ပျော်ပျော်ရွှင်ရွှင် ဟန်းနီးမွန်းခရီးစဉ်ဖြစ်ဖို့ သတိပြုရမယ့်အချက် (၁၀)

(၁) နေရာရွေးချယ်မှု မှန်ပါစေ

ကိုယ်တို့နှစ်ဦး စိတ်ကြိုက်သွားချင်တဲ့ နေရာရွေးတာ ဘာမှားစရာရှိမလဲလို့ တွေးကောင်းတွေးနိုင်ပါတယ်။ လူတွေ ပျားပန်းခတ်စည်ကားနေတဲ့ နေရာမျိုးကို ရှောင်ရှားပြီး တိတ်ဆိတ်အေးချမ်း ငြိမ်သက်တဲ့ ခပ်ဝေးဝေးက နေရာမျိုးကို ရွေးချယ်
တတ်ကြတဲ့ ကြင်စဦးမောင် နှံတွေများအတွက်ပါ။ အဲဒီလို ရွေးချယ်မှုဟာ အစပထမရက်တွေမှာ စိတ်ကြည်နူးစရာဖြစ်ပေမဲ့ နှစ်ရက်ကနေ သုံးရက်ကြာလာတဲ့အခါမှာတော့ စည်ကားမှုမရှိတဲ့အတွက် ပျင်းရိငြီးငွေ့စရာဖြစ်လာတတ်ပြီး ပျော်စရာဟန်းနီးမွန်းကနေ ပျင်းစရာ ဟန်းနီးမွန်းအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ ဒါကြောင့် သာယာ အေးချမ်းမှုလည်းရှိပြီး ပျော်ရွှင်ဖွယ်စည်ကားမှုကိုလည်း ရှာဖွေနိုင်မယ့် နေရာမျိုးကိုရွေးချယ်သင့်ပြီး အထူးသဖြင့် ညအချိန်တွေမှာ အပြင်ထွက်လည် ပတ်စားသောက်နိုင်ဖို့အတွက် စည်ကားမှုမရှိတဲ့ နေရာမျိုး၊ အသွားအလာဝေးလံလွန်းတဲ့နေရာမျိုးကို မရွေးချယ်မိဖို့ အကြံပြုချင်ပါတယ်။

(၂) ဟန်းနီးမွန်းအတွက် စောစီးစွာ ကြိုတင်စီစဉ်ထားပါ

အပြည့်အ၀ပျော်ရမယ့် အချိန်ရောက်မှ မျှော်လင့်မထားတဲ့ ဖိစီးမှုမျိုးတွေ မကြုံလေအောင် မင်္ဂလာဧည့်ခံပွဲ အစီအစဉ်တွေ မတိုင်မီခပ်စောစော အချိန်ရှိစဉ်ကတည်းက ကြိုတင် Plan ဆွဲထားသင့်ပါတယ်။ ကိုယ်သွားမယ့်နေရာမှာ ကိုယ်သွားမယ့် အချိန်အတွက် တည်းခိုနေထိုင်မှု၊ အစားအသောက်၊ ကုန်ကျစရိတ်၊ ရာသီဥတုအခြေအနေ အားလုံးကို သေချာစွာလေ့လာပြီး ကိုယ်သုံးချင်တဲ့ ဘတ်ဂျက်ပမာဏထဲဝင်အောင် ကြိုတင်စီစဉ်လမ်း ကြောင်းဆွဲထားသင့်ပါတယ်။ ပြည်ပခရီးရွေးချယ် သူတွေထက် ကိုယ့်ပြည်တွင်းမှာပဲ ကိုယ်တိုင် ကားမောင်းပြီး ခရီးရောက်မှ မီးစင်ကြည့်ကဖို့ သွားတတ်ကြတဲ့ စုံတွဲတွေ ကြုံတွေ့ရတတ်တဲ့ အကြီးမားဆုံး ဒုက္ခကတော့ အချိန်အကြာကြီး ကားမောင်းလာခဲ့ပြီး ပင်းပန်းနွမ်းနယ်ခဲ့ရလို့ အားရပါးရနားချင်ပါပြီ ဆိုတော့မှ ထင်မှတ်မထားတဲ့ တည်းခိုစရာနေရာ အဆင်မပြေလို့ ဟိုတယ်တစ်ခုပြီးတစ်ခု လိုက်ရှာရ၊ လိုက်မေးရနဲ့ လူပင်ပန်း စိတ်ပင်ပန်းတွေ ဖြစ်ကြရတာမျိုးပါ။ ဥပမာ - ပုဂံလို ချောင်းသာလိုနေရာမျိုးမှာ ဈေးနှုန်းနဲ့ ၀န်ဆောင်မှုမျှတ ကောင်းမွန်တဲ့ ဟိုတယ်တွေဟာ အချိန်တော်တော်များများ ပြည့်ကျပ်နေတတ်တဲ့အတွက် အခန်းရတဲ့ ဟိုတယ်ကဈေးကြီး၊ ဈေးသက်သာတဲ့ နေရာမျိုးကျပြန်တော့လည်း အနေအထားက ကိုယ်လိုချင်သလို အဆင်မပြေနဲ့ အံဝင်ခွင်ကျမဖြစ်ရတဲ့ အခြေအနေကြုံလာမှ စစချင်း ဆောက်နဲ့ထွင်းဆိုသလို နောင်တရတာမျိုး ဖြစ်တတ်ကြပါတယ်။


(၃) အေးဆေးသက်သာသွားပါ

ဘယ်လောက်ပဲ ခရီးထွက်ရတာ နှစ်သက်သူတွေဖြစ်နေပါစေ။ မင်္ဂလာဧည့်ခံပွဲပြီးတာနဲ့ ချက်ချင်းဟန်းနီးမွန်းထွက်ဖို့ စီစဉ်ထားတယ်ဆိုရင် အဲ့လောက် မလောပါနဲ့လို့ အကြံပြုပါရစေ။ အဲဒီအစား 
ကိုယ်နေထိုင်ရာ မြို့ကဟိုတယ်မှာပဲ မင်္ဂလာဦးညအတွက် Honeymoon Suite ကို ကြိုတင်ဘွတ်ကင်ယူထားပြီး ဧည့်ခံပွဲမတိုင်ခင်ရက်များစွာကတည်းက ပင်ပန်းခဲ့ရသမျှတွေကိုပါ အတိုးချလို့ အေး 
အေးဆေးဆေး အိပ်စက်အနားယူဖို့ ဆောင်ရွက်သင့်ပါတယ်။ တချို့ဟိုတယ်တွေကတော့ သူ့ထံမှာ ဧည့်ခံပွဲကျင်းပတဲ့ မင်္ဂလာမောင်နှံကို ညအိပ်တည်းခိုခွင့် အခန်းလက်ဆောင်ပေးလေ့ရှိတဲ့အတွက် ဒီကိစ္စမှာ အဆင်ပြေပြီးသားဖြစ်သွားနိုင်ပါတယ်။ ဟန်းနီးမွန်းခရီးကိုတော့ နောက်တစ်နေ့ နံနက် အိပ်ရေးဝဝနိုးထလာတော့မှသာ လန်းဆန်းမှုအပြည့်နဲ့ စတင်သင့်ပါတယ်။ အဲဒီလို မလောဘဲ 
အနားပေးလိုက်ခြင်းဟာ မြင်လေသမျှ အရာရာ ပိုမိုလှပနေတဲ့ ဟန်းနီးမွန်ခရီးကို အပြည့်အဝ စတင်ခံစားနိုင်ဖို့အတွက် မိမိတို့ကိုယ်ကို ကျေးဇူးပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

(၄) ကျန်းမာရေးအထူး သတိပြုပါ

မင်္ဂလာပွဲအတွက် ဇောနဲ့ စီစဉ်နေခဲ့ချိန်တွေမှာ စိတ်ဆောင်နေတဲ့အတွက် ကျန်းမာရေးကို ဂရုမပြုမိခဲ့တာ ဖြစ်ကောင်းဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် မင်္ဂလာမဆောင်မီ တစ်လအတွင်း အိပ်ရေးပျက်ခဲ့တဲ့ညတွေ၊ ၀ိတ်လျော့ဖို့ ထိန်းထားခဲ့ရတဲ့ စားသောက်မှုပုံစံနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ ဒါမှမဟုတ် အပျော်လွန်ပြီး အသောက်များ ထားတာတွေ၊ ကား/လေယာဉ် အကြာကြီးစီးခဲ့ရတဲ့အတွက် ခရီးပန်းမှုဒဏ်တွေစုပေါင်းပြီး ဟန်းနီးမွန်းကျမှ မဟန်နိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပုံမှန်ထက်ပိုတဲ့ ပင်ပန်းမှုမျိုး ခံစားနေရပြီးဆိုရင် ပေါ့ပေါ့ဆဆ မနေသင့်ဘဲ သေချာစွာ စစ်ဆေးကုသသင့်ပါတယ်။ ခရီးမှာလည်း မနားမနေလည်ပတ်ချင်နေတဲ့ စိတ်တွေကို လျှော့ပြီး သက်တောင့်သက်သာနားဖို့နဲ့ အလည်အပတ်ထွက်ဖို့ကို မျှမျှတတလေး ဆောင်ရွက်ပေးရမှာပါ။ ဒီနေရာမှာထပ်ပြီး အကြုံပြုချင်တာလေးကတော့ လျှောက်လည်တဲ့အခါတိုင်း ရေဘူးပါအောင်ဆောင်သွားပြီး ရေကို ပုံမှန်လေးသောက်ပေးနေဖို့ပဲ ဖြစ်ပါတယ်။

(၅) တစ်ယောက်စိတ်ဝင်စားမှုကို တစ်ယောက် လေးစားပါ

သိပ်ကို အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ခရီးတစ်ခုကို ရောက်ပြီဆိုတာနဲ့ ကိုယ်က ဒါလေး လုပ်ချင်၊ သူက ဟိုဟာလေးလုပ်ချင်စတဲ့ ဆန္ဒတွေ အသီးသီးရှိကြမှာပါ။ ဥပမာ - မိန်းကလေးက ဈေးဝယ်ထွက်ချင်တယ်။ ယောက်ျားလေးက လှိုင်းစီးတာ သင်ချင်တယ်ဆိုပါစို့။ နှစ်ဦးစလုံးရဲ့ ဆန္ဒတွေလည်း ပြည့်ဝအောင် နှစ်ယောက်အတူမခွဲဘဲလည်း ရှိနေရအောင် တစ်ယောက်တစ်နေရာစီ မကွဲကွာနေစေဘဲ အချိန်ကိုသာ အဆင်ပြေအောင် ခွဲဝေ အသုံးချပေးဖို့ အထူးသတိပြုရမှာဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ နင်လည်း နင်လုပ်ချင်ရာ... ငါလည်း ငါလုပ်ချင်ရာ... ဆိုတဲ့ လွဲမှားတဲ့ နားလည်မှုမျိုးကို စတင်ရှာဖွေမိသူကတော့ အသေးအဖွဲကိစ္စလေးတစ်ခုနဲ့ မာနလွန်ဆွဲပွဲကို စတင်စိန်ခေါ်သူအဖြစ် ရောက်ရှိတော့မှာမို့ ဒီအချက်ဟာ အရေးကြီးလှပါတယ်။

(၆) တစ်ယောက် Limit ကို တစ်ယောက် နား လည်ပေးပါ
လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်အား မတူနိုင်ဘူးလို့ဆိုလိုချင်တာပါ။ တစ်နေကုန် နှစ်ယောက်အတူ လျှောက်လည်ထားတာဖြစ်ပေမဲ့ နေ့တစ်နေ့ရဲ့အဆုံးမှာ သင်ကလန်းဆန်းမှုရှိနေသေးပြီး သူကတော့ ပင်ပန်းလွန်းလို့ ခြေကုန်လက်ပန်းကျတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်မခံစားရတိုင်း သူ့ခံနိုင်ရည်ကို အားမလိုအားမရ ပုံစံမျိုးမပြသဘဲ ကိုယ်ချင်းစာမှုနဲ့ အား
ပေးတတ်ဖို့ လိုပါတယ်။ တစ်ဦးအပေါ်တစ်ဦး နားလည်မှုနဲ့ စိတ်ရှည်သည်းခံမှုကို ပြသပြီး ဘ၀တစ်လျှောက်လုံးအတွက် ယုံကြည်မှုနဲ့ ချစ်ခြင်းတရားတွေ ပိုမိုတိုးပွားစေဖို့ ပြုမှုဆောင်ရွက်သင့်ပါတယ်။

(၇) အစီအစဉ်တွေ အများအပြားဆွဲခြင်းကို ရှောင်ပါ

ခရီးမတိုင်ခင်မှာ အစီအစဉ်တွေ သေချာစွာ ကြိုတင်ရေးဆွဲ ဆောင်ရွက်သင့်တာမှန်ပေမဲ့ ခရီးရောက်လာခဲ့ပြီဆိုရင်တော့ စိတ်အေးလက်အေး အနားယူဖို့ကိုသာ ဦးတည်သင့်ပါပြီ။ ခရီးရောက်ချိန်မှာ ဘယ်နေရာသွားမယ် ဘာလုပ်မယ်ဆိုတာ တောရုံတန်ရုံဖြစ်သင့်ပေမဲ့ ဒီရက်အကန့်အသတ် အတွင်း နေရာအားလုံးကို ရောက်တုန်းရောက်ခိုက် မရောက်လိုက်ရမရှိရလေအောင်ဆိုတဲ့ လောဘစိတ်ကိုတော့လျှော့တတ်ဖို့ လိုပါတယ်။ သင်ဟာ ဒီအတောအတွင်းကာလတွေမှာ မင်္ဂလာအစီအစဉ်တွေအတွက်တစ်ဖက် အလုပ်တာဝန်တစ်ဖက်နဲ့ အသက်ရှူဖို့တောင် သတိမရနိုင်လောက်အောင် ဖြစ်ခဲ့ရတာကို သတိရပါ။ ဟန်းနီးမွန်းဟာ လေ့လာရေးတာဝန်နဲ့ ထွက်လာတဲ့ခရီး မဟုတ်ဘဲ ဝန်ထုပ် ဝန်ပိုးတွေအားလုံးကို လွှတ်ချထားခဲ့ရမယ့် စိတ်လက်ပေါ့ပါးပျော်ရွှင်မှုကို ခံစားရမယ့် ခရီးမျိုးသာ ဖြစ်ပါတယ်။

(၈) နားချိန်ပေးပါ

နံပါတ် (၇)မှာ ဆိုခဲ့သလိုပါပဲ။ သင့်ရဲ့ ဟန်းနီးမွန်းနေ့ရက်တွေ အားလုံးဟာ တစ်နေကုန် လည်ပတ်ရမယ့်နေရာတွေ သွားရမယ့်အစီအစဉ်တွေနဲ့ ချည်းပြည့်နေဖို့ မဖြစ်သင့်ပါ။ သာမန်ခရီးသွားသလို ဟိုတယ်ဟာ ညပြန်အိပ်စရာလောက်သာ ဖြစ်နေ တာမျိုးထက် ကိုယ်တည်းခိုနေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ (အထူးသဖြင့် ပူပြင်းတဲ့နေ့မျိုးမှာဆို ပိုပြီး) အနားယူပေးသင့်ပါတယ်။ ဒေသထွက် အစားအစာလေးတွေ စားသောက်ရင်း လှုပ်ရှားသွားလာနေကြတဲ့ ဒေသခံလူတွေရဲ့ နေထိုင်မှုပုံစံလေးတွေကို ကြည့်ရှုရင်း အေးအေးလူလူအနားယူတတ်ဖို့လည်း လိုပါတယ်။ 

(၉) ပွင့်လင်းမှုရှိပါစေ

ချစ်သူနှစ်ဦးကြား ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ စိတ်ဆိုးစိတ်ကောက်မှုတွေ၊ အသေးအမွှားကိစ္စလေးတွေကြောင့် စကားများရန်ဖြစ်မှုတွေဖြစ်လာ ခဲ့မယ်ဆိုရင် ဒါဟာစက္ကန့်နဲ့အမျှ တန်ဖိုးရှိတဲ့ သင်တို့ရဲ့ ဟန်းနီးမွန်ကာလဖြစ်တယ်ဆိုတာ သတိရ 
ပါ။ တစ်ရက်တစ်လေ တစ်နာရီမျှတောင်မှ တစ်ယောက်ကို တစ်ယောက် မခေါ်နိုင်မပြောနိုင် မဖြစ်ဖို့နဲ့ အလဟဿ အချိန်မဖြုန်းမိဖို့ လိုပါတယ်။ ဒီခရီး လေးအတွက် သင်တို့နှစ်ယောက် အနှစ်နှစ်အလလက အိပ်မက်မက်ခဲ့ရတာ... ကြိုတင်ရင်ခုန်စိတ်လှုပ် ရှားခဲ့ရတာ... အချိန်တွေ ငွေတွေ ရင်းနှီးထားရတာ သတိရပါ။ အမြဲတမ်းတည့်နေတဲ့သူ မရှိနိုင်ဘူးဆိုပေမဲ့ မြန်မြန်ရန်ဖြစ် မြန်မြန်ပြန်ချစ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီအချိန်လေးဟာ ပျော်ရွှင်မှုအတွက်ပဲ ဖြစ်စေရမယ်ဆိုတဲ့ တူညီတဲ့ သန္နိဌာန်လေးချမှတ်ရင်း မကျေနပ်မှုဖြစ်လာတိုင်း ပွင့်ပွင့်လင်းလင်း တစ်ထိုင်တည်းဖြေရှင်းရမှာဖြစ်သလို တစ်ဦးစိတ်တိုဒေါသထွက်နေချိန်မှာ တစ်ဦးက သည်းခံအလျှော့ပေးတတ်ပါစေ။

(၁၀) အပြန်ခရီးမှာလည်း ချစ်ဇနီးကို အထူးဂရု စိုက်ပါ

ဒီတစ်ချက်ကိုတော့ အမျိုးသားများ အထူးသတိပြုပေးဖို့လိုပါတယ်။ အသွားခရီးမှာ ပျော်ရွှင်မှုတွေ ပြည့်နေပြီး ချစ်သူကို သည်းသည်းလှုပ် ဂရုစိုက်မိသလောက် အပြန်လမ်းမှာ အရှိန်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသေးစိတ်ကအစ ခံစားသိမှုအာရုံရှိကြတဲ့ မိန်းကလေးတွေဟာ ဒါကို ကောင်းကောင်း သိကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဇနီးချောလေး ရွှေစိတ်တော် မငြိုငြင်ရလေအောင် အပြန်ကိုလည်း အသွားလိုပဲ Tempo မကျအောင် အထူးဂရုစိုက် အလေးထားတတ်ဖို့ အရေးကြီးပါကြောင်း စလယ်ဆုံးပျော်ရွှင်ရတဲ့ ဟန်းနီးမွန်းခရီးဖြစ်စေဖို့ အကြံပြုလိုက်ပါတယ်။

အချိုမြိန်ဆုံး ပျားရည်ဆမ်းတဲ့ ခရီးလမ်းလေးကို ဘ၀တစ်လျှောက်လုံးအတွက် အမှတ်တရ ဖန်တီးနိုင်ကြပါစေလို့ People က ဆန္ဒပြုလိုက်ပါတယ်။