နှင်းတောင်တွေ ဝန်းရံနေတဲ့ စိမ်းလန်းလွင်ပြင်

ကြည့်မြင်လေရာတစ်ခွင်မှာ တောစိမ်းစိမ်း… တောင်ပြာပြာနဲ့ ဖွေးလက်တောက်ပနေတဲ့ ရေခဲတောင်မြင့်မြင့်ကြီးတွေရဲ့ ရှုခင်းကရှုမငြီးချင်စရာ…
ရာဇဝင်များရဲ့သတို့သမီး ဧရာဝတီကို မွေးဖွားပေးကြတဲ့ မေခနဲ့ မလိခစီးဆင်းရာနေရာ…
ထူးခြားဆန်းပြားတဲ့ သဘာဝရဲ့ အဖိုးတန်ရတနာတွေကို ပိုင်ဆိုင်ထားပြီး နှလုံးသားတွေကို အေးချမ်းစေတဲ့မြေပါ။
ဒီမြို့ကလေးရဲ့ သွင်ပြင်ကိုခံစားမိတဲ့အတိုင်း ညွှန်းဆိုရရင် ထီးထီးမားမားရေခဲတောင်ကြီးတွေနဲ့ တောင်ပြာအထပ်ထပ်ရဲ့ ကာရံစောင့်ရှောက်မှု အလယ်မှာ လှချင်တိုင်းလှ၊ စိမ်းလန်းချင်တိုင်း စိမ်းလန်းလို့ ငြိမ်းချမ်းအေးမြခြင်းအတိနဲ့ ပြည့်စုံလှပနေတဲ့ မြေပြန့်လွင်ပြင်လေးရယ်ပါ။ 

သူ့ဆီရောက်ဖို့ မြန်ပြည်မြောက်ဖျားအစွန်းဆီ ဦးတည်ရပါမယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ၁၄၂၉ ပေမှာ တည်ရှိနေပါတယ်။ အဝေးကြီးမှာ တည်နေသလောက် တန်ဖိုးကြီးတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ သူ့ရဲ့နာမည်ကတော့ “ပူတာအို”လို့ခေါ်ပါတယ်။ ပြည်မြန်မာရဲ့ ဂုဏ်ယူစရာ ရေခဲတောင်အလှများစွာကို ပိုင်ဆိုင်ထားတဲ့ ကချင်ပြည်နယ်ထဲက ခရိုင်မြို့ဖြစ်သလို မြန်မာပြည်ရဲ့မြောက်ဘက် နယ်နိမိတ်စွန်းမှာ တည်ရှိနေတဲ့အတွက် အရှေ့ဘက်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မြောက်ဘက်မှာ တိဗက်ပြည်နယ်၊ အနောက်ဘက်မှာနာဂတောင်တန်းနဲ့ အိန္ဒိယပြည်နယ်အချို့ဖြစ်တဲ့ အရုဏာ စလ၊ အာသံတို့နဲ့ ထိစပ်နေပါတယ်။

ပူတာအိုခရိုင်မှာ ပါဝင်တဲ့မြို့နယ်တွေကတော့ မချမ်းဘော၊ နောင်မွန်၊ ပန်နန်းဒင်၊ ခေါင်လံဖူးနဲ့ ဆွမ်ပရာဘွန်ဖြစ်ပြီး အဓိကမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကတော့ ဂျိန်းဖော၊ လီဆူး၊ ရဝမ်နဲ့  ခန္တီးရှမ်းလူမျိုးတွေဖြစ်ပါတယ်။ ဂျိန်းဖော၊ လီဆူး၊ ရဝမ်ထဲမှာမှ တိုင်းရင်းသားမျိုးနွယ်ကွဲများစွာလည်းရှိပြီး ဗမာလူမျိုးများကတော့ အများအားဖြင့် ဝန်ထမ်းများ ဖြစ်ကြပါတယ်။ ဂျိန်းဖော၊ လီဆူးနဲ့ ရဝမ်လူမျိုးတွေဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ခန္တီးရှမ်းကတော့ ခေတ်အဆက်ဆက်ကပင် ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသူများဖြစ်ကြပါတယ်။

ရာသီဥတုအနေအထား
နိုဝင်ဘာဆို ဒီမြို့လေးမှာ နှင်းတွေကျပါပြီ။ ရေခဲတောင်တွေမှာတော့ ရေခဲတွေ စတင်အေးခဲချိန်ပေါ့။ ခုလို ဒီဇင်ဘာရောက်ပြီဆိုရင်တော့ အရိုးထိအောင်အေးတယ်ဆိုတဲ့ အရသာကို ခံစားကြည့်လို့ ရပါပြီ။ 

ရေခဲတောင်တွေကြားက ချိုင့်ဝှမ်းလွင်ပြင်ကလေးကို သဘာဝ Air Con အကြီးကြီးက အမြင့်စား အအေးဒီဂရီတွေ ထုတ်လွှတ်ပေးချိန်ပါ။ ဒီလိုရေခဲတောင်တွေဆီက အအေးဓာတ်တွေ တိုက်ရိုက်ရောက်လာပေမဲ့ ပူတာအိုမှာတော့ ရေမခဲဘူးလို့ သိရပါတယ်။ အအေးဆုံးအချိန်မှာ အနုတ် ၂ ဒီဂရီလောက်ရှိတတ်ပြီး ပုံမှန်နေ့အပူချိန်ကတော့ ၁၃ ဒီဂရီခန့်ဖြစ်ပါတယ်။ ဆောင်းရာသီမှာတော့ နေပွင့်လိုက် နှင်းအုံ့လိုက်နဲ့ တစ်လှည့်စီ သာယာနေတတ်ပြီး နှင်းထုတွေကြောင့် လေယာဉ်ခရီးစဉ်အချိန်တွေ အပြောင်းအလဲရှိတတ်ပါတယ်။

အေးမြတဲ့ ဒေသဖြစ်တာနဲ့အညီ နွေရာသီဆိုတာ တစ်လထက်မပိုတတ်ဘဲ ဆောင်းရာသီနဲ့ မိုးရာသီကိုသာ အများဆုံးပိုင်ဆိုင်ထားပါတယ်။ သင်္ကြန်ကာလဖြစ်တဲ့ ဧပြီလောက်ကစပြီး အောက်တိုဘာ နိုဝင်ဘာအထိ မိုးရွာတတ်သလို တစ်ခါတစ်ရံမိုးရာသီအတွင်း နေပူတဲ့အခါမျိုးမှာလည်း အပူချိန် ၄ဝ ဒီဂရီလောက်ထိ ရှိတတ်တဲ့အတွက် ပူတာအိုသားတွေဟာ ပူတာအိုရဲ့အပူကို မခံစားနိုင်ကြဘူးရယ်လို့ ဆိုကြပါတယ်။ ပူတာအိုမှာ သင်္ကြန်ပွဲတော်ရှိပေမဲ့ လေးနှစ်တစ်ကြိမ်လောက်သာ သင်္ကြန်မှာရာသီဥတုပူပြီး များသောအားဖြင့် မိုးအမြဲရွာသွန်းလေ့ရှိတဲ့အတွက် ရေကစားလေ့ သိပ်မရှိကြဘူးလို့လည်းသိရပါတယ်။


    
ပူတာအိုသို့ ခရီးလမ်း
ပူတာအိုမှာဦးမတည်ခင်မှာ ဆက်သွယ်ရေးအတွက် ပြင်ဆင်သွားနိုင်ဖို့ လေလှိုင်းကြားက ဆက်သွယ်ရေးကိစ္စလေးကို ဦးစွာပထမဝေမျှချင်ပါတယ်။ လက်ရှိအချိန်ပူတာအိုမြို့တွင်းမှာ MPT- GSM,CDMA 450 MHz နဲ့ Ooredoo ဖုန်းလိုင်း 
တွေရပြီး အင်တာနက်ကိုတော့ Ooredoo နဲ့ရတယ်လို့ သိရပါတယ်။ 

ခရီးလမ်းကတော့ လေကြောင်းနဲ့ ကုန်းကြောင်းနှစ်မျိုးရှိသော်လည်း လေယာဉ်ခရီးကသာအသင့်တော်ဆုံးဖြစ်ပါတယ်။ ပူတာအိုကိုပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေကတော့ Golden Myanmar Airline, Myanmar National Airline နဲ့ Yangon Airways တို့ပါ။ ရန်ကုန်ကနေ ပူတာအိုကို မိုင်ပေါင်း ၁၁၂၇ မိုင် ကွာဝေးပြီး လေယာဉ်စီးချိန် သုံးနာရီခန့် ကြာမြင့်ပါတယ်။ လေယာဉ်လက်မှတ်ခကတော့ ၂ဝ၁၆ ခုနှစ်ဈေးအရ ၁၃၅,ဝဝဝ ကျပ်ကနေ ၁၄ဝ,ဝဝဝ ကျပ်အထိရှိပါတယ်။ ရန်ကုန်- မန္တလေးတစ်ထောက်နားပြီး မန္တလေး-ပူတာအိုကို နှစ်နာရီခန့် ဆက်စီးရပါတယ်။ မန္တလေး-မြစ်ကြီးနားမှာ ၁၅ မိနစ်ခန့် တစ်ထောက်ထပ်နား ပြီးနောက်ထပ် ၄၅ မိနစ်ခန့်မှာ ပူတာအိုကို ရောက်ရှိနိုင်ပါပြီ။

ကုန်းလမ်းခရီးအနေနဲ့ကတော့ ရန်ကုန်- မြစ်ကြီးနားအထိ ကားနဲ့သွားလာနိုင်ပြီး ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကနေ နံနက် ၁ဝ နာရီခွဲ Express စီးမယ်ဆို နောက်တစ်နေ့ နေ့လယ် ၁၂ နာရီခန့်မှာ မြစ်ကြီးနားကို ရောက်ရှိနိုင်မှာပါ။ နာရီ
ပေါင်း ၂၆ နာရီခန့်ကြာမြင့် နိုင်ပါတယ်။ မြစ်ကြီးနားက နေပူတာအိုကို ခရီးဆက်တဲ့နေရာမှာတော့ လေယာဉ်စီးသွားတာ အကောင်းဆုံးဖြစ်ပါတယ်။ ကားနဲ့ တက်မယ်ဆိုရင် ၂၁၈ မိုင်ခရီးရှိပြီး ရောက်နိုင်မယ့်ရက်ကတော့ အတိအကျမဆိုနိုင်ဘဲ မိုးရာသီကာလ မှာ တစ်လနီးပါးနဲ့ ပွင့်လင်းရာသီမှာလေး၊ ငါးရက်ခန့်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

သာသာယာယာတည်းခိုစရာ
ပူတာအိုလေဆိပ်ကို ရောက်ပြီဆိုရင်ဖြင့် သုံးဘီးဆိုင်ကယ်အငှားယာဉ်တုတ်တုတ်နဲ့ မြို့တွင်းကိုဝင် ရောက်နိုင်ပါပြီ။ လေဆိပ်ကနေ မြို့တွင်းကိုသုံးဘီးခသုံးထောင်ကနေ ငါးထောင်ပေးရပါတယ်။ တည်းခိုစရာများအနေနဲ့ လတ်တလောမှာ Malikha Lodge ၊ Hotel Putao ၊ Trekking House၊ ထဝမ်ဟိုတယ် နဲ့ ထဝမ်ရာဇီတည်းခိုခန်း၊ ခမ်းစုတည်းခိုခန်းစတဲ့ ဟိုတယ် ၄ လုံးနဲ့ တည်းခိုခန်း ၂ ခုရှိတယ်လို့ သိရပါတယ်။ 

Malikha Lodge ဟာ ပူတာအိုမြို့တွင်းက နေ ၈ မိုင်အကွာမှာရှိပြီး ကားငှားသွားမယ်ဆို လေးသောင်းကျပ်ဝန်းကျင်နဲ့ သုံးဘီးဆိုင်ကယ်ဆို ရင်တော့ တစ်သောင်းခွဲကျပ်ခန့် ကျသင့်နိုင်ပါတယ်။ ထဝမ်ဟိုတယ်ကတော့ မကြာသေးမီက တည်ဆောက်ပြီးစီးတဲ့ ဟိုတယ်သစ်ဖြစ်ပြီး ၄ မိုင်အကွာမှာတည်ရှိတဲ့အတွက် ကားခ နှစ်သောင်းကျပ်ဝန်းကျင်နဲ့ သုံးဘီးခ ရှစ်ထောင်ကျပ် ဝန်းကျင်ရှိပါတယ်။ Hotel Putao ကတော့ မြို့တွင်းကနေ ၂ မိုင်သာရှိပြီး ကားခ တစ်သောင်းဝန်းကျင်နဲ့ သုံးဘီးခသုံးထောင်မှ ငါးထောင်ကျပ်ခန့်ပါ။ Trekking House ကတော့ မြို့တွင်းမှာပဲ တည်ရှိပါတယ်။ ဟိုတယ်တွေရဲ့ ဈေးနှုန်းကတော့ နိုင်ငံသားဧည့်သည်တွေအတွက် ပျှမ်းမျှအားဖြင့် အနည်းဆုံး ကျပ်ခြောက်သောင်းဝန်းကျင်ကနေ အများဆုံး ကျပ်တစ်သိန်းနှစ်သောင်းအထိရှိနိုင်ပါတယ်။ 

ထဝမ်ရာဇီနဲ့ ခမ်းစုတည်းခိုခန်းတွေကတော့ မြို့တွင်းမှာပဲတည်ရှိပြီး နိုင်ငံသား ဧည့်သည်တွေ အတွက် ပျှမ်းမျှဈေးနှုန်းကတော့ အခန်းပေါ်မူတည်ပြီးကျပ်တစ်သောင်းမှ သုံးသောင်းအထိရှိပါတယ်။

စားဖွယ်သောက်ဖွယ်အသွယ်သွယ်
လတ်တလော ပူတာအိုမြို့တွင်းမှာတော့ စားသောက်ဆိုင်ကြီးနှစ်ဆိုင်ရှိပါတယ်။ ထဝမ်ရာဇီနဲ့ ခမ်းစုဖြစ်ပြီး တရုတ်အစားအစာ အဓိက ရရှိနိုင်ပါတယ်။ ဒေသထွက်အစားအစာတွေကို သုံးဆောင်ချင်တယ်ဆိုရင်တော့ သီးသန့်ကြိုတင် မှာယူထားဖို့လိုပါတယ်။ အစားအသောက်ဈေးနှုန်းတွေကတော့ ထမင်းဖြူတစ်ပွဲ ငါးရာကျပ်၊ ကြက်ကုန်းဘောင်၊ ဝက်ကုန်းဘောင်တစ်ပွဲကို သုံးထောင်ငါးရာကျပ်၊ အစိမ်းကြော်တစ်ပွဲ နှစ်ထောင့်ငါးရာကျပ်နဲ့ ငါးကင်၊ ငါးပေါင်းဆို ငါး/ခြောက်ထောင် 
ကျပ် ရှိပါတယ်။ နံနက်စာအတွက်တော့ ခမ်းစုဟိုတယ်ရှေ့ မျက်နှာချင်းဆိုင်က ပူတာအိုမြို့မဈေးမှာ လက်ဖက်ရည်၊ ရှမ်းခေါက်ဆွဲ၊ ပလာတာ၊ ကြက်ဥပလာတာ၊ မုန့်ဟင်းခါး၊ အသုပ်စတဲ့ စားဖွယ်ရာတွေကိုသုံးဆောင်နိုင်ပြီး ဈေးနှုန်းတွေကတော့ အနည်းဆုံး (လက်ဖက်ရည်တစ်ခွက်) သုံးရာကျပ် ကနေငါးရာ/ရှစ်ရာကျပ်အထိ ရှိပါတယ်။

မြစ်ကြီးနား-ပူတာအိုလမ်းဟာ ကတ္တရာလမ်းအနည်းငယ်သာရှိပြီး မြေသားလမ်းက ပိုများပါတယ်။ မိုးရွာချိန်မှာရွံပေါက်ပြီး ကားသွားနိုင်ခြင်းမရှိတာကြောင့် ကုန်သည်တွေဟာ ပွင့်လင်းရာသီခြောက်သွေ့ချိန်ရောက်မှသာ ကုန်ခြောက်တွေကိုကားနဲ့ တစ်နှစ်စာသယ်တင်ထားကြရပြီး ကျန်အချိန်များမှာ လေယာဉ်ကိုသာ အားကိုးရတဲ့အတွက် ရေသန့်ကအစ သယ်ယူပို့ဆောင်စရိတ်ကြောင့် ဈေးကြီးပါတယ်။ ယခင်ကဈေးအကြီးဆုံးအချိန်မှာ ရေသန့်တစ်ဘူးတစ်ထောင်ကျပ်၊ ကြက်သွန်နီ တစ်ပိဿာခြောက်ထောင်ကျပ်၊ ခရမ်းချဉ်သီးငါးထောင်ကျပ်၊ ဂေါ်ဖီထုပ် လေးထောင်ကျပ် စသဖြင့် ဝယ်သုံးရတယ်လို့ သိရပါတယ်။ 

ဒေသထွက်ရိုးရာအစားအစာများ

တိုင်းရင်းသား လူမျိုးစုံလင်တဲ့ဒေသဖြစ်သလို ရိုးရာစားသောက်ဖွယ်ရာတွေကလည်း တစ်မူထူးခြားလှပါတယ်။ ရဝမ်နဲ့ လီဆူးတိုင်းရင်း သားတို့ရဲ့ အလဲမုန့်နဲ့ နားပုမုန့်တွေဟာ ရိုးရာ စားဖွယ်တွေဖြစ်ပြီး နားပုကိုမင်္ဂလာပွဲ၊ ကောက်သစ်စားပွဲ၊ နှစ်သစ်ကူးနဲ့ ခရစ္စမတ်ပွဲတော်တွေမှာ အထူးပြုလုပ်သုံးဆောင်လေ့ရှိတယ်လို့ သိရပါတယ်။ နားပုမုန့်ကိုကောက်ညှင်းနဲ့ ဆန်ကြမ်းရောနှော ပြုလုပ်ပါတယ်။ အလဲကတော့ မင်ဘောပင်ကနေ ထုတ်ယူပြုလုပ်တဲ့အတွက် မင်ဘောမုန့်လို့ခေါ်ဆိုကြသလို အထွတ်လို့အမည်ရတဲ့ သစ်ပင်တစ်မျိုးနဲ့လည်း ပြုလုပ်လေ့ရှိပါတယ်။ အလဲမုန့်ပြုလုပ်ရာမှာ မင်ဘောပင်ကို အသားအနည်းငယ်ကွင်းကာ အဆံရှိ၊ မရှိကို ဦးစွာပထမ စစ်ကြည့်ပြီးမှ အဆံရှိတယ်ဆိုမှ ခုတ်လှဲပိုင်းဖြတ် ပါတယ်။ ခုတ်ထားတဲ့အပိုင်းတွေကို နှစ်ခြမ်းခွဲကာ အဆံခြစ်ထုတ် အမှုန့်ပြုလုပ်ပြီးရေဆေး၊ အနည်ထိုင်စေပြီး မုန့်နှစ်ပြုလုပ်ပါတယ်။ ရလာတဲ့မုန့်နှစ်ကို ရေစစ်၊ အခြောက်လှမ်းပြီး အမှုန့်အဖြစ်ထားကာ နို့မှုန့်၊ သကြားရောပြီး မုန့်ပြား၊ မုန့်ဝိုင်းစသဖြင့်  ပြုလုပ်ကြသလို ဆီမပါဘဲ ရေနွေးပူပူနဲ့ဖျော်ကာသုံးဆောင်လေ့ရှိကြပါတယ်။ ဒါ့အပြင် ဂျိန်းဖောတို့ရဲ့ ရာသီစာ ဟင်းသီးဟင်းရွက်မျိုးစုံကို ဆီမပါဘဲချက်စားလေ့ရှိတဲ့ စီပါဟင်းလျာဟာလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အတွက် Diet ခေတ် ဖြစ်နေတဲ့ မြို့ပြကလူတွေအတွက် စိတ်ဝင်စားဖွယ်ပဲ ဖြစ်ပါတယ်။

ပူတာအိုမှာလည်ပတ်စရာ

ပူတာအိုမြို့တွင်း (အဓိက)လမ်းတွေကတော့ ကတ္တရာလမ်းတွေ ဖြစ်တာကြောင့် မြို့တွင်းမှာ အလည်အပတ်သွားစရာလမ်းတွေဟာ အဆင်ပြေမှုရှိပါတယ်။ ပူတာအိုမှာ လည်ပတ်စရာ နေရာတွေကတော့ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်ပြတိုက်၊ မြို့မရပ်ကွက်၊ မဟာမြတ်မုနိ၊ နွိုင်ဟန်ဝိန်းစေတီ၊ မဂျော့ဝေါ့ကျေးရွာ၊ ဟိုခိုကျေးရွာ၊ မူလာရှီးဒီကျေးရွာ၊ ပူတောင်းကျေးရွာအစရှိတဲ့ နေရာများ ဖြစ်ပါတယ်။

မူလာရှီးဒီကျေးရွာဟာ ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်မှာ တည်ရှိပြီးသာယာလှပသလို မူလာရှီးဒီကြိုးတံတားဟာလည်း နိုင်ငံကျော် ထင်ရှားပါတယ်။ ဖန်ဂရမ်ရေခဲတောင်က ရေခဲရေတွေ စီးဆင်းနေတဲ့ မူလာချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ကြိုးတံတားနဲ့ ကားကူးတံတားဖြစ်ပါတယ်။ မူလာရှီးဒီကျေးရွာမှာ ကိုလိုနီခေတ်ကခရစ်ယာန် သာသနာပြုလာရောက်ခဲ့သော မစ္စတာ ရောဘတ်မော့စ်ရဲ့ နေအိမ်ဟောင်းတည်ရှိပြီး၊ ဘုရားရှိခိုးကျောင်းများ၊ Missionary ကျောင်းများနဲ့ ခရစ်ယာန်သာသနာထွန်းကားခဲ့တဲ့ရွာ ဖြစ်ပါတယ်။

ပူတောင်းကျေးရွာကတော့ ပူတာအိုကနေ နှစ်မိုင်အကွာမှာတည်တဲ့အတွက် လမ်းလျှောက်သွားရောက်ပြီးလည်ပတ်နိုင်ပါတယ်။ အင်္ဂလိပ်ခေတ်ကပင် ဗုဒ္ဓဘာသာကိုသာကိုးကွယ်ကြတဲ့ ခန္တီးရှမ်းလူမျိုး အများစုနေထိုင်ခဲ့ကြပြီး လက်ရှိအချိန်မှာတော့ ပူတာအိုမြို့ကို ပြောင်းရွှေ့နေထိုင်လာကြတယ်လို့ သိရပါတယ်။

ပူတာအိုဒေသခံအများစုဟာ လယ်နဲ့တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီးပဲ၊ နှမ်း၊ မုန်ညင်း၊ ပိန်းဥ၊ သခွားသီး၊ ဗူးသီး၊ ကျောက်ဖရုံ၊ ရွှေဖရုံ၊ ငရုတ်၊ ပီလောပီနံ၊ ပြောင်းဖူးစတဲ့ ကောက် ပဲသီးနှံများကိုလည်း မြေယာအမျိုးအစား အလိုက်ရာသီပေါ်မူတည်ပြီး စိုက်ပျိုးလေ့ရှိကြပါတယ်။ 

အချို့သော ကျေးရွာများမှာတော့ တိုင်းရင်းသားတွေဟာ လယ်နဲ့တောင်ယာ စိုက်ပျိုးကြသလို မိုးကာလရေခဲပျော်ချိန်များမှာ ရေခဲတောင်တွေဆီ သွားရောက်ပြီး ဆေးဖက်ဝင်သစ်ဥသစ်ဖုများ ဆေး မြစ်များရှာဖွေခြင်းနဲ့ အမဲလိုက်ခြင်းတွေကို လုပ်
ကိုင်ကြပါတယ်။ ဒီ့အတွက် ရေခဲတောင်များမှာ နှစ်လ၊ သုံးလမျှ အချိန်ယူရှာဖွေကြရပြီးရရှိလာတဲ့ ရေခဲတောင်ထွက်ပစ္စည်းများကိုပြန်လည်ရောင်းချကာ သက်မွေးဝမ်းကြောင်းလေ့ရှိကြပါတယ်။ ရေခဲ တောင်တွေဆီက ထွက်ရှိတဲ့ဆေးဖက်ဝင်နွယ်ရှင် ရှီးပဒီး၊ ခမ်းတောက်မြစ်၊ မချစ်ဥနဲ့ ကချင်ပျားရည်စစ်စစ်တွေဟာ နာမည်ကျော်ထင်ရှားပါတယ်။ 

စပါးရိတ်သိမ်းချိန် ရောက်တဲ့အခါမှာတော့ ကိုယ့်နေရပ်ကိုယ်ပြန် ကောက်ရိတ်ကြပြီး စပါးရိတ်သိမ်းချိန်ပြီးတဲ့အခါမှာ မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်ဘက်ကိုသွားရောက်လို့ ပယင်းနဲ့ ကျောက်စိမ်းတူးဖော်ကြသူအချို့လည်း ရှိကြပါတယ်။ ဒီနေရာမှာ ကျောက်အောင်သူတွေရှိသလို အိမ်အသုံးစရိတ်မျှသာ ရပြန်ကြရသူတွေလည်း ရှိကြပါတယ်။ ဒါကတော့ မြန်ပြည်မြောက်ဖျားက တိုင်းရင်းသားတို့ရဲ့ သက်မွေးဝမ်းကျောင်းမှု ဘဝတစ်စိတ်တစ်ဒေသကို ဒေသန္တရ ဗဟုသုတအဖြစ် ဝေမျှခြင်းသာ ဖြစ်ပါတယ်။

ပူတာအိုမှ ကောင်းမှုလုံသို့ 
ကောင်းမှုလုံရဲ့အမည်ဟာကောင်းမူးလုံ ဖြစ်ပြီး အဓိပ္ပါယ်ကတော့ ကောင်းမူးဆိုတာစေတီ၊ လုံဆိုတာ ကြီးမားခြင်းလို့ အဓိပ္ပါယ်ရကြောင်း စာတွေထဲမှာ ဖတ်ရှုမှတ်သားဖူးပါတယ်။ ဒီနေ့ခေတ်မှာတော့ ကောင်းမှုလုံလို့ပဲ ဘွဲ့တော်ခေါ်တွင်ကြပါ တယ်။ ရွှေဆတ်မင်းစေတီတော်လို့လည်း သိကြပါတယ်။

ပူတာအိုကနေ ကောင်းမှုလုံစေတီတော်ကို ၉ မိုင်ခန့် အကွာအဝေးရှိပြီး လုတ်ခွန်နယ်၊ မလိခမြစ်ကမ်းနံဘေးမှာ တည်ရှိတာ ဖြစ်ပါတယ်။ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့တဲ့ စေတီ ပေါင်းရှစ်သောင်းလေးထောင်ထဲမှ စေတီတော် တစ်ဆူဖြစ်တယ်လို့ သိရှိရပါတယ်။ သီရိဓမ္မာသောကမင်းကြီးဟာ သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်မှာ နန်းတက်ခဲ့ပြီး သာသနာသက္ကရာဇ် ၂၃၄ ခုနှစ်အရောက်မှာ အဇာတသတ်မင်း သိမ်း ဆည်းထားခဲ့တဲ့ ဂေါတမဘုရားရှင်ရဲ့ မွေတော် ဓာတ်တော်များကို ထုတ်ယူပင့်ဆောင်ပြီး အနယ်နယ် အရပ်ရပ်မှာ စေတီပေါင်းရှစ်သောင်းလေးထောင်ကို တည်ထားကိုးကွယ်ခဲ့ပါတယ်။ “အထက်မှာ ကောင်းမှုလုံ၊ အလယ်မှာ ရွှေစည်းခုံ၊ အောက်မှာ ရွှေတိဂုံ”ရယ်လို့ တန်ခိုးကြီးထင်ရှားတဲ့ စေတီတော်များ ဖြစ်ပါတယ်။ စေတီတော်သုံးဆူကို တစ်နေရာတည်းမှာ ဖူးမြော်ခွင့်နိုင်ဖို့အတွက် ကောင်းမှုလုံစေတီတော်အနီး ရွှေစည်းခုံနဲ့ ရွှေတိဂုံပုံတူစေတီတော်များကို အလှူရှင်များ စုပေါင်းကုသိုလ်နဲ့ ၂ဝ၁၅ - ၂ဝ၁၆ မှာတည်ထားခဲ့ပြီဖြစ်ပါတယ်။

ပူတာအိုမှ မချမ်းဘောသို့
ပူတာအိုကနေ မချမ်းဘောကို ၁၄ မိုင်ကွာဝေးပါတယ်။ မချမ်းဘောနဲ့ ပူတာအိုကို မလိခမြစ်ခြားနေပြီး မြစ်အရှေ့ဘက်ကပူတာအို ၊ မြစ် အနောက်ဘက်က မချမ်းဘောဖြစ်ပါတယ်။ ကားသို့ သုံးဘီးနဲ့ သွားရောက် လည်ပတ်နိုင်ပါတယ်။ မချမ်းဘောဟာလည်း အေးချမ်းသာယာလှပတဲ့ မြို့လေးတစ်မြို့ဖြစ်ပြီး မလိခမြစ်ကူးတံတား၊ ကျောက်နဂါးနဲ့ ဂူဘားရိပ်သာနေရာတွေဟာ ထင်ရှားပါတယ်။

ဂူဘားရိပ်သာဟာ မလိခမြစ်ကမ်းနံဘေးတောင်ကုန်းပေါ်မှာတည်ရှိတဲ့အတွက် သာယာလှပတဲ့  ရှုခင်းကို စိမ်းလန်းအေးချမ်းစွာ ခံစားနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။

ကျောက်နဂါးကတော့ သဘာဝကျောက် တည်နေပုံဟာ မြွေနဂါးသဏ္ဍာန်ရှိပြီး ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်လေးတွေနဲ့ ပြောစမှတ်ပြုကြတဲ့ နေရာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆေး ခြယ်ပြုပြင်ထားတဲ့ ကျောက်နဂါးကိုသာ တွေ့ရမှာ
ဖြစ်ပြီးမပြုပြင်မီက သဘာဝအနေအထားကို  မြင်တွေ့ခွင့်ရနိုင်ဖို့အတွက် ဓာတ်ပုံဆရာရဲ့ ကျေးဇူး ကြောင့် စာမျက်နှာပေါ်မှာ ဖော်ပြခွင့်ရခဲ့ပါတယ်။  ပူတာအိုခရီးစဉ်နဲ့ပတ်သက်ပြီး အစစအရာရာ ကူညီပေးခဲ့တဲ့ ဓာတ်ပုံ - ကိုမိုးမင်းသိန်း (ပူတာအို)ကို ကျေးဇူးအထူးတင်ရှိပါတယ်။

ပူတာအိုမှာ အေးအေးလူလူ လေ့လာလည်ပတ်ပြီးတဲ့နောက်အေးခဲနေတဲ့ ရေခဲတောင်တွေဆီကို ဆက်လက်ချီတက်လိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ရေခဲထူထူ နှင်းများများနဲ့ ရေခဲတောင်တွေပေါ်က အလှတရားကိုခံစားချင်တယ်ဆိုရင် 
တော့ ဇန်နဝါရီလဟာ အစအကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဒါကြောင့် ခရီးချစ်သူ စာဖတ်ပရိသတ်များကို ဇန်နဝါရီမှာ ရေခဲတောင်တွေပေါ်အလည်လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်ရင်း ပူတာအိုမြေပြန့်လွင်ပြင် ခရီးစဉ်ကိုရပ်နားလိုက်ပါတယ်။

ဓာတ်ပုံ - မိုးမင်းသိန်း(ပူတာအို)