ကိုယ်ပိုင်စတိုင်လ်နဲ့ အပန်းဖြေမယ်

ဒီနေရာတွေအားလုံးဟာ အမြင်အားဖြင့် ကြီးကျယ်ချင်မှကြီးကျယ်မယ်။ ခမ်းနားချင်မှ ခမ်းနားမယ်။ အရှိန်အ၀ါ ရှိချင်မှလည်း ရှိ မယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဘယ်သူနဲ့မှမတူတဲ့ ကိုယ်ပိုင်စတိုင်လ်ကို အသီးသီးပိုင်ဆိုင်ထားကြတဲ့ နေရာတွေပဲ ဖြစ်ပါ တယ်။

ကွဲပြားခြားနားမှုရှိတဲ့ စတိုင်လ်ကြောင့်ပဲ ကမ္ဘာကျော်ထင်ရှားပြီး သူတို့ရဲ့ဆွဲအားကြောင့် သူတို့ရှိရာ အရပ်ဒေသတွေဟာလည်း ခရီးသွားဝါသနာရှင်များစွာရဲ့ စိတ်ဝင်စားဖွယ် ဦးတည်ရာ ဖြစ်လာခဲ့တယ်။ အဲဒီလို ကမ္ဘာတစ်လွှားမှာ သွားရောက်လည်ပတ်နားခိုချင်စရာ ဟန်ပန်တစ်မူထူးခြားတဲ့နေရာတွေကို နိုင်ငံတကာကွန်ပျူတာကွန်ယက်မှတစ်ဆင့် ရှာဖွေလေ့လာကောက်နုတ်ပြီး စတိုင်လ်ကျကျ ခရီး သွားပြီး ဇိမ်ရှိရှိအပန်းဖြေဖို့ကို စိတ်ဝင်စားတတ်တဲ့ ပရိသတ်များအတွက် တင်ဆက်မှု ပြုလိုက်ပါတယ်။

ခရေဒယ်လ်တောင်၊ သြစတြေးလျ

သြစတြေးလျက တက်စ်မေးနီးယားကျွန်းမှာ တည်ရှိတဲ့ ခရေဒယ်တောင်ဟာ သဘာဝဥယျာဉ်အဖြစ် ထိန်းသိမ်းထားတဲ့ စိန့်ကလဲ ယား အမျိုးသားဥယျာဉ်အတွင်းမှာ တည်ရှိပါတယ်။ အေးချမ်းပြီး တောက်ပကြည်လင်နေတဲ့ တောတောင်ရေကန် ရှုခင်းအလှအပတွေကို ပိုင်ဆိုင်ထားတဲ့  ခရေဒယ်တောင်မှာ အလည်အပတ်ရောက်ရှိ တည်းခိုချင်စရာနေရာလေးကတော့ Peppers Cradle Mountain Lodge ဖြစ်ပါတယ်။ အိစက်ညက်ညောမှုကို ခြေဖ၀ါးအောက်မှာခံစားနိုင်ပြီး  လန်းဆန်းလတ်ဆတ်မှုကို ၀န်းရံထားတဲ့ ပတ်ဝန်းကျင်ကရရှိနိုင်တယ် လို့ဆိုတဲ့ ဒီနေရာလေးဟာ သက်တောင့်သက်သာရှိမှုနဲ့ သဘာဝရဲ့အလှတရားကို ထူးခြားစွာပေါင်းစပ်ပြီး နှလုံးသားထဲထိ စိမ့်ဝင်ပျံ့နှံ့ခံစား စေပါတယ်။ ပက်ပါးစ်ဟိုတယ်ဟာ တက်စ်မေးနီးယားရဲ့ အကောင်းမွန်ဆုံးသော  စားသောက်ဖွယ်ရာတွေ၊ စိတ်ကြိုက်ရွေးချယ် တည်း ခိုချင်စရာ ဇိမ်ကျကျအခန်းတွေ၊ ဟိုတယ်ပတ်ဝန်းကျင် သစ်ပင်တွေကြားမှာ တွေ့မြင်နိုင်မယ့် ချစ်စဖွယ်သားပိုက်ကောင်ငယ်လေးတွေရဲ့ မြင်ကွင်းနဲ့အတူ ဟိုတယ်ကနေ ခရေဒယ်တောင်ဆီ တိုက်ရိုက်လျှောက်လှမ်းနိုင်တဲ့ လမ်းကြောင်းရှည်လေးတွေဟာ အမှန်တကယ် စိတ် လက်ကြည်သာ  ပျော်ရွှင်စေမယ့် ခရေဒယ်အပန်းပြေခရီးကို မမေ့နိုင်အောင် ဖန်တီးပေးနေမှာပဲ ဖြစ်ပါတယ်။

 

ဂွီတာ၊ ဘော့စ်ဝါနာ

တောင်အာဖရိကမှာ တည်ရှိတဲ့ ဘော့စ်ဝါနာနိုင်ငံက ရွာကလေးဂွီတာမှာတော့ ပလန်းနက် ဘေအိုးဘတ်လို့ခေါ်တဲ့ ထူးထူးခြား ခြား အပန်းဖြေနားခိုချင်စရာ နေရာလေးရှိနေပါတယ်။ ဒီမိုးနည်းရပ်ဝန်းရဲ့ လကမ္ဘာဆန်ဆန် ခြောက်ခြောက်သွေ့သွေ့ မြင်ကွင်းတွေဟာ အရပ်ရပ်က ခရီးသွားဧည့်သည်များကို အိပ်မက်ဆန်ဆန် ဖိတ်ခေါ်နေ သလိုပါပဲ။ သက်ကယ်မိုးထားတဲ့ အာဖရိကန်တဲ လေးတွေ၊  ကြီးမားသန်မာလှတဲ့ ဘာ့အိုဘတ် (သို့) ဘေအိုးဘတ်သစ်ပင်ကြီးတွေရဲ့ မြင်ကွင်းဟာ ဒီကမ္ဘာကထွက်ခွာပြီး သီးခြားဂြိုလ်တစ်ခုထဲကို ရောက်ရှိသွားသလို ခံစားချက်ကို ပေးစွမ်းနေပါတယ်။ ခြုံပင်နွယ်ခက်တွေကြားမှာ သီးသန့်နားနေစရာ လုံးချင်းရိုးရာတဲလေးတွေ၊ ကြည်လင်သန့်ရှင်းကျယ်ဝန်းတဲ့ ရေကူးကန်နဲ့ ခေတ်မီစားသောက်ဆိုင်တွေဟာ ပလန်းနက်ဘေယိုးဘတ်ကို ရောက်ရှိလာတဲ့ ဧည့်သည် တွေအတွက် အကြိုက်တွေ့စရာပါ။ မြင်ကွင်းအသစ်အဆန်းတွေကို မှတ်တမ်းတင်ဖို့ အားသန်တတ်တဲ့ ဧည့်သည်တွေအတွက် ဘေအိုး ဘတ်ပင်ကြီးတွေကအစ ရွာနီးတစ်ဝိုက် လှုပ်ရှားသွားလာနေကြတဲ့ ဆင်တွေ၊ မြင်းတွေ၊ မြည်းတွေ၊ သဲကန္တာရရဲ့ ရောင်စုံဖြာတောက်ပ နေတဲ့ နေ၀င်ဆည်းဆာရှုခင်းတွေဟာ အကြိုက်တွေ့စရာပါ။ ဒီအရာတွေအပြင် လရောင်ကြယ်ရောင်အောက်မှာ တွေ့ရတတ်တဲ့ မြွေပါ ကောင်လေးတွေ၊ ပတ်ကြားအက်နေတဲ့ ရေခန်းအိုင်တွေပေါ်မှာ လမ်းလျှောက်ထွက်ရတဲ့ အတွေ့အကြုံတွေနဲ့ အင်းရေပြင်ကျယ် ပေါ်မှာ လှေငယ်စီးပြီး လေ့လာရေးသွားကြတဲ့ ခရီးစဉ်တွေဟာ ဒီအရပ်ဒေသရဲ့ စိတ်ဝင်စားဖွယ် ရာတွေဖြစ်တယ်လို့ သိရပါတယ်။

 

ဘိုလိုညာ၊ အီတလီ

အီတလီမြောက်ပိုင်းက ဘိုလိုညာမြို့မှာ လည်း စိတ်လှုပ်ရှားရင်ခုန်ဖွယ်ရာတွေ ရှိနေပါတယ်။ နှစ်ပေါင်း ၉၀၀ တိုင်ပြီဖြစ်တဲ့ ရဲတိုက်ကြီးမှာ အပန်းဖြေနေထိုင်တည်းခိုနိုင်မယ့် အခွင့်အရေးတစ်ခုပါ။ တိုရီ ပရန်ဒီပါတီလို့ ခေါ်ပါတယ်။ ယခင်ကရဲတိုက်ပုံစံနေရာ ကြီးဟာ ယခုအခါမှာ ရိုမန့်ဆန်ဆန်သီးသန့် နားနေစရာနေရာတစ်ခုအဖြစ် ပြောင်းလဲနေခဲ့ပါပြီ။ ဒီနေရာမှာတည်းခိုမယ့် ဧည့်သည်ဟာ သက်တောင့်သက်သာရှိပြီး ပြည့်စုံတဲ့ အခန်းတစ်ခုကိုသာမက ရဲတိုက်ကြီးတစ်ခုကိုလည်း ပိုင်ဆိုင်ခွင့်ရှိနိုင်ဦးမှာပါ။ ဖရန်ဒီပါတီရဲ့ဂန္တ၀င် ဆန်ဆန် အပြင်အဆင်တွေကြားမှာ လိုက်ပါစီးမျောနိုင်သလို ဘိုလိုညာမြို့ရဲ့ဒုတိယ အမြင့်ဆုံးအဖြစ် မီတာ ၆၀ အမြင့်ရှိတဲ့ တာဝါခေါင်မိုး ထပ်ကိုတက်ရောက်ပြီး ဘိုလိုညာတစ်မြို့လုံးရဲ့ ရှုခင်းကို ရင်သပ်ရှုမောဖွယ် ခံစားနိုင်မှာဖြစ်ပါတယ်။ သမိုင်းဖြစ်စဉ်တွေ စိတ်ဝင်စားတဲ့ ဧည့်သည်အတွက် အေဒီ ၁၁၀၀-၁၄၀၀ ခန့်အချိန်ကတည်းက စတင်ခဲ့တဲ့ ဒီတာဝါကြီးဟာ အတိတ်သမိုင်းကြောင်းထဲက အခန်းကတွေကို တွေ့မြင်လေ့လာနိုင်စေဖို့လည်း ပြောပြနေမှာ ဖြစ်ပါတယ်။

 

ဗြိတိသျှ ကိုလံဘီယာ၊ ကနေဒါ

ဒီနေရာမှာတော့ သိပ်ကိုထူးခြားပြီး မြင်သူ တိုင်းချစ်ကြမယ့် ငှက်သိုက်အိမ်ကလေးတွေကို တွေ့မြင်နိုင်မှာပါ။ Free Spirit Spheres လို့ အမည်ရပါတယ်။ မျက်လုံးသူငယ်အိမ်ပုံစံ ငှက်သိုက်အိမ် ငယ်လေးတွေကို သစ်ပင်ကြီးတွေပေါ်မှာ လုံခြုံစိတ်ချမှုရှိစွာ ချိတ် ဆွဲထားပြီး ကြိုးလှေကားတွေ၊ ဆလင်ဒါပုံစံ စတီးလ်လှေကားတွေက တစ်ဆင့်တက်ရောက်နိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ခရစ္စမတ် သစ်ပင်မှာ ချိတ်ဆွဲထားတဲ့ အလှဆင်ပစ္စည်းလေးတွေ ညင်ညင်သာသာလေး လွှဲယမ်းနေတဲ့ ဒီငှက်သိုက်အိမ်လေးတွေဟာ အတွင်းမှာ တော့ တကယ့်ငှက်သိုက်လေးတွေလို ကြမ်းရှမှု မရှိဘဲ အိပ်ရာပစ္စည်း အသုံးအဆောင်အားလုံး ဟာ အလွန်သန့်ရှင်းသပ်ရပ်စွာ နူးညံ့မွှေး ပျံ့နေပြီး ချွေးပေါင်းအိမ်၊ ရေချိုးခန်း၊ မီးဖိုခန်း စသဖြင့် ပြည့်စုံစွာ ရရှိနိုင်တယ်လို့ဆိုပါတယ်။ တိတ်ဆိတ်အေးချမ်းမှုနဲ့အတူ သစ်ရွက်လေ တိုးသံ၊ ကျေးငှက်တို့ရဲ့ အော်မြည်သံလေးတွေနဲ့အတူ နံနက်ခင်းကို သာယာချမ်းမြေ့စွာ နိုးထနိုင်မယ့် ဒီနေရာလေးဟာ မြို့ပြရဲ့ မွန်းကျပ် မှုဘ၀အမောတွေက နေ လွတ်မြောက်ခွင့်ရမယ့် သုခဘုံလေးပဲ ဖြစ်ပါ တယ်။

 

နယူးယော့ခ်၊ အမေရိက

နယူးယော့ခ်မှာတော့ မြို့ကြီးပြကြီးရဲ့ ခမ်းနားထည်ဝါပြည့်စုံတဲ့ နေရာများစွာကိုကျော်လွန်ပြီး မီးပြတိုက်လေးတစ်ခုကို ညွှန်ပြချင် ပါတယ်။ နယူးယော့ခ်မြို့ရဲ့ မြောက်ဘက် မိုင် ၁၀၀ အကွာမှာတည်ရှိတဲ့ ဆောဂါးတီးစ်မီးပြတိုက် ဖြစ်ပါတယ်။ ၁၈၆၉ ခုနှစ်က စတင်ခဲ့တဲ့ ဒီမီးပြတိုက်လေးဟာ ဟဒ်ဆန်မြစ်ထဲမှာ ကုန်တင်လှုပ်ရှား သွားလာခဲ့ကြတဲ့ ရေနွေးငွေ့သုံး သင်္ဘောရှည်ကြီးတွေ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်နိုင်ရေးအတွက် အခရာကျကျ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေထဲဝင်ရောက်လာချိန်မှာတော့ မီးပြတိုက်ဘ၀ကနေ အနားရပြီး အပန်းဖြေတည်းခိုစရာ နေရာလေးအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ဒီ့အတွက် ဖြစ်ပေါ်လာတဲ့ ထူးခြားမှုကတော့ မြစ်ပြင်ကို ဖြတ်သန်းဝင်ရောက်လာတဲ့ လေညင်းတသုန်သုန်ကို သဘာဝအတိုင်း ခံစားနားနေနိုင်တဲ့၊ လေအေးပေးစက်မလိုတဲ့ အခန်းငယ်များ ရရှိ လာခဲ့ခြင်းပါပဲ။ အိစက်ညက်ညောတဲ့ အိပ်ရာနဲ့ သက်တောင့်သက်သာနား နေနိုင်ဖို့ ဖန်တီးထားတဲ့ အခန်းငယ်ဟာ သဘာဝအလင်း ရောင်၊ သဘာဝအေးမြမှုနဲ့ ကြွယ်ဝနေပြီး ရှုမျှော်စရာတောင်တန်းတွေနဲ့ လှပစိမ်းစိုတဲ့မြစ်ကြောင်းတစ်လျှောက်က ရှုခင်းတွေအကြား လှည့်လည်သွားလာရင်း ကျန်းမာရေးနဲ့ ပြည့်စုံ တဲ့ အပန်းဖြေခရီးတစ်ခုကို ဖန်တီးရရှိနိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။

 

ကပ်ပဒိုးရှီး၊ တူရကီ

         

ကပ်ပဒိုးရှီးမှာ ဂေါ်ရင်းမ်းလို့ခေါ်တဲ့ တူရကီ ရဲ့ သမိုင်းဝင်ဒေသတစ်ခုရှိနေပါတယ်။ ဂေါ်ရင်းမ်ဟာ ထူးခြားတဲ့ အသွင်သဏ္ဌာန်နဲ့ ကျောက်တိုင် “fairy chimney” များစွာကြားက ရွာဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရာ နယ်မြေစာရင်းဝင်ဖြစ် တာနဲ့အညီ တည်းခိုစရာနေရာတွေလည်း အများအပြားရှိနေပါတယ်။  ဒီနေရာကို အလည်လာရောက်အပန်းဖြေတဲ့ ဧည့်သည်တွေအ တွက် ထူးခြားချက်ကတော့  မော်ဒန်ဂူအောင်းလူသားတွေ ဖြစ်ခွင့်ရနိုင်တာပါ။ ကပ်ပဒိုးရှီးဟာ ဂူအောင်းနေထိုင်တဲ့ လူသားတစ်ယောက် ရဲ့ အတွေ့အကြုံကို ကောင်းမွန်တဲ့ အစားအစာ၊ အသုံးအဆောင်များနဲ့တွဲဖက်ပြီး ၀န်ဆောင်မှုပေးထားတဲ့ (ကျောက်)ဂူဟိုတယ်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဟိုတယ်တွေရဲ့ အခန်းအားလုံးဟာ ကျောက်ဂူခန်းတွေချည်း မဟုတ်ဘဲ နှစ်သက်ရာအခန်းကို ရွေးချယ်နိုင်မှာ ဖြစ်ပါ တယ်။ ဂူအောင်းနေထိုင်တဲ့ ဧည့်သည်အပြင် အားလုံးသောဧည့်သည်များ တူညီစွာရရှိနိုင်မယ့်အခွင့်အရေးတစ်ခုကတော့ လတ်ဆတ်စွာ စီမံထားတဲ့ ကိုယ်တိုင်လုပ် ဟိုတယ်စာများကို အရသာရှိစွာ သုံးဆောင်ရင်း ဂေါ်ရင်းမ်ရဲ့ လှိုင်းထနေတဲ့ အံ့ဖွယ်ကျောက်လွင်ပြင် ရှုခင်းများကို မျက်ဝါးထင်ထင်ခံစားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

 

အိုက်ဇမန်ဂလစ်ဆို၊ တောင်အာဖရိက

ယခင်က the Greater St. Lucia လို့ ခေါ်တွင်ခဲ့ကြတဲ့ iSimangaliso Wetland Park ဟာလည်း ကမ္ဘာ့ အမွေအနှစ်ထိန်းသိမ်းရာ နယ်မြေတစ်ခု ဖြစ်ပါတယ်။ ဟက်တာပေါင်း ၃၂၈၀၀၀ အကျယ်အ၀န်းရှိတဲ့ ဒီနေရာမှာ Thonga Beach Lodge လို့ အမည်ရတဲ့ သဘာဝထဲ ဇိမ်ကျကျအနားယူနိုင်မယ့် နေရာတစ်ခုရှိနေပါတယ်။  သဲခုံ၊ သစ်တောအစရှိတဲ့ ရှုချင်စဖွယ်သော နေရာအမျိုးမျိုးမှာ အနှံ့အပြားတည်ရှိနေတဲ့၊ကျယ်ဝန်းလှပတဲ့ အိမ်လေးတွေမှာ စိတ်တိုင်းကျ တည်းခိုနိုင်ပြီး ပင်လယ်ကမ်းခြေနဲ့ အနီးတစ်ဝိုက်မှာလည်း လိပ်ကလေးတွေနဲ့ ရံဖန်ရံခါ ဝေလငါးတွေ ဖြတ်သန်းသွားတာကိုတောင် တွေ့မြင် နိုင်တယ်လို့ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင် မပျက်စီးရလေ အောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဒီနယ်မြေမှာ လတ်ဆတ်တဲ့ ပင်လယ်  လေကို ရဲရဲဝံ့ဝံ့ရှူရှိုက်ရင်း အဆုတ်တွေ ပိုမိုသန်စွမ်းကျန်းမာလာ အောင်ဆောင်ရွက်ရင်း ဖြူလွှသန့်ရှင်းတဲ့သဲသောင်ပြင်ထက်မှာ သဘာဝ Spa ပြုလုပ်ကြမလား... စွန့်စားတတ်တဲ့ ခရီးသည်အတွက် စနူကာ ရေငုပ်မလား... ကနူးလှေလှော်မလား... ဒါမှ မဟုတ် ဒေသခံဧည့်လမ်းညွှန်နဲ့အတူ အလည်အပတ်ထွက်ရင်း အာဖရိကရဲ့ ဒေသန္တရဗဟု သုတုတွေ ရှာဖွေမလား... စတဲ့.. စတဲ့ အပန်းဖြေလှုပ်ရှားမှုတွေကို စိတ်ထဲရှိသမျှ လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်မှာပဲ ဖြစ်ပါတော့တယ်။