တောင်အရပ်မှာ ကျွန်းသာယာ

ပင်လယ်ပြင်ကြီးထဲမှာ နေရာယူထားတဲ့ တောင်အရပ်က ကျွန်းသာယာများစွာရှိရာအရပ်ကို ခရီးဦးတည်ကြည့်ဖို့ ဒီတစ်လအတွက် ရွေးချယ်လာခဲ့ပါပြီ။ ခရီးသွားဝါသနာရှင်ချစ်သူတို့လည်း ပျော်ပျော်ရွှင်ရွှင် လိုက်ပါပေးကြပါဦးနော်...။
မြန်ပြည်တောင်ပိုင်းကို ခရီးထွက်မည် ကြံစည်တော့ ရေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ရနောင်းရယ်လို့ နေရာအစုံကို စိတ်နေခရီးသွားကြည့်ပြီးနောက် ရွေးချယ်လိုက်မိတာကတော့ သဘာဝရဲ့အလှရတနာ မြိတ်ကျွန်းစုတွေဆီကိုပါ။
သဘာဝမပျက် အဖိုးမဖြတ်နိုင်တဲ့ ရေမြေတောတောင် အလှတရားများစွာနဲ့ မြိတ်ကျွန်းစုတွေ...
မြန်ပြည်တောင်ပိုင်းဒေသရဲ့ ရိုးရာဓလေ့ မြင်ကွင်းများနဲ့ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ...
ကြည်လင်သာယာလှပမှုနဲ့ ကျော်ကြားတဲ့ မောင်းမကန်ကမ်းခြေ...
လတ်လတ်ဆတ်ဆတ် ပင်လယ်စာနဲ့ ရိုးရာစားဖွယ်တွေ... အစရှိတဲ့ ဆွဲဆောင်မှုများစွာကြောင့် မြိတ်ခရီးစဉ်ပို့ဆောင်ရေးများကို လေ့လာကြည့်တဲ့အခါ ထားဝယ် - မြိတ် ခရီးစဉ်ကိုသာ သီးသန့်ရေးဆွဲ ပို့ဆောင်ထားတဲ့ Coastal Beauty Travels & Tours ကို တွေ့ရှိရပါတယ်။ အဆိုပါ ခရီးသွားလုပ်ငန်းရဲ့ အစီအစဉ်နဲ့အတူ တောင်အရပ်က ကျွန်းသာယာလေးတွေဆီ ဦးတည်ကြည့်တဲ့အခါ....

ခရီးအစ
ရန်ကုန် - မြိတ် လမ်းမကြီးအတိုင်း ရန်ကုန်မှ ထားဝယ် (၃၉၇)မိုင်ကို ကားမောင်းနှင်ချိန် (၁၁)နာရီဝန်းကျင်ခန့် နားနားနေနေ ခရီးစနိုင်ပါတယ်။ ရန်ကုန်မှ ညနေ (၆)နာရီခွဲခန့်မှ စတင်ထွက်ခွာလာမယ်ဆို ထားဝယ်ကိုမရောက်မီ ကလိန်အောင်မြို့ ကို နံနက် (၅)နာရီခွဲခန့်မှာ ရောက်ရှိနိုင်ပါမယ်။ လမ်းပန်းခရီးကောင်းမွန်မှုရှိပြီး ကလိန်အောင်မှာ နံနက်စာ သုံးဆောင်ပြီးတဲ့နောက် ကလိန်အောင်မှ ထားဝယ်သို့ ဆက်လက်ထွက်ခွာရာ လမ်းမှာတော့ ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင်မှာ အပါအဝင်ဖြစ်တဲ့ ဘုရားစေတီအချို့ကို ဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။

ထားဝယ်ရောက်ပြီ
ထားဝယ်ရောက်တဲ့အခါ မြို့လယ်မှာ တည်းခိုစရာ ဟိုတယ်များစွာရွေးချယ်နိုင်ပြီး ခရီးသွားလုပ်ငန်းအစီအစဉ်နဲ့ သွားရောက်သူများကတော့ အသင့် ကြိုတင်မှာယူထားပြီးဖြစ်တဲ့ ဟိုတယ်ခန်းမှာ အေးအေးလူလူ အနားယူနိုင်ဖို့ရာအတွက် Diamond Crown ၊ Golden Guest ၊ Garden အစရှိတဲ့ ဟိုတယ်များနဲ့ ချိတ်ဆက်ထားပေးတယ်လို့ သိရပါတယ်။ ရွေးချယ်စရာ ဈေးနှုန်းများကတော့ လေးငါးသောင်းတန် ဝန်းကျင်များရှိသလို ကျပ်ငါးထောင်မှအထက် ဧည့်ဂေဟာများလည်း ရှိပါတယ်။

ထားဝယ်ရောက်ရောက်ချင်း ဖူးမြော်နိုင်မှာကတော့ ရှေးဟောင်းသမိုင်းဝင်စေတီတော်များဖြစ်တဲ့ ရှင်ဥသြစေတီနဲ့ ရွှေတောင်စား စေတီတို့ ဖြစ်ပါတယ်။

နေ့လယ်စာစားချိန်မှာတော့ ပုစွန်၊ ကင်းမွန်၊ ငါးကွမ်းရှပ် အစရှိတဲ့ ပင်လယ်စာလတ်လတ်ဆတ် ဆတ်များကို ဈေးနှုန်း၊ အရသာချိုသာစွာ ရရှိနိုင်သလို ဒေသအစားအစာတစ်ခုဖြစ်တဲ့ တညင်ရွက်ကိုလည်း မြည်းစမ်းနိုင်မှာပါ။ မြန်ပြည်အလယ်ပိုင်း အညာဒေသကိုရောက်တဲ့အခါ အညာကုက္ကိုရွက်ဟာ နာမည်ကျော် မြည်းစမ်းချင်စရာဖြစ်သလို မြန်ပြည်တောင်ပိုင်းမှာတော့ တညင်ရွက်က နေရာယူပါတယ်။ ခပ်ဆိမ့်ဆိမ့်အရသာရှိပြီး ဟင်းချိုအဖြစ် ချက်သောက်လေ့ရှိတယ်လို့ သိရပါတယ်။

နောက်ထပ် မြည်းစမ်းချင်စရာလေးတွေကတော့ ထားဝယ်မုန့် လက်သုပ်နဲ့ ငှက်ပျောအူများများ ငါးများများနဲ့ ချက်ပြုတ်ထားတဲ့ ထားဝယ် မုန့်ဟင်းခါးပါ။ မုန့်လက်သုပ်ကတော့ နာမည်အားဖြင့် လက်သုပ်ဆိုပေမဲ့ အသုပ်ပုံစံမဟုတ်ဘဲ အရည်နဲ့ စားရတာပဲဖြစ်ပါတယ်။

စားပြီးတဲ့အခါ ထားဝယ်မှာ အဓိက လည်ပတ်စရာ နေရာဖြစ်တဲ့ မောင်းမကန်ကမ်းခြေမှာ သွားရောက် နားနေအပန်းဖြေကြပါမယ်။ မြို့ထဲက နေ ၉ မိုင်ကျော်ကျော် မိနစ် ၂၀ လောက် မောင်း သွားမယ်ဆိုရင် ရောက်ရှိနိုင်ပြီး ကမ်းခြေမရောက် ခင် ရေပူစမ်းဘက်လမ်းခွဲလေးကို သွားရောက်ပြီး မောင်းမကန် သဘာဝရေပူစမ်းကို သွားရောက်နိုင်ဦးမှာပါ။ ရေပူစမ်းဝင်ကြေးကတော့ တစ်ဦး (၁၀၀) ကျပ်နဲ့သာဖြစ်ပြီး ရေပူစမ်းဝန်းကျင်မှာတော့ ထား ဝယ်ရိုးရာမုန့်လက်သုပ်ဆိုင်၊ အုန်းစိမ်းဆိုင်၊ ဆီ ထမင်းနဲ့ ဂုံးခြောက်ကို သီတံထိုးပြီး ကြော်ရောင်းတဲ့ ဆိုင် အစရှိတဲ့ မုန့်ပဲသားရေစာ ဆိုင်လေးတွေကို တွေ့ရှိနိုင်ပါတယ်။

ရေပူစမ်းကတော့ ရေပူစိမ်ကန်မျိုး မဟုတ်ဘဲ ခပ်ချိုးလို့ရတဲ့နေရာသာဖြစ်ပြီး လူမြင်ကွင်း ဖြစ်တာကြောင့် ရေချိုးသူဧည့်သည် များများစား စားမရှိလှတာကို တွေ့ရပါတယ်။ 

ရေပူစမ်းကပြန်ထွက်ပြီး မောင်းမကန်ကမ်း ခြေရောက်တဲ့အခါ ညနေခင်းချိန်ခါဖြစ်တဲ့အတွက် ပင်လယ်ပြင်ရဲ့လှပတဲ့ ဆည်းဆာကို စောင့်စားကြည့်ရှုရင်း အပန်းဖြေရေကစားနိုင်ပါတယ်။ ကမ်းခြေတစ်လျှောက် စားသောက်ဆိုင်များနဲ့ ရေ
ချိုးခန်း၊ အဝတ်လဲခန်း၊ ဘောကွင်းအငှားဆိုင် စသဖြင့်ရှိပြီး ပင်လယ်ရေကြည်လင်သန့်စင်မှု၊ ကမ်းခြေပြေပြစ်မှု၊ ရှုခင်းမြင်ကွင်းသာယာလှပမှု ကြောင့် အပန်းဖြေရေကစားလို့ ပျော်ရွှင်မှုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ညပိုင်းမှာတော့ ထားဝယ် မြို့ထဲလျှောက်  ကြည့်လည်ပတ်ရင်း စားသောက်ဆိုင်ထိုင် ညစာ စားကြသလို တချို့ကလည်း ဆိုင်ကယ်ကယ်ရီများ နဲ့ အလည်အပတ်ထွက်ကြပြီး ဈေးဝယ်စင်တာနဲ့ စားသောက်ဆိုင်တွေတည်ရှိတဲ့ ထားဝယ်စင်တာ ကိုလည်း သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

မြိတ်ကိုသွားမယ်
တတိယနေ့မှာတော့ နံနက်စာသုံးဆောင်ပြီး ချိန် ၉ နာရီခန့်မှာ ထားဝယ်ဈေးသို့ သွားရောက်ပြီး မုန့်ကလဲမဲ၊ ပိန္နဲပြင် အစရှိတဲ့ ရိုးရာမုန့်တွေ၊ ရေထွက်ပစ္စည်းတွေကို စိတ်တိုင်းကျ ဝယ်ခြမ်းနိုင်မှာပါ။ ပြီးတဲ့အခါ ၁၅၃ မိုင် အကွာမှာရှိတဲ့ မြိတ်မြို့ကို (၅)နာရီခန့် ကားစီးပြီး ဆက်လက်ခရီးနှင်နိုင်ပါတယ်။ ထားဝယ်မှ ထွက်ခွာလာပြီး ခန့်မှန်းချေမိုင် (၂၀) ကျော်ခန့်အရောက်မှာ ရှင်မုတ္တီးစေတီကို ဝင်ရောက်ဖူးမြော်နိုင်မှာဖြစ်ပါတယ်။


မြိတ်မြို့ကို ရောက်ချိန်မှာတော့ မြို့ထဲမှာ Grand Jade ၊ အိမ်ဖြူတော်၊ မြစည်းစိမ်အစရှိသဖြင့် တည်းခိုစရာဟိုတယ်များရှိပြီး ကမ်းနားလမ်းမှာလည်း ပုလဲသန္တာဟိုတယ်ရှိပါတယ်။ ဟိုတယ်မှာ ခေတ္တခဏနားနေပြီး ညနေခင်းမှာတော့ ရှုခင်းအလွန်လှပတဲ့ မြိတ်ကမ်းနားကို သွားရောက်လည်ပတ် နိုင်ပါပြီ။ 

မြိတ်ကမ်းနားဟာ တနင်္သာရီမြစ်က ပင်လယ်ထဲကို စီးဝင်ရာ ဆုံချက်နေရာဖြစ်ပြီး တောတောင် ရှုခင်းစိမ်းစိမ်းများနဲ့ မျက်စိပသာဒကို ဖြစ်စေပြီး ရောက်ရှိလာသူ ဧည့်သည်တိုင်းရဲ့ စိတ်ကို လန်းဆန်းစေပါတယ်။ ဈေးဝယ်စင်တာ၊ ကော်ဖီဆိုင်၊ ကမ်းနားလမ်းတစ်လျှောက် မုန့်ပဲသရေစာဆိုင်လေးတွေနဲ့ စည်ကားလှတဲ့ မြိတ်ကမ်းနားလမ်းမှာတော့ ညနေခင်း ဆည်းဆာခံစားရင်း လတ်ဆတ်တဲ့ပင်လယ်စာ၊ မြိတ် ကတ်ကြေးကိုက် စတဲ့ ဒေသထွက်စားဖွယ်များကို  လျှောက်သွား၊ လျှောက်စားရင်း ပျော်ရွှင်စွာ လည်ပတ်နိုင်မှာဖြစ်ပါတယ်။ 

ဒါ့အပြင် မြိတ်မြို့ရဲ့ အထင်ကရ စိတ်ဝင်စားဖွယ်ဖြစ်တဲ့ ငှက်သိုက်အိမ်ကို သွားကြည့်နိုင်ဦးမှာပါ။ နာမည်ကြီး ဇီဝဇိုးအိမ်ကတော့ သဘာဝအလျောက် ဇီဝဇိုးငှက်များ သဘာဝအလျောက် အသိုက်ပြုလုပ်နေထိုင်ကြတဲ့ အိမ်ဖြစ်ပြီး အိမ်အပြင်ဘက်ကနေ ကြည့်ရှုနိုင်မှာပါ။ ဇီဝဇိုးငှက်ကလေးတွေဟာ အန်ဖတ်နဲ့အသိုက်ဆောက်လေ့ရှိပြီး ငှက်သိုက်ဟာ ဆေးဖတ်ဝင် အဖိုးတန်လှတာကြောင့် အလည်ရောက် ဧည့်သည်တွေဟာ ငှက်သိုက်ဝယ်ယူဖို့အတွက်ကိုလည်း စိတ်ဝင်စားမှုရှိကြပါတယ်။ ငှက်သိုက်ရဲ့ ဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ်နှစ်သောင်းခွဲခန့်ရှိတယ်လို့လည်း သိရပါတယ်။ ဒီနေရာမှာ ငှက်သိုက်ပေါင်းနည်းလေးကို မသိသေးတဲ့ ပရိသတ်များအတွက် ဗဟုသုတအနေနဲ့ မျှဝေဖို့ မေးမြန်းလာခဲ့ပါတယ်။ ငှက်သိုက်ကိုရေစိမ် အမွှေးအတောင်လေးတွေကို ဦးစွာပထမဖယ်ထုတ်ပစ်ပြီးမှ အိုးထဲထည့် ရေခံပြီး ပေါင်းပေးရတာဖြစ်ပါတယ်။

နှစ်ဖက်လှကျွန်းဆီသို့
မြိတ်ကျွန်းစုပေါင်း ၈၀၀ ကျော်ရှိတဲ့အနက် နှစ်ဖက်လှကျွန်းရဲ့ ဒုံးကျွန်းအမည်ရ ကျွန်းနှစ်ကျွန်းဆီကို တစ်နေ့တာအလည်အပတ်ထွက်ဖို့ ရွေးချယ်ထားပါတယ်။ နှစ်ဖက်လှကျွန်းကိုရောက်ဖို့အတွက် မြိတ်ကမ်းနားလှေဆိပ်ကနေ လူအယောက် (၃၀) သို့မဟုတ် (၄၀) ခန့် စက်တပ်လှေ (၂)နာရီခန့် စီးသွားရမှာပါ။ 

တစ်နေရာတည်းမှာ ဟိုဘက် သည်ဘက် ကမ်းခြေနှစ်ဖက်နဲ့ သဘာဝရှုခင်း သာယာလှပလွန်းတဲ့ ကျွန်းသာယာရဲ့ အလှတရားကို အပြည့်အဝခံစားရင်း လတ်ဆတ်သန့်ရှင်းတဲ့ ပင်လယ်လေကို ရှုရှိုက်ရင်း၊ အဓိကဖြစ်တဲ့ အမှတ်တရဓာတ်ပုံရိုက်၊ စနူကာ ရေငုပ် အပန်းဖြေ၊ ရေကူးဆော့ကစားနိုင်ပြီး နေ့လယ်စာစား၊ နားနေနိုင်ပါတယ်။ နေ့လယ်စာအတွက်ကတော့ ခရီးသွားလုပ်ငန်းနဲ့ လိုက်ပါလာတဲ့ ဧည့်သည်များအတွက် လုပ်ငန်းက စီစဉ်ယူဆောင်လာပြီးဖြစ်တဲ့ Lunch Box များကို အေးအေးလူလူသုံးဆောင်ရင်း အပူအပင်ကင်းကင်း အနားယူနိုင်မှာပါ။

ဒုံးကျွန်းသို့
နှစ်ဖက်လှကျွန်းကနေ (၄၅) မိနစ်ခန့် စက်လှေစီး ခရီးဆက်မယ်ဆိုရင်တော့ ဒုံးကျွန်းကို ရောက်ရှိနိုင်ပါပြီ။ ဒုံးကျွန်းက ကြီးမားကျယ်ဝန်းမှုရှိပြီး လှပတဲ့ ဒုံးကျွန်းရေတံခွန်လည်း တည်ရှိပါတယ်။ ဒုံးကျွန်းမှာ ဆလုံရွာ၊ ကရင်တိုင်းရင်းသားရွာ စသဖြင့် ရွာငယ်များစွာရှိတဲ့အတွက် ဆလုံတိုင်းရင်းသားများရဲ့ ဓလေ့ကိုလည်း တွေ့မြင်လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီလို ကျွန်းနှစ်ကျွန်းကို လည်ပတ်ဖို့အတွက် မြိတ်ကမ်းနားလှေဆိပ်ကနေ နံနက်စောစောထွက်နိုင်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ညနေခင်းအမီ မြိတ်မြို့ကို ပြန်လည်ဝင်ရောက်ကြမှာဖြစ်ပါတယ်။

ရန်ကုန်ပြန်ပါပြီ
ပြန်မယ့် နံနက်မှာတော့ မြိတ်ဈေးကြီးကို သွားရောက်ပြီး ခရီးပြန်လက်ဆောင်တွေကို ဝယ်ယူကြပါမယ်။ ဒေသထွက်ကုန်တွေဖြစ်တဲ့ ငှက်သိုက် နဲ့ စားသောက်ကုန်တွေအပြင် ဝယ်ယူလို့ကောင်းပြီး ဈေးနှုန်းတွေလည်း ချိုသာမှုရှိပါတယ်။ ရတနာချစ်သူများအတွက်လည်း မြိတ်ဒေသထွက် သဘာဝပုလဲဟာ အဓိကဝယ်ယူချင်စရာပါ။ လိုချင်တာတွေ အားလုံး စိတ်တိုင်းကျဝယ်ခြမ်းပြီးတဲ့နောက်မှာတော့ လာရာခရီးလမ်းအတိုင်း မြိတ်မြို့ကနေ ပြန်လည်ထွက်ခွာခဲ့ပါပြီ။ 

မြန်ပြည်တောင်ပိုင်းကို နှုတ်ဆက်ရင်း ရန်ကုန်ရွှေမြို့တော်ကြီးဆီကို ဒေသန္တရ ဗဟုသုတအသစ်၊ ခံစားချက်အသစ်၊ လန်းဆန်းပျော်ရွှင်မှု အသစ်၊ အမှတ်တရအသစ်၊ လှလှပပ ဓာတ်ပုံအသစ်တွေ တစ်ပွေ့တစ်ပိုက်သယ်ဆောင်ရင်း ပျော်ရွှင်စွာ ပြန်လည်ဦးတည်နိုင်မှာပဲ ဖြစ်ပါတယ်။