဲ့ ဖြစ်တည်မှုအလှတရားနဲ့အတူ လူသားတွေရဲ့ ဖန်တီးမှုအနုပညာအလှတ ရားတွေ၊ စည်းစနစ်ကျစွာ ထိန်းသိမ်းနိုင်မှုတွေ ကြောင့်  ပြီးပြည့်စုံတဲ့ ကမ်းခြေအပန်းဖြေခရီးကို ပိုင်ဆိုင်ရရှိနိုင်စေဖို့ ဖန်တီးပေးလျက်ရှိနေတဲ့ ၂၀၁၄ ကိုသိမ်းပိုက်ထားတဲ့ အလှဆုံးကမ်းခြေတွေထဲက အကြိုက်ဆုံးတချို့ကို ခံစားကြည့်မိတဲ့အခါ….

အလှဆုံးကမ်းခြေ
    သူပိုင်ဆိုင်ထားတဲ့ အလှတရားတွေဟာဒဏ္ဍာရီပုံပြင်တစ်ပုဒ် အသက်ဝင်နေသလိုပါပဲ။ တန်ခိုးရှင်တစ်ပါးဟာ သူ့စိတ်တိုင်းကျဖန်တီးထားတဲ့ အလှဆုံးကျောက်စိုင် ကျောက်သားများကို ဒီနေရာမှာ စုပုံထားရှိဖို့ ရွေးချယ်ခဲ့ဟန်တူပါတယ်။

    ဒီအလှဆုံးကမ်းခြေကို Anse Source d’Argent လို့ခေါ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်းက ကျွန်းနိုင်ငံလေး ဆေရှဲလ်ရဲ့ လာ့ဒိုက်အမည်ရ တတိယအကြီးဆုံးကျွန်းပေါ်မှာ တည်ရှိတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။

    လာ့ဒိုက်မှာ လေဆိပ်မရှိပေမဲ့ သူ့ရဲ့လှပတဲ့ဆွဲငင်အားကြောင့် ဧည့်သည်တွေဟာ ဗစ်တိုးရီးယားကို လေယာဉ်စီးပြီး ပရက်စလင်ကျွန်းကို တစ်ဆင့်သွားရောက်ကာ ပရက်စလင်ကမှတစ်ဆင့် လာ့ဒိုက်ကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ လာ့ဒိုက်ကို ရောက်ပြီဆိုရင်တော့ စက်ဘီးလေးစီးရုံနဲ့ ကျွန်းလုံးအနှံ့ခရီးနှင်နိုင်ပါပြီ။

    ဆေရှဲလ်ရဲ့ရာသီဥတုဟာ အီကွေတာနဲ့ နီးတဲ့အတွက် ရံဖန်ရံခါမိုးများတတ်တာကလွဲရင် တစ်နှစ်ပတ်လုံး နွေးနွေးထွေးထွေးရှိတာကြောင့်ကမ်းခြေမှာ ရာသီမရွေးသွားရောက် အပန်းဖြေနိုင်ပါတယ်။ ဒေသခံလူမျိုးအများစုဟာ ကတ်သလစ်
ဘာသာ ကိုးကွယ်ကြပြီး အဓိကစီးပွားရေးအဖြစ် အုန်းဆီနဲ့ ဗနီလာထုတ်လုပ်ငန်းတွေကို ယခင်ကလုပ်ကိုင်ခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ လှပတဲ့ကမ်းခြေတွေကို အမှီပြုပြီး ခရီးသွားလုပ်ငန်းကို အဓိကလုပ်ဆောင်လျက်ရှိနေပါတယ်။


    ဒီလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာ မှုကြောင့် ပိုမိုစည်ကားသက်ဝင်လာတဲ့ အွန်ဆေးကမ်းခြေကို တောက်ပကြည်လင်နေတဲ့ ပင်လယ်ပြာနဲ့ မိုးသားကင်းစင်ပြာလွင်တဲ့ ကောင်းကင်ပြာဟာ ငြိမ်းချမ်းအေးမြတဲ့ အလှတရားအတွက် အပြိုင်ပံ့ပိုးထားပြီး စိမ်းစိုနေတဲ့သစ်ရွက်သစ်ခက်တွေကြားက ကြီးမားချောမွတ်နေတဲ့ ကျောက်ဆောင်တွေရဲ့ တည်ရှိမှုအနေအထားဟာ အပန်းဖြေအလည်အပတ် ရောက်ရှိလာသူတိုင်းအတွက် တစ်သက်မမေ့နိုင်စရာ ရှုခင်းသာကို ထိုက်တန်စွာ ပေးအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

ကမ်မဲလ်ကမ်းခြေ
    ကန္တာရရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပင်လယ်မှာ သဲသောင်ကမ်းခြေပေါ် ကုလားအုတ်စီးပြီး ထူးထူးခြားခြား အပန်းဖြေခွင့်ရမယ့် သုခဘုံလေးတစ်ခုပါ။ Camel Haven ရယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ Cable ကမ်းခြေဖြစ်ပါတယ်။

    သြစတြေးလျအနောက်ပိုင်း၊ Kimberley ဒေသက Broome မြို့မှာ တည်ရှိပါတယ်။ ကေဘယ်လ်ကမ်းခြေရဲ့ အဓိကဆွဲဆောင်မှုကတော့ သဲသောင်ပြင်တစ်လျှောက် ကုလားအုတ်စီးရင်း နေ၀င်ဆည်းဆာအလှကို ခံစားခွင့်ရရှိခြင်းပါ။ ဒါဟာအလည်ရောက်ရှိလာတဲ့ ဧည့်သည်အားလုံး ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

    ဖြူလွှတဲ့ သဲသောင်ပြင်နဲ့ စိမ်းပြာရောင်ကြည်လဲ့နေတဲ့ ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားတဲ့ ကမ်းခြေဟာ ရှည်လျားပြီးပြေပြစ်တဲ့ ပင်လယ်ကြမ်းပြင်ရှိသလို လှိုင်းလုံးညင်သာမှုကြောင့် အန္တရာယ်ကင်းစွာ ရေကူးနိုင်ခြင်း၊ ကျယ်ပြန့်စွာ နေစာလှုံနိုင်ခြင်းစသဖြင့် ပြီးပြည့်စုံတဲ့ အပန်းဖြေ မှုကို ပြုလုပ်နိုင်ပါတယ်။


    ယဉ်ကျေးမှုစုံရာ ဒေသတစ်ခုလည်း ဖြစ်နေတာကြောင့် ကမ်းခြေမှာ အပန်းဖြေခြင်းအပြင် စိတ်ဝင်စားဖွယ် ဒေသန္တရဗဟုသုတတွေကိုလည်း ရှာဖွေနိုင်ပါတယ်။ ၁၈၀၀ ပြည့်နှစ်တွေမှာ ဂျပန်၊ ဖိလစ်ပိုင်နဲ့ မလေးလူမျိုး ပုလဲငုပ်သမားတွေ လာရောက်နေထိုင်အသက် မွေးဝမ်းကြောင်းမှုပြုခဲ့ကြတဲ့အတွက် ဒီနေ့အချိန်မှာ ယဉ်ကျေးမှုအစုံ၊ ရိုးရာစားသောက်ဖွယ်ရာအစုံနဲ့ နှစ်လိုဖွယ်ရာသက်ဝင် နေတဲ့ မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။ ဘရွမ်းဟာ သြစတြေးလျရဲ့ ပုလဲမြို့တော်အဖြစ် ထင်ရှားပြီး တောင်ပင်လယ်ထွက် အရည်အသွေးကောင်း ပုလဲတွေကိုလည်း ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

    နောက်ထပ်တွေ့ရှိနိုင်မယ့် စိတ်ဝင်စားဖွယ် ရာတွေကတော့ နှစ်သန်းပေါင်း ၁၃၀ ကျော်ပြီလို့ သိရှိရတဲ့ ဒိုင်နိုဆောခြေရာကို Gantheaume Point မှာ ဒီရေကျချိန်သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်သလို အဲဒီမီးပြတိုက်နေရာကနေ ချစ်စရာလင်းပိုင်
လေးတွေကိုလည်း စောင့်ကြည့်တွေ့မြင်နိုင်တယ် လို့ဆိုပါတယ်။

    ဒါ့အပြင် မတ်လကနေ အောက်တိုဘာကာ လအတွင်း လပြည့်ညတွေကို Roebuck Bay မှာသွားရောက် စောင့်ကြည့်မယ်ဆိုရင် သဘာဝဖြစ်စဉ်အရ ထူးကဲလှပစွာဖြစ်ပေါ်နေတဲ့ လှေကားသဖွယ် လမ်းကြောင်းဟာ လရှိရာကို အရောက်လှမ်း
ခွင့်ရတော့မယ့် အသွင်သဏ္ဍာန်ဖြစ်ပေါ်နေတာ ကို ရင်သပ်ရှုမောဖွယ်ရာ တွေ့မြင်နိုင်လိမ့်မယ် ဆိုတာပဲဖြစ်ပါတယ်။

ပန်းနုရောင် ကမ်းခြေ
    ဂရိနိုင်ငံက ပိုင်ဆိုင်ထားတဲ့ အသက်ရှူ မှားလောက်စရာ အလှတရားတစ်ခုဖြစ်ပါတယ်။ Elafonissi လို့ ခေါ်ပါတယ်။ သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက် ထားတဲ့ အီလေဖနိုက်ဇီဟာ ကျွန်းငယ်လေး တစ်ခုဖြစ်ပြီး မြေထဲပင်လယ်ကျွန်းဖြစ်တဲ့ Crete ကျွန်းရဲ့အနောက်ဘက်မှာ တည်ရှိပါတယ်။ ဂရိဘာသာစကားအရ သမင်ကျွန်းလို့  အဓိပ္ပာယ်ရပေမဲ့ ကျွန်းပေါ်မှာရော အနီးပတ်ဝန်းကျင်မှာပါ သမင်ကို မတွေ့ရှိရဘူးလို့ဆိုပါတယ်။

    ဒါပေမဲ့ ပန်းနုရောင်ခရုခွံလေးတွေ အများအပြားရှိတဲ့အတွက် ပန်းနုသွေးရောင်လွှမ်းနေတဲ့ ကမ်းခြေနေရာတွေဟာ ရိုမန့်တစ်ဆန်စွာ လှပနေပါတယ်။ အမှန်တကယ်ဖြစ်တည်နေတဲ့ ချစ်သူစုံတွဲတွေရဲ့ အိပ်မက်ထဲက ပန်းနုရောင်ကမ်းခြေ လေးပါ။ ဒါ့အပြင် ဖြူလွတဲ့သောင်ပြင်ကို ရေတိမ်အိုင်နဲ့ ပိုင်းခြားလျက်ရှိတာဟာလည်း အီလေဖနိုက်ဇီရဲ့ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။


    တစ်မီတာထက် ပိုမနက်ဘူးလို့ဆိုတဲ့ ရေတိမ်အိုင်ထဲကို လမ်းလျှောက်သွားရတဲ့ အတွေ့အကြုံဟာ စီကမ်းခြေရဲ့ ပျော်ရွှင်စရာတစ်မျိုးဖြစ်သလို ကျွန်းရဲ့တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာလည်း ကမ်းခြေငယ်လေးများစွာကို ကိုယ်တိုင်ရှာ ဖွေတွေ့ရှိနိုင်ဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို ထူးခြားမှုတွေနဲ့ အလှတရားပေါင်းစပ် ထားတဲ့ အီလေဖနိုက်ဇီဟာ ဂရိနိုင်ငံရောက် ဧည့်သည်တိုင်း မဖြစ်မနေသွားကြည့်ရမယ့် သုခဘုံလေးတစ်ခုပဲ ဖြစ်ပါတယ်။ သူရဲ့ကမ်းခြေရာသီကတော့ မေလကနေ အောက်တိုဘာအထိလို့ သိရှိရပါ တယ်။

ပျောက်ဆုံးနေတဲ့ ပါရာဒိုက်စ်
    သင်တစ်ခါမှ တွေးထင်မထားဘူးတဲ့ သုခရပ်ဝန်းတစ်ခုကို ရောက်ရှိနေတယ်လို့ ခံစားနေရပြီဆိုရင် The Baths ကမ်းခြေကို သင်ရောက်ရှိနေ တာ သေချာပါပြီ။

    The Baths ဟာ အတ္တလန်တိတ်သမုဒ္ဒရာထဲက British Virgin ကျွန်းများရဲ့ တတိယအကြီးဆုံးဖြစ်တဲ့ Virgin Gorda ကျွန်းပေါ်မှာတည်ပါတယ်။ ပြိုင်ဖက်ကင်းလောက်အောင် သာယာလှပလွန်းတဲ့ ပထ၀ီအနေအထားကြောင့် ဒီဒေသရဲ့ အဓိက ခရီးသွားဆွဲ ဆောင်မှုနေရာအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

    ကျွန်းရဲ့ပုံစံဟာ အပေါ်စီးကကြည့်မယ်ဆို ရင် ခပ်၀၀အမျိုးသမီးတစ်ဦး ဘေးတိုက်လဲလျောင်းနေတဲ့ပုံစံမျိုးရှိတာကြောင့် ခရစ္စတိုဖာ ကိုလံဘတ်စ်ကလည်း “ The Fat Virgin” ရယ်လို့ ကင်ပွန်းတပ်ခဲ့ပါသေးတယ်။ ကျွန်းရဲ့အနောက် တောင်ဘက်မှာတည်ရှိတဲ့ Spinish Town ကတော့ အဓိက မြို့ ဖြစ်ပါတယ်။


    မီးတောင်ကျွန်းတစ်ခုဖြစ်ခဲ့တဲ့အတွက်ကမ်းခြေရဲ့အနေအထားဟာ ဖွဲ့စည်းပုံထူးခြားတဲ့ ကျောက်ဆောင် ကျောက်သားတွေကို ပိုင်ဆိုင်ထားပြီး သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်သား ရေကူးကန်တွေ၊ ကျောက်ဥမင်တွေ၊ ကျောက်ပန်းကုံး မုခ်ဝတွေနဲ့ ပင်လယ်ဘက်ကို မျက်နှာမူနေတဲ့ ကျောက်လိုဏ်ဂူတွေကို လှပစွာတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

    ရွက်လွှင့်ချင်တဲ့ ဧည့်သည်အတွက် ကမ်းခြေမြောက်ဘက်ပိုင်းမှာ ရွက်လှေဆိပ်ရှိသလို ပင်လယ်ရေအောက်ကိုလည်း စနူကာရေငုပ်သွား လာမှာဖြစ်ပါတယ်။ အနီးနားကျွန်းတွေဖြစ်တဲ့တော်တိုလာနဲ့ စိန့်သောမတ်စ်ကျွန်းများဆီကို
လေယာဉ်စီးသွားပြီး အပြန်မှာ စက်လှေစီးကာ အပျော်ခရီးလှည့်လည်နိုင်ဦးမှာ ဖြစ်ပါတယ်။ The Baths ကို သွားရောက်အပန်းဖြေမယ် ဆိုရင်တော့ တစ်နှစ်ပတ်လုံး ခွင့်ပြုထားတဲ့အတွက် မိမိကြိုက်နှစ်သက်ရာ အချိန်ကို ရွေးချယ်သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

အဖြူရောင် ကောင်းကင်ဘုံ
    ဒီကမ်းခြေရဲ့ အမည်လေးကတော့ White Haven လို့ ခေါ်ပါတယ်။ အဖြူရောင်လွှမ်းနေတဲ့ ကမ်းခြေရဲ့အလှဟာ တကယ်ကို ကောင်းကင်ဘုံက တိမ်စိုင်တွေလိုပါပဲ။ ဒီလို ဖြူနှစ်နေတဲ့ သဲတွေကပဲ White Haven ရဲ့ ထူးခြားချက် ဖြစ်နေ ပါတယ်။

    သန့်စင်တဲ့ ဆီလီကွန်ဒြပ်ပေါင်း ၉၈ ရာခိုင်နှုန်းပါဝင်ဖွဲ့စည်းနေတဲ့အတွက် ဒီကမ်းခြေက သဲတွေဟာ တောက်ပတဲ့ အဖြူရောင်ဖြစ်ပေါ်နေပါတယ်။ သာမန်သဲတွေနဲ့မတူ တစ်မူထူးခြားလှတာ ကတော့ ရာသီဥတုပူ ချိန်တွေမှာတောင် အဲဒီ သဲပြင်ပေါ်မှာ ခြေဗလာနဲ့ သက်တောင့်သက်သာလျှောက်သွားနိုင်ခြင်းပါပဲ။ ပြီးတော့ ဒီသဲတွေနဲ့ကျောက်မျက်တွေကိုလည်း တောက်ပလင်းလက်လာအောင် ပွတ်တိုက်နိုင်တယ်လို့ ဆိုပါတယ်။

    နောက်ထပ် ထူးခြားချက်တွေကတော့ White Haven ကွင်းစ်လန်ဒေသရဲ့ အသန့်ရှင်းဆုံးကမ်းခြေဆုကိုရရှိထားပြီး ၂၀၁၀ ခုနှစ်မှာလည်း ကမ္ဘာ့ ထိပ်တန်း Eco Friendly ကမ်းခြေအဖြစ် CNN.com က သတ်မှတ်ကြေငြာခဲ့ပါတယ်။

    သဘာဝကိုချစ်မြတ်နိုးပြီး သန့်ရှင်းစင်ကြယ်မှုကို အထူးအလေးပေးတဲ့ White Haven ဟာ ကမ်းခြေကို ခွေးဝင်ခွင့်မပြုသလို ဆေးလိပ်သောက်ခြင်း ကိုလည်း တားမြစ်ထားပါတယ်။

    တကယ့် ကောင်းကင်ဘုံတစ်ခုလို ဖြူစင်သန့်ရှင်းလှပနေတဲ့ White Haven ရဲ့ တည်နေရာ ကတော့ သြစတြေးလျ၊ Whitsunday ကျွန်းပဲ ဖြစ်ပါတော့တယ်။