နှင်းဆောင်းတောင်ပေါ်ဆီ…

ဖေဖော်ဝါရီဆိုတာ ဆောင်းနှင်းနဲ့ နွေနေခြည်ရောယှက်ထားတဲ့ အလှတရားများကြားမှာ တောတောင်ရေမြေသဘာဝ အရာအားလုံးဟာ ရှုမောမဆုံးနိုင်ဖွယ်သာယာလှပချိန်ပါ။  

ဒီလိုအလှသစ်တွေကြားမှာ ခရီးချစ်သူများအားလုံးအတွက် စိတ်ကူးသစ်... အတွေးသစ်… ရည်မှန်းချက်သစ်… အားအင်သစ်၊ လန်းဆန်းခြင်းအသစ်တွေကို ဖန်တီးပေးမယ့် ခရီးသစ်တစ်ခုကို People နဲ့အတူ လိုက်ပါခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။ 

ဒီခရီးစဉ်ကတော့ သွားခဲ့ဖူးသမျှ မြေပြန့်တောင်ပေါ် ဘယ်ခရီးစဉ်နဲ့မှမတူအောင်ကို တစ်မူထူးခြားပြီး ရင်ခုန်စိတ်လှုပ်ရှားမှုအသစ်တွေကိုချည်း ခံစားရရှိစေမယ့် ရေခဲတောင်တက်ခရီးစဉ် ဖြစ်ပါတယ်။ ရေမြေတောတောင်သဘာဝအားဖြင့် ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားတဲ့ ကိုယ့်မြေမှာ အလှပဆုံးလက်ဆောင် ရေခဲတောင်တွေလည်း ဖြစ်တည်နေလေတော့ ခုလိုရာသီမျိုးဟာ ရင်ခုန်စွန့်စား သဘာဝခရီးသွား ချစ်သူတွေအတွက် နှင်းဦးထုပ်ဆောင်းထားတဲ့ တောင်တွေပေါ်ကို အမှန်တကယ်ရောက်ရှိနိုင်ဖို့ အကောင်းဆုံးရာသီ ဖြစ်လို့နေပါတယ်။ 

ဒီလို လှပတဲ့ ရေခဲတောင်တွေဟာ ပြည်မြန်မာရဲ့ မြောက်ဖျားစွန်းမှာ တည်ရှိနေတာမို့ ရေခဲတောင်တွေဆီကို ဦးတည်ဖို့ရာ ကချင်ပြည်နယ်ထဲက ပူတာအိုမြို့လေးဆီကို ဦးစွာပထမသွားရောက်ဖို့ လိုပါတယ်။ ပူတာအိုမြို့အလည်အပတ်ခရီးစဉ်နဲ့ပတ်သက်ပြီး ခရီးလမ်းပန်းဆက်သွယ်ရေး၊ တည်းခိုနေထိုင်စားသောက်ရေးစတဲ့ ပူတာအိုနဲ့ ပတ်သက်တဲ့အကြောင်းအရာများကို People မဂ္ဂဇင်း၊ ၂၀၁၆-ဒီဇင်ဘာလထုတ်မှာ “ နှင်းတောင်တွေ ၀န်းရံနေတဲ့ စိမ်းလန်းလွင်ပြင်” ခေါင်းစဉ်နဲ့ အသေးစိတ်ဖော်ပြခဲ့ပြီး ဖြစ်တဲ့အတွက် ဒီနေရာမှာတော့ ပူတာအိုကို ရောက်ရှိနိုင်မယ့်လမ်းကြောင်း အကျဉ်းရုံးလေးကိုပဲ ဦးစွာဖော်ပြပေးပါမယ်။

ပူတာအိုသို့ ခရီးလမ်း
ပူတာအိုသို့ ခရီးလမ်းကြောင်းကို လေကြောင်းနဲ့ ကုန်းကြောင်းနှစ်မျိုးရွေးချယ်နိုင်ပြီး လေကြောင်းကို ပိုမိုအားထားလေ့ရှိကြပါတယ်။ ပူတာအိုကို လက်ရှိပြေးဆွဲတဲ့လေကြောင်းလိုင်းတွေကတော့ Golden Myanmar Airline, Myanmar National Airline နဲ့ Yangon Airways တို့ဖြစ်ပြီး ၂၀၁၆ ဈေးနှုန်းများအရ လေယာဉ်လက်မှတ်ခတွေဟာ တစ်သိန်းသုံးသောင်းငါးထောင်ကျပ်ကနေ တစ်သိန်းလေးသောင်းကျပ် အထိရှိပါတယ်။ ရန်ကုန်- မန္တလေးတစ်ဖြတ် စီးပြီးတဲ့နောက် မန္တလေး- မြစ်ကြီးနား-ပူတာအိုကို နှစ်နာရီခန့် ဆက်စီးရပါတယ်။ မြစ်ကြီးနားမှာ ၁၅ မိနစ်ခန့်တစ်ထောက်နားပြီး မြစ်ကြီးနားကနေ ပူတာအိုကို ၄၅ မိနစ်ခန့် ဆက်သွားရပါတယ်။

ကုန်းလမ်းကသွားမယ်ဆိုရင်တော့ ရန်ကုန်-မြစ်ကြီးနားအထိExpress နဲ့ သွားလာနိုင်ပြီး ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကနေ နံနက် ၁၀ နာရီခွဲကားနဲ့ စထွက်မယ်ဆို မြစ်ကြီးနားကို နောက်တစ်နေ့ နေ့လယ် ၁၂ နာရီခန့်မှာ ရောက်ရှိနိုင်ပါတယ်။ မြစ်ကြီးနားကနေ ပူတာအိုကို ကားနဲ့ ဆက်သွားမယ်ဆိုရင် လမ်းမကောင်းတဲ့အတွက် ရောက်မယ့်ရက်ကို အတိအကျမဆိုနိုင်ဘဲ ခုလိုပွင့်လင်းရာသီမျိုးမှာတောင် လေး၊ ငါးရက်မျှ ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားအထိ ကားနဲ့သွားမယ်ဆိုရင်တောင် မြစ်ကြီးနားကနေ ပူတာအိုကိုတော့ လေယာဉ်စီးသွားတာ အဆင်အပြေဆုံး ဖြစ်ပါလိမ့်မယ်။

နာမည်ထင်ရှားရေခဲတောင်များ
ပူတာအိုကိုရောက်ရှိနိုင်မယ့် လမ်းခရီးကို သိရှိပြီးတဲ့အခါ ပူတာအိုဒေသကနေ သွားရောက်လေ့ရှိကြတဲ့ ရေခဲတောင်တွေကို လေ့လာကြည့်ကြပါမယ်။ ရေခဲတောင်တွေရဲ့ အမြင့်ပေအလိုက် အချိန်ပေးတက်ရောက်ရတဲ့ ရက်တွေကလည်း ကွာခြားမှုရှိပါတယ်။ 
ဖုန်ကန်ရာဇီ ရေခဲတောင် အမြင့်ပေ ၁၁၉၀၀ ၊ ၉ ညအိပ် ၁၀ ရက်
ဖုန်ရင်ရာဇီ ရေခဲတောင် အမြင့်ပေ ၁၄၀၀၀ ၊ ၁၂ ညအိပ် ၁၃ ရက်
ဖန်ဂရမ်ရာဇီ ရေခဲတောင် အမြင့်ပေ ၁၄၂၀၀ ၊ ၁၃ ညအိပ် ၁၄ ရက်
မဒွယ်ရာဇီ ရေခဲတောင် အမြင့်ပေ ၁၅၂၀၀ ၊ ၁၆ ညအိပ် ၁၇ ရက်နဲ့ 
မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီ ရေခဲတောင် အမြင့်ပေ ၁၉၂၀၀ ၊ ၃၉ ညအိပ် ၄၀ ရက်ခန့် တက်ရောက်ရမှာ ဖြစ်ပါတယ်။

ခုလိုထင်ရှားတဲ့ ရေခဲတောင်တွေအပြင် အခြားသော ရေခဲတောင်ပေါင်းများစွာလည်း ကျန်ရှိ သေးပေမဲ့ ပူတာအိုရေခဲတောင်ခရီး ပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ဖြစ်တဲ့ Travel Expert က တာဝန်ရှိသူ ဓာတ်ပုံ - ကိုမိုးမင်းသိန်း(ပူတာအို) ရဲ့ ပြောပြချက်အရ အဓိကပို့ဆောင်ပေးနေတဲ့ ရေခဲတောင်တွေဟာ ဖုန်ကန်၊ ဖုန်ရင်၊ ဖန်ဂရမ်နဲ့ မဒွယ်ရာဇီတို့ ဖြစ်တယ်လို့သိရပါတယ်။

နှင်းဖွေးဖွေးနဲ့ ရေခဲတောင်တွေဟာ လှပလွန်းတဲ့ရှုခင်းတွေကို ပိုင်ဆိုင်ထားသလို တက်ရောက်တဲ့နေရာမှာလည်း တစ်ရက်နှစ်ရက်လောက်နဲ့ ရောက်နိုင်တဲ့နေရာမျိုးမဟုတ်တာကြောင့် စွန့်စွန့်စားစားစိတ်ဓာတ်နဲ့ ခံနိုင်ရည်များများရှိဖို့ လိုအပ်ပါတယ်။ 

ဒါကြောင့် ရေခဲတောင်တက်ခရီးစီစဉ်သူတွေဟာ ခရီးသည်အများ အဆင်ပြေစေမယ့် ဖုန်ကန်၊ ဖုန်ရင်တို့ကိုပဲ ပို့ဆောင်ပေးကြပါတယ်။ 

ရေခဲတောင်တက်လိုသူ ခရီးသွားများအနေနဲ့ ရန်ကုန် သို့မဟုတ် မိမိနေထိုင်ရာမြို့ကနေ ပူတာအိုကို မိမိကိုယ်ပိုင်အစီအစဉ်နဲ့ လာရောက်နိုင်ပြီး ပူတာအိုမှဒေသခံရေခဲတောင်ခရီးစီစဉ်သူတွေဟာ ခရီးသည်ပူတာအိုမြို့က စတင်ရောက်ရှိချိန်ကစပြီး ရေခဲတောင်အသွားအပြန်ခရီး တည်းခိုနေထိုင်သွားလာစားသောက်စရိတ် အားလုံးကိုအပြီးအစီး တာဝန်ယူဆောင်ရွက်ပေးပါတယ်။

အဲဒီအတွက်ဝန်ဆောင်ခကတော့ ပူတာအို - ဖုန်ရင်ခရီးစဉ်ကို တစ်ဦးလျှင်၁၁သိန်းကျပ်သတ်မှတ်ထားတယ်လို့ ၂၀၁၆ နှစ်ကုန်ပိုင်းဈေးနှုန်း အရသိရပါတယ်။ အဆိုပါဝန်ဆောင်ခထဲမှာ ပါဝင်တာတွေကတော့ ပူတာအိုရောက်ရှိချိန်ကစပြီး တည်းခိုစရိတ်အပါအ၀င် ရေခဲတောင်တက်ခရီးလမ်းတစ်လျှောက်စားဖိုမှူး၊ အစားအသောက်၊ လမ်းပြ၊ အထမ်းသမား၊ ရေခဲဓာတ်ခံစောင် (Slee-ping Bag) ၊ ရွက်ဖျင်တဲ့ (Tent)၊ အိပ်ရာခင်း (Air Mark) ၊ သုံးဘီး(တုတ်တုတ်ခ)၊ ခရီးလမ်းတစ်
လျှောက်ရွာများ၌ တည်းခိုခ၊ ခရီးစဉ်အစအဆုံး လိုက်ပါပေးမဲ့ ဒေသခံအဖွဲ့ဝင်၁၁ဦး၏ စားသောက် စရိတ်အပါအ၀င် အပြီးအစီးဖြစ်ပြီး တောင်တက်ခရီးစဉ်ကိုလည်း ခရီးသည် ဦးရေအနည်းဆုံး ၄ ဦးမှ အများဆုံး ၇ဦး ကန့်သတ်ထားပါတယ်။

ဝန်ဆောင်မှုမှာ မပါဝင်တဲ့အရာတွေကတော့ ပူတာအိုအသွားအပြန် လေယာဉ်လက်မှတ်၊ မိမိကိုယ်ပိုင်အသုံးအဆောင် ဆေးဝါးနဲ့ပစ္စည်းများ၊ ခရီးစဉ်နဲ့ မသက်ဆိုင်သော အပိုကုန်ကျမှုများ၊ အရက်၊ ဘီယာစတဲ့ ကုန်ကျစရိတ်များနဲ့ ခရီးစဉ် မပြီးဆုံးမီမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်လိုက်ပါနိုင်ခြင်းမရှိသူများကို ငွေပြန်အမ်းမှာ မဟုတ်ဘဲ ခရီးစဉ်သတ်မှတ်ရက်ထက်ကျော်လွန်ပြီး နေလိုတဲ့ခရီးသည်များကိုလည်း ပိုနေမယ့်ရက် အရေအတွက်ပေါ်မူတည်ပြီး ၀န်ဆောင်ခထပ်မံ
ကောက်ခံသွားမှာဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ထားပါတယ်။ ပိုမိုစွန့်စားလိုသူတွေအနေနဲ့ အမြင့်ပေ ပိုများတဲ့တောင်တွေကို တက်ချင်တယ်ဆိုရင်တော့ ငွေကုန်ကြေးကျ ပိုမိုများပြားမှာဖြစ်သလို လေ့ကျင့်မှုတွေလည်း အများကြီး ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ရေခဲတောင်တက်နိုင်ရန်အတွက် လေ့ကျင့်မှုများ
ရေခဲတောင်တွေပေါ်ရောက်တဲ့အခါ  အအေးဒီဂရီ - 5C ကနေ -15C အထိရှိနိုင်တဲ့အတွက် ဒီအအေးဒဏ်ကိုခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ရေခဲတောင် ခရီးသွားပို့ဆောင်ရေးအဖွဲ့အနေနဲ့ အသုံးပြုတဲ့ Tent နဲ့ Sleeping Bag တွေဟာ -15C အထိ ခံနိုင်ရည်ရှိပါတယ်။ ဖုန်ရင်နဲ့ ဖုန်ကန်ကတော့ ရေခဲပြင်ပေါ်မှာ အိပ်စက်ဖို့မလိုအပ်တဲ့ခရီးဖြစ်တာကြောင့် -5C လောက်အထိ ခံနိုင်ရည်ရှိရင် အဆင်ပြေတယ်လို့ဆိုပါတယ်။

ခုလိုရေခဲတောင်တက်ဖို့ရာမှာ ကျန်းမာရေးကောင်းသူဖြစ်ဖို့ လိုအပ်တယ်ဆိုတာ အထူးပြောစရာမလိုအောင် စာဖတ်ပရိသတ်အနေနဲ့ သိရှိပြီး ဖြစ်ပါတယ်။ တောင်တက်ခရီးအတွေ့အကြုံမရှိသေးသူတွေဟာ ပိုမိုသက်လုံကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်းများပြုလုပ်သင့်ပါတယ်။ နှစ်ပတ်ခန့်ကြိုတင် စက်ဘီးစီးခြင်း၊ အပြေးလေ့ကျင့်ခြင်းနဲ့ အကြောလျှော့လေ့ကျင့်ခန်းများကို ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်။

ရေခဲတောင်မှာ သတိပြုစရာ
အထက်မှာပြောခဲ့သလိုပါပဲ… ရေခဲတောင်ခရီးဟာ သာယာလှပမှုတွေများပြားသလောက် စွန့်စွန့်စားစားအန္တရာယ်တွေကိုလည်း ကြုံတွေ့ ကျော်လွှားရတတ်ပါတယ်။ အချိန်မရွေး ကြုံရတတ်တဲ့ သဘာဝဘေးအန္တရယ်တွေလည်း ရှိနေတာကြောင့် တောင်တက်သူဟာ အမြဲတမ်း မျက်စေ့ရှင်ရှင်ထားပြီး အထက်အောက် အမြဲဂရုစိုက်တတ်ဖို့လိုပါတယ်။ သွားရင်းလာရင်း လေတိုက်လာတဲ့အခါ အပင်ဆွေးတွေအောက်မှာ မခိုလှုံမိစေဖို့ သတိပြုရပါမယ်။ 

တစ်ခါတစ်ရံမှာ ရေခဲတောင်ပေါ် ရာသီဥတုဟာ ပြောင်းလဲသွားတတ်ပါတယ်။ ဥပမာ- မြူနှင်းတွေများလာပြီး တစ်ဦးနဲ့တစ်ဦးမမြင်ရလောက် အောင် မှောင်ကျသွားတတ်တာမျိုး၊ မိုးနဲ့ လေ အတူ လာတာမျိုးတွေပါ။ 

ရေခဲလွင်ပြင်ကြီးပေါ်မှာ လေပြင်းမုန်တိုင်းတိုက်သလို လေပြင်းထန်မှုမျိုးနဲ့ ကြုံတဲ့အခါ ရေခဲကို မိမိတစ်ကိုယ်စာတူးပြီး လေလာတဲ့ဘက်ကို အကာအကွယ်ယူထားရပါမယ်။ တောင်ပေါ်တက်နေစဉ်မှာ နှင်းမြူတွေကြောင့် တစ်ဦးကိုတစ်ဦး မမြင်ရတဲ့အခါ ဓာတ်မီးနဲ့အချက်ပေးကြရပါတယ်။ စိတ်အေးအေးထားပြီး သွေးပူလေ့ကျင့်ခန်းများများလုပ်နေဖို့ လိုပါတယ်။ ဒေသခံတောင်တက်သမားတွေလာတွဲခေါ်တာကို စောင့်ရပါမယ်။ တစ်ဦးတည်း ထင်ရာမြင်ရာလျှောက်သွားခြင်းမျိုးကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ 

ရေခဲတောင်တက် ဆောင်ရန်၊ ရှောင်ရန် လိုအပ်ချက်များ
Trekking Shoes ကောင်းကောင်း လိုအပ်ပါတယ်။ အလှ Walking Shoes များ သုံးမရပါ။ တောင်တက်ရှူးဖိနပ်ကို အသားကျစေရန် ကြိုတင် အစီးကျင့်ထားဖို့ လိုအပ်ပါတယ်။

အတို၊ အရှည် လိုအပ်သလို အသုံးပြုနိုင်တဲ့ Walking Stick ဆောင်သင့်ပါတယ်။ လမ်းလျှောက်တုတ်မပါရင် လမ်းခရီးမှာ အလွယ်တကူ ၀ါးလုံးခုတ်ပြီးတော့လည်း တောင်ဝှေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ထူထဲပြီး ရေစုတ်တဲ့ အ၀တ်အစားမျိုး ရှောင်ရပါမယ်။ မိုးကာပြီး ပေါ့ပါးနွေးထွေးတဲ့ ၀တ်စုံဖြစ်ဖို့ အရေးကြီးသလိုဖြုတ်နဲ့ ကျွတ်ကာကွယ်နိုင် ဖို့အတွက် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် မပါမဖြစ်လိုအပ်ပါတယ်။

ပေါ့ပါးနွေးထွေးတဲ့ မိုးကာအင်္ကျီတစ်ထည်၊ လက်အိတ်နှစ်စုံ၊ ခြေအိတ်ငါးစုံ၊ အနွေးဦးထုပ်တစ်လုံး၊ နားအုပ်တစ်စုံ၊ ဆွယ်တာအင်္ကျီလက်ရှည်နဲ့ ဆွယ်တာဘောင်းဘီရှည်နှစ်ထည်၊ ရိုးရိုးလက်ရှည်အင်္ကျီနဲ့ လမ်းလျှောက်ကောင်းစေမယ့် ဘောင်းဘီရှည်နှစ်ထည်၊ နေကာမျက်မှန်တစ်လက်၊ ရေစိုခံဘွတ်ဖိနပ်တစ်ရံ၊ ဆိုင်ကယ်စီး မိုးကာအရှည်တစ်ထည်နဲ့ ကိုယ်ပိုင်သောက်ရေဘူးတစ်ဘူးပြင်ဆင်ထားရပါမယ်။

ကင်မရာနဲ့ နာရီကိုတော့ ရေစိုခံအမျိုးအစားသုံးပေးခြင်းဖြင့် ရေခဲတောင်ရဲ့ရေငွေ့ကြောင့် ပျက်စီးမှုကိုကာကွယ်နိုင်မှာပါ။

တောင်ပေါ်လမ်းခရီးတစ်လျှောက်မှာ အသုံးချရမယ့် ဓာတ်ခဲသုံးဓာတ်မီး သို့မဟုတ် ခေါင်းဆောင်းဓာတ်မီး Head Lamp နဲ့ ခုတ်ဓား(ဓားတို) တစ်လက်လိုအပ်ပါတယ်။

တောင်ပေါ်က အအေးဓာတ်နဲ့ ဖိအားကိုခံနိုင်ဖို့အတွက် ချင်းနဲ့ ကြက်သွန်ဖြူဟာ သဘာဝအားဖြင့် ကောင်းမွန်တဲ့ အစားအစာများဖြစ်ပြီး အကြောပြေလိမ်းဆေးများ၊ အအေးမိတုပ်ကွေးပျောက်ဆေးများ၊ ကြွက်သားနှင့်ဆိုင်သော ဆေးဝါး
များ အစရှိတဲ့ဆေးဝါးတွေကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆောင်ယူသင့်ပါတယ်။

လမ်းခရီးမှာ မိမိရဲ့ ကျန်းမာရေးအခြေအနေ ကို နေ့စဉ်စစ်ဆေးသင့်ပြီး မိမိမှာ ဓာတ်မတည့်တဲ့အစားအစာမျိုးရှိခဲ့မယ်ဆိုရင်တော့ ခရီးမတိုင်ခင်ကတည်းက ခရီးသွားလုပ်ငန်း အဖွဲ့ခေါင်းဆောင်ထံမှာ ကြိုတင်အသိပေးထားရမှာ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ အကြံပြုလိုတာကတော့ ကိုယ့်ရဲ့ကျောပိုးအိတ်ဟာ တစ်ကိုယ်ရည်စာ ၀န်ကျဉ်းနိုင်သမျှကျဉ်းစေဖို့နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ကျစ်လျစ်ပြည့်စုံစွာ သယ်ဆောင်တတ်ဖို့ လိုအပ်တဲ့အတွက် ရေဘူး၊ မုန့်၊ ဖယောင်းတိုင်၊ မီးခြစ်၊ ဓာတ်မီး၊ ဘောပင်နဲ့ မှတ်စုစာအုပ်ကို အမြဲတမ်း ထည့်ထားရပါမယ်။ ဓားတိုဆောင်ထားရပါမယ်။ ခရီးကျွမ်းကျင်သူ အဖွဲ့ခေါင်းဆောင်ကို နေ့စဉ်အစီအစဉ်မေးမြန်းထားဖို့လိုအပ်ပြီး သိလိုတာ မရှင်းလင်းတာများကို သေချာစွာ နားလည်အောင်ပြုလုပ် ထားဖို့ လိုပါတယ်။ လိုအပ်သောပစ္စည်းတွေ ပြည့်စုံပြီဆိုရင်တော့ ခရီးသွားဖော်အချင်းချင်း ညီအစ်ကို မောင်နှမရင်းချာပမာ ရိုင်းပင်းကူညီချစ်ခင်စိတ်ထားပြီး ရေခဲတောင်ခရီးကို ညီညီညွှတ်ညွှတ် ပျော်ပျော်ရွှင်ရွှင် စတင်နိုင်ပါပြီ။

ရေခဲတောင်တွေ အလှဆုံးအချိန်
ဖုန်ကန်နဲ့ ဖုန်ရင်တောင်တွေကို ရေခဲထူထူနဲ့ အလှပဆုံးရှုခင်းတွေကြားမှာ သွားချင်တယ်ဆိုရင်တော့ ဇန်န၀ါရီကနေ ဧပြီလဆန်းလောက်အထိဟာ ရာသီဥတု အကောင်းဆုံးအချိန်တွေဖြစ်ပြီး လမ်းခရီးလည်း အဆင်ပြေစေပါတယ်။ လမ်းခရီး
မှာ အတက်အဆင်းတွေများတဲ့အတွက် အတက်တွေမှာ ပုံမှန်ခြေလှမ်းနဲ့သာတက်ပေးပြီး အဆင်းတွေမှာတော့ ပိုသတိထားရပါမယ်။ မြေသားနဲ့ ကျောက်သားရောနှောနေတဲ့ ခရီးလမ်းဖြစ်တဲ့အတွက် ချော်မကျအောင် ဂရုစိုက်သင့်သလို ခရီးသွား
ရင်း ခုတ်ထွင်ခဲ့ကြတဲ့ ၀ါးငုတ်တိုတွေကိုလည်း သတိပြုဖို့ လိုအပ်တာကြောင့် ဘယ်အချိန်မှာမှ အလောတကြီးမသွားလာဘဲ မှန်မှန်လေးတက်ဆင်းသွားလာခြင်းကသာ အန္တရာယ်ကင်းကင်းနဲ့ ခရီးရောက်စေမှာ ဖြစ်ပါတယ်။

ဖုန်ကန်ရာဇီကို ပုံမှန်နားနားနေနေလေး တက်ရောက်မယ်ဆိုရင် ၁၀ ညအိပ် ၁၁ ရက်ခန့် အချိန်ပေးရပြီး အမြင့်ပေပိုတဲ့ ဖုန်ရင်ရာဇီကိုတော့ ၁၂ ညအိပ် ၁၃ ရက်ခန့် တက်ရောက်ရပါတယ်။ တောင်တက်ကာလအတွင်း တစ်နေ့မှာ ငါးနာရီ၊ ခြောက်နာရီခန့် လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။

ရေခဲတောင်ကိုသွားတဲ့ လမ်းခရီး တစ်လျှောက်မှာတော့ ရ၀မ်ရွာ၊ လီဆူးရွာစတဲ့ တိုင်းရင်းသားကျေးရွာတွေကို ဖြတ်သန်းရောက်ရှိမှာနိုင်မှာဖြစ်တဲ့အတွက် တိုင်းရင်းသားတို့ရဲ့ လူနေမှုဓလေ့စရိုက်တွေကို လေ့လာနိုင်မှာဖြစ်သလို သစ်တောသစ်ပင်ချစ်ခင်သူတို့အတွက် သဘာဝသစ်ခွမျိုးစိတ်များစွာနဲ့ တောင်ပေါ်မှာပွင့်လန်းတဲ့ ပန်းမျိုးစိတ်များစွာကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ 

ဒါ့အပြင် ငှက်ဝါသနာရှင်တို့အတွက် ရှားပါးမျိုးစိတ်ငှက်တွေကိုလည်း သွားရင်းလာရင်း တွေ့မြင်နိုင်မှာဖြစ်သလို သားမင်း၊ တောင်ဆိတ်နဲ့ ကတိုးကောင်တွေဟာလည်း ပူတာအိုခရိုင်မှာ ကျက်စားကြတဲ့ ရှားပါးမျိုးစိတ်သားကောင်တွေဖြစ်ပါတယ်။ 
ရေခဲတောင်တွေက ထွက်ရှိတဲ့ ရှီးပဒီး ခေါ် ပိုးနွယ်ရှင်ကောင်လေးတွေဟာ ရုပ်ပျိုကိုယ်နုဆေးအဖြစ် ထင်ရှားပြီး ရှားရှီ၊ မချစ်ဥ၊ ခန်းတောက်မြစ်၊ လေဆေးရွက်နဲ့ အဆိပ်ဖြေဆေးပင် စတဲ့ သဘာဝရဲ့တန်ဖိုးကြီးလက်ဆောင်တွေလည်း ထွက်ရှိရာမြေဖြစ်ပါတယ်။ 

ဒီလိုသဘာဝအလှတွေနဲ့ အဖိုးတန်ရတနာတွေကြားက ရေခဲတောင်တွေပေါ်ကို တက်ရောက်နိုင်ဖို့အတွက် အမြင့်ပေ အမျိုးမျိုးရှိတဲ့ ရေခဲတောင်တွေထဲက အလယ်အလတ်အမြင့်လောက်မှာရှိတဲ့ ဖုန်ရင်တောင်ကို ရွေးချယ်ပြီး လမ်းခရီးကို လေ့လာကြည့်ကြပါမယ်။


ဖုန်ရင်ရာဇီ ရေခဲတောင်ခရီး
ဖုန်ရင်ရာဇီ အမြင့်ပေ ၁၄၀၀၀ ၊ ၁၂ ည အိပ် ၁၃ ရက်ခရီးစဉ်တစ်လျှောက် လမ်းကြောင်းအစီအစဉ်ကတော့ ရန်ကုန် သို့မဟုတ် မိမိနေထိုင်ရာဒေသကနေ ပူတာအိုကို စတင်ရောက်ရှိလာတဲ့နေ့မှာ ရေခဲတောင် ခရီးသွားအဖွဲ့ရဲ့ အစီအစဉ်နဲ့ ပူတာအို အနီးတစ်ဝိုက်က တည်းခိုခန်းမှာ တစ်ည အိပ်အနားယူပြီး နောက်တစ်နေ့ နံနက်မှာခရီးစဉ်ကိုစတင်မှာဖြစ်ပါတယ်။ 

ပူတာအိုကို ခြေချပြီး ဒုတိယနေ့မှာ ပူတာအိုကနေ အထက်ဆန်ဂေါင်ကျေးရွာကို သုံးဘီးကားနဲ့ ထွက်ခွာခြင်းကစလို့ ရေခဲတောင်တက်ခရီးကို စတင်ပြီဖြစ်ပါတယ်။ ဆန်ဂေါင်ကနေ ၀ါဆန်ဒမ်းသို့ တောင်တက်တောင်ဆင်း ၁၂ မိုင် (အမြင့်ပေ ၄၅၀၀ခန့်) ခြေလျင်ခရီးဆက်ပြီးနောက် ၀ါဆန်ဒမ်းကျေးရွာမှာ ညအိပ်ရပ်နားပါတယ်။ 

တတိယနေ့မှာတော့ ၀ါဆန်ဒမ်းကျေးရွာမှ ဇီယာဒမ်းကျေးရွာသို့ မြေပြန့် ၉ မိုင်ခန့် (အမြင့်ပေ ၃၀၀၀) ခန့်ဆက်လက်လျှောက်လှမ်းပြီး ဇီယာဒမ်းမှာ ညအိပ်တည်းခိုပါတယ်။ 

၎ ရက်မြောက်နေ့မှာ ဇီယာဒမ်းကထွက်ခွာပြီး တောစခန်း (၁) ကို ညအိပ်ရပ်နားဖို့ ၀င်ရောက်ရာမှာ မြေပြန့်နဲ့ တောင်တက်တောင်ဆင်း ၁၁ မိုင် (အမြင့်ပေ ၅၀၀၀ ခန့်) ကို ၆ နာရီကြာမျှ လျှောက်လှမ်းရမှာဖြစ်ပါတယ်။ 

၅ ရက်မြောက်မှာဆိုရင် တောစခန်း ၂ ကို ကျော်လွန်ဖြတ်သန်းပြီး တောင်တက် ၁၁ မိုင် (အမြင့်ပေ ၁၀၀၀၀ ခန့်)ကို တက်လှမ်းပြီး တောစခန်း ၃ မှာ ညအိပ်ရပ်နားကြပါတယ်။ 

၆ ရက်မြောက်မှာ တောစခန်း ၃ ကနေ ဖုန်ရင်တောင်ထိပ်ရောက်ဖို့ တစ်ဆင့်သာဖြတ်ကျော်ရ တော့မယ့် ကျောက်ဂူစခန်းသို့ တောင်တက် ၈ မိုင် (အမြင့်ပေ ၁၂၅၀၀) ကို ၆ နာရီကြာတက်ရောက်ပြီး ကျောက်ဂူစခန်းမှာ ညအိပ်နားခိုပါတယ်။ 

၇ ရက်မြောက်နေ့မှာတော့ ကျောက်ဂူစခန်းကနေ တောင်တက် ၄ မိုင်ခရီးကို ၃ နာရီကြာ တက်ရောက်ပြီးနောက် ဖုန်ရင်ရာဇီရေခဲတောင်ထိပ်ကိုရောက်ရှိနိုင်ပါပြီ။ 

ရေခဲတောင်ပေါ်မှာ ရေခဲဖွေးဖွေးနဲ့ လှပတဲ့ ရှုခင်းတွေကို အပြည့်အ၀ခံစားမှတ်တမ်းတင်ပြီးတဲ့ နောက်မှာတော့ ကျောက်ဂူစခန်းကို ပြန်လည်သက်ဆင်းပြီး ရေခဲတောင်ပေါ်က အပြန်ခရီးကို စတင်ကြပါတယ်။ ကျောက်ဂူစခန်းသို့ ပြန်ဆင်း
ချိန်မှာ တစ်နာရီခွဲမျှသာ ကြာမြင့်ပါတယ်။ အဲဒီနောက်မှာတော့ အတက်ခရီးလိုပဲ အဆင့်ဆင့် ညအိပ်ရပ်နားပြီး အဆင်းခရီးကို စတင်ပါတယ်။

၈ ရက်မြောက်နေ့မှာ ကျောက်ဂူစခန်းကနေ တောစခန်း ၃ တောင်ဆင်း ၈ မိုင်(အမြင့်ပေ ၁၁၀၀၀ခန့်) ကို ၅ နာရီကြာ လမ်းလျှောက်ဆင်းပြီး တောစခန်း ၃ မှာ ညအိပ်ရပ်နားပါတယ်။

၉ ရက်မြောက်နေ့မှာ တောစခန်း ၃ မှ တောစခန်း ၁ သို့ တောင်ဆင်း ၁၁ မိုင် (အမြင့်ပေ ၇၀၀၀ခန့်)ကို လမ်းလျှောက်ချိန် ၆ နာရီ။ ၁၀ ရက်မြောက်နေ့မှာ တောစခန်း ၁ မှ ဇီယာဒမ်းကျေးရွာသို့ မြေပြန့်နဲ့ တောင်တက်၊ တောင်ဆင်းခရီး ၁၁ မိုင် (အမြင့်ပေ ၄၀၀၀) ကို ကြာချိန် ၆ နာရီခန့်။ ၁၁ ရက်မြောက်နေ့မှာ ဇီယာဒမ်းမှ ၀ါဆန်ဒမ်းသို့ မြေပြန့် ၉ မိုင် (အမြင့်ပေ ၃၀၀၀) ကို ၅ နာရီကြာ လျှောက်လှမ်းကာ တစ်ညနားပြီးနောက် ၁၂ ရက်မြောက်နေ့မှာတော့ ၀ါဆန်ဒမ်းမှ ပူတာအိုသို့ တောင်တက်တောင်ဆင်း ၁၂ မိုင်ခရီးကို ၇နာရီကြာမှ လမ်းလျှောက်ပြီး ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ 

၁၂ ရက်မြောက်ညမှာတော့ ပူတာအိုမှာ ညအိပ်နားနေပြီး နောက်တစ်မနက်မှာ ပူတာအိုမှ မိမိနေထိုင်ရာဒေသသို့ ထူးထူးခြားခြားအမှတ်  တရအတွေ့အကြုံတွေ၊ လန်းဆန်းလတ်ဆတ်လှပတဲ့ ခံစားချက်အသစ်တွေကို သယ်ဆောင်လာရင်း မြန်ပြည်မြောက်ဖျားထွက် ရိုးရာလက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်နဲ့ အိမ်အပြန်လမ်းမှာ ပျော်ရွှင်စွာမျက်နှာပန်းလှနိုင်ပြီဖြစ်ပါကြောင်း…။

ညအလင်းအိမ်
ဓာတ်ပုံ  - မိုးမင်းသိန်း (ပူတာအို)