Romantic Escapes

ဘ၀မှာ တစ်ကြိမ်တစ်ခါအတွက် သေချာစွာ တည်ဆောက်ထားခဲ့ရတဲ့ အိပ်မက်လေးနဲ့ အနှစ်နှစ်အလလက စိတ်ကူးယဉ်ထားခဲ့ရတဲ့ ကမ္ဘာငယ် လေးဆီကိုဦးတည်ကြမယ့် နှလုံးသားတစ်စုံအား ချစ်ခြင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ ရိုမန့်တစ်တည်နေရာလေးတွေကို ခေါ်ဆောင်သွားပါရစေ…။

ချစ်သူတွေရဲ့ အိပ်မက်မှာ အများဆုံးပါဝင်ခွင့်ရရှိထားတဲ့ အနောက်အရပ်က ကမ္ဘာကျော် အချစ်မြို့တော် ပဲရစ်၊ ဗင်းနစ်အစရှိတဲ့ နေရာတွေလိုပဲ ကိုယ့်အနီးနား အာရှတစ်ခွင်မှာလည်း ကမ္ဘာတစ်ဝန်းလုံးက ချစ်သူစုံတွဲတွေ ပျားရည်ဆမ်းခရီး လာရောက်လေ့ရှိကြတဲ့ အလှပဆုံးသောနေရာလေးတွေရှိနေပါတယ်။ ဒီနေရာတွေထဲကမှ ပေါ်ပြူလာအဖြစ်ဆုံးနေရာတွေကို ထုတ်နုတ်ကြည့်ရမယ်ဆိုရင်….


ဘာလီကျွန်း - အင်ဒိုနီးရှားရဲ့ သောင်းခုနစ် ထောင်ကျော်သော ကျွန်းတွေထဲမှာ ဘာလီကျွန်းကို အလည်အပတ်ရောက်ရှိဖို့ ရွေးချယ်မှုများကြတယ်ဆိုတာဟာ သိပ်တော့ အံ့သြစရာ မဟုတ်လှဘူးလို့သာ ဆိုချင်ပါတယ်။ ဘာလီကျွန်းကို ရောက်လာသူတွေရဲ့ တင်စားချက်က ကောင်းကင်ဘုံတစ်ခုလိုလှပပြီး နတ်သမီးပုံပြင်တွေကို ရှာဖွေတွေ့ရှိနိုင်မယ့် တစ်ခုတည်းသောအရပ်လို့တောင် ဆိုထားကြတာကိုး။

အင်တာနက်မှာ ဖတ်ရှုရတဲ့ဆောင်းပါးတွေအရ ဘာလီကျွန်းဟာ အင်ဒိုနီးရှားရဲ့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုအများဆုံးကျွန်းဖြစ်သလို ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဟန်းနီးမွန်းနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတာကိုလည်း တွေ့ရပါတယ်။ အလည်အပတ် သွားရောက်ဖို့ အကောင်းဆုံးအချိန်ကတော့ ဧပြီနဲ့ အောက်တိုဘာလတွေပါ။

ကောင်းကင်ဘုံကို ခေတ္တခဏ အလည်ရောက်ခွင့်ရသလို သာယာကြည်နူးဖွယ်ရာ အပန်းဖြေနားနေနိုင်မယ့် ကမ်းခြေတွေအပြင် သူပိုင်ဆိုင်တဲ့ အလှတရားများကတော့ တွေ့မြင်ရခဲတဲ့ မီးတောင်ရှုခင်းတွေကစလို့ အစိမ်းရောင်လယ်ကွင်းတွေအဆုံး စိတ်ကူးယဉ်ဆန်စွာလှပနေတဲ့ နေရာတွေချည်းဖြစ်ပါတယ်။

ဘာလီကိုရောက်ခဲ့မယ်ဆို ထင်ရှားတဲ့နေရာ တစ်ခုဖြစ်တဲ့ TirtaEmpul temple မှာ ၀တ်ပြုဆုတောင်းနိုင်သလို ယဉ်ကျေးမှုအမွေအနှစ်တွေ စုဝေးရာ Ubud ကျေးရွာရဲ့ စိမ်းလန်းငြိမ်းချမ်းလှပမှုတွေကိုလည်း သွားရောက်ခံစားနိုင်မှာပါ။ ဒါ့အပြင် ချစ်သူနဲ့အတူတူဆင်စီးပြီး လျှောက်လည်နိုင်မယ့် အတွေ့အကြုံကိုရရှိနိုင်ပြီး ညနေဆည်းဆာနေ၀င်ချိန်တချို့ကို ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းနိုင်ဖို့အတွက်လည်း လှပတဲ့ ကမ်းခြေမြို့လေး Kuta က ကြိုဆိုလျက်ရှိနေပါတယ်။ 

ဘာလီရောက် ခရီးသွားဧည့်သည်တချို့ကတော့ Kuta ထက် ဘာလီတောင်ပိုင်းက ကမ်းခြေတွေဖြစ်တဲ့ Sanur ၊ Legian ဒါမှမဟုတ် Seminyak ကမ်းခြေတစ်ခုခုဆီ ဦးတည်ရတာ ပိုနှစ်သက်တယ်လို့ ဆိုပြန်ပါတယ်။ မည်သို့ပင်ဆိုစေ ရိုမန့်တစ်ဆန်ဆန်အလှတရားတွေ အများအပြားစုဝေးနေတဲ့ ဘာလီဟာ အာရှတစ်ခွင်ကိုသာမက သဘာဝ အလှ အပတွေ အများအပြားပိုင်ဆိုင်ထားကြတဲ့ သြစတေးလျနဲ့ ဥရောပလိုနေရာမျိုးက ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကိုပါ ညှို့ငင်ဆွဲဆောင်ထားနိုင်တဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ရိုမန့်တစ်နေရာတစ်ခုပဲ ဖြစ်ပါတယ်။

နောက်ထပ်ရွေးချယ်ထား တစ်နေရာကတော့… ချစ်သူတွေရဲ့ရင်ခုန်သံတွေ အများကြီးကို သိမ်းပိုက်ထားနိုင်တဲ့…

မော်လ်ဒိုက် - အာရှရဲ့ ကာရစ်ဘီယန် ဟန်းနီးမွန်း ခရီးစဉ်လို့ တင်စားကြတဲ့ ရိုမန့်တစ်တည်နေရာဖြစ်ပါတယ်။ စိတ်ကူးယဉ်စရာအကောင်းဆုံးသော ဟန်းနီးမွန်းခရီးစဉ်တစ်ခုကို အကောင်အထည်ဖော်ပေးနိုင်မယ့် အာရှရဲ့ အသေးငယ်ဆုံးသော ကျွန်းနိုင်ငံလေးပါ။ 


အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိပါတယ်။ ရှုမောမဆုံးနိုင်ဖွယ် လှပလွန်းတဲ့ ကျွန်းရဲ့အနေအထားနဲ့ ခရစ္စတယ်လို ကြည်လင်သန့်စင်နေတဲ့ ရေပြင်ထက်မှာ လှပတဲ့ပုံစံအမျိုးမျိုးနဲ့ ထုဆစ်ထားတဲ့ ရေပေါ်ဘန်ဂလိုလေးတွေ၊ ဟန်းနီးမွန်းအပန်းဖြေဟိုတယ်တွေက ပျားရည်ဆမ်းချစ်သူတွေကို အိမ်မပြန်ချင်လောက် ဆွဲဆောင်ထားနိုင်ရုံသာမက မြင်ရသူတိုင်းရဲ့နှလုံးသားကိုဆွဲဆောင်လျက်ရှိနေတာ ဖြစ်ပါတယ်။


စိမ်းဖန့်ကြည်လင်နေတဲ့ ပင်လယ်ပြင်၊ ပြာလွင်အေးချမ်းတဲ့ ကောင်းကင်ပြင်နဲ့ ငြိမ်သက် လှပလွန်းတဲ့ကျွန်းကလေးမှာ ကိုယ့်ချစ်သူနဲ့နှစ်ဦးတည်းအတူ သီးသန့်ကူးခတ်အပန်းဖြေနိုင်မယ့် နေရာတွေလည်း ရှိနေတာကြောင့် ဟန်းနီးမွန်းခရီးအတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှု ဖြစ်လို့နေပါတယ်။ 


ဒီလိုအလှတရားတွေအပြင် စကူဘာဒိုက်ဗင်ကလည်း ကမ္ဘာ့အဆင့်မီတာကြောင့် နှစ်စဉ်နှစ်တိုင်း ခန့်မှန်းခြေအားဖြင့် ခြောက်သိန်းခန့်ရှိတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ မော်လ်ဒိုက်ကိုတဖွဲဖွဲ လာရောက်လေ့ရှိကြပါတယ်။ မော်လ်ဒိုက်ရဲ့ ခရီးသွားစည်ကားမှုအမြင့်ဆုံးအချိန်ကတော့ ဧပြီကနေ နိုဝင်ဘာလဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲမှာပဲ ဟန်းနီးမွန်း မောင်နှံတွေအတွက် ထပ်မံတွေ့ရှိရတဲ့ နေရာက…

သီရိလင်္ကာ - အိန္ဒိယရဲ့တောင်ဘက်မှာ လှပစွာတည်ရှိနေတဲ့ ဒီကျွန်းနိုင်ငံလေးကတော့ အာရှရဲ့ဘတ်ဂျက် ဟန်းနီးမွန်းနေရာတစ်ခုအဖြစ် ထင်ရှားပါတယ်။ ဒီနေရာကိုရွေးချယ်ကြတဲ့ ချစ်သူစုံတွဲတွေကတော့ ဟင်းခတ်အမွှေးအကြိုင် ကောင်းကောင်းနဲ့ ဟင်းလျာတွေ၊ ဖော်ရွေပျူငှာမှုရှိတဲ့ ဒေသခံတွေ၊ ကိုယ်ပိုင်ဟန်ရှိတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေကြားမှာ နှစ်ဦးသားဘ၀အစဟာ ကမ္ဘာသစ်တစ်ခုကို ရောက်သွားသလိုဆန်းသစ်တဲ့ ခံစားမှုမျိုးကို ရရှိစေတဲ့အတွက် အထူးနှစ်ခြိုက်ကြတယ်လို့ ဆိုပါတယ်။

ဘဘာဝရေမြေ တောတောင်အနေနဲ့ ပြောရမယ်ဆိုရင်လည်း ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြေမျက်နှာသွင်ပြင်၊ စိမ်းစိမ်းစိုစို သစ် တောတွေနဲ့အတူ ကျွန်းပီပီဆက်တိုက်တည်ရှိနေတဲ့ ကမ်းခြေနေရာတွေဟာ စိတ်အေးလက်အေး အပန်းဖြေအနားယူဖို့ အလုံအလောက်ဖြစ်တည်နေပြီး သီရိလင်္ကာရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Adam’s Peak ပေါ်ကနေ မြင်တွေ့ရတဲ့ ကျွန်းလုံးပြည့်ရောင်စုံရှုခင်းတွေဟာ ချစ်သူနှစ်ဦးအတူ ခံစားနိုင်ဖို့ သီရိလင်္ကာရဲ့ အလှပဆုံးသော ဆွဲဆောင်မှုပဲဖြစ်ပါသတဲ့။

သူ့ထံကိုရောက်ရှိဖို့အတွက်တော့ နေရာပေါ်မူတည်ပြီး အချိန်ကာလကို ခွဲခြားရမှာပါ။ အနောက်ဘက်နဲ့ တောင်ဘက်ကမ်းရိုးတန်းဟာ ဒီဇင်ဘာကနေ မတ်လအထိ သွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပြီး ဧပြီသို့မဟုတ် မေကနေ စက်တင်ဘာအထိဟာ အရှေ့ဘက်ကမ်းရိုးတန်းရဲ့ ရာသီဥတုသာယာလှပချိန်ပဲ ဖြစ်ပါတယ်။

ကမ်းခြေတွေပြီးတော့ ကုန်းပေါ်တစ်လှည့် ပြန်တက်လိုက်ကြရအောင်…။ ကမ္ဘာက စိတ်ဝင်စားတဲ့ ထူးထူးခြားခြားညှို့ငင်သော အလှတရားထဲမှာ ထိပ်တန်းကပါဝင်ရပ်တည်နေတဲ့ တစ်နေရာကတော့ မြန်မာတွေအားလုံးရဲ့….

ပုဂံ - ကိုယ့်ပြည်သူပြည်သားတွေရဲ့ ရင်ထဲက ပုဂံမြေကိုချစ်မြတ်နိုးမှုဆိုရင်တော့ အထူးပြောနေစရာမလိုတော့ပါဘူးနော်။ ဘယ်နှစ်ခေါက်ပဲရောက်ရောက် ဘယ်ခါမရိုးတဲ့ အရိမဒ္ဒနပူရ မဟာပုဂံမြေပါ။ လတ်တလောမှာ ငလျင်ဒဏ်ကြောင့် စေတီပုထိုးတချို့ ထိခိုက်မှုရှိခဲ့တာတောင် ပုဂံမြေက မဟာဆန်စွာလှပနေဆဲပါပဲ။

နေ့မကူးခင်ဖူး တူညီသော တစ်ဆုတည်းတောင်းရင် ထူးတယ်လို့ ယုံကြည်ကြတဲ့ စွယ်တော် လေးဆူ၊ အနုလက်ရာအာနန္ဒာ၊ ထုထည်ကြီးတာ ဓမ္မရံကြီး၊ ဉာဏ်တော်မြင့်တာ သဗ္ဗေညု၊ တန်ခိုးကြီးတာရွှေစည်းခုံ (အလှမှာရွှေစည်းခုံလို့လည်း ဆိုကြပါသေးတယ်)၊ ၀ါတော်ကြီးတာ ငှက်ပစ်တောင်၊ ထီးကလိုမင်းကလို ထီးလိုမင်းလို၊ ဆိပ်ကမ်းသာတာ လောကနန္ဒာ (လောကနန္ဒာနားမှာ ဧရာဝတီမြစ်ရေဟာ ကြည်လင်ပြီး တကယ်ကိုသာယာလွန်းလို့ ရောက်ဖူးသူတိုင်း ကြည်နူးကြတဲ့နေရာလေး ဖြစ်ပါတယ်)၊ ဆုတောင်းပြည့်တာ အလိုတော်ပြည့်၊ နံရံဆေးရေးမှာ စူဠာမဏိ၊ စစ်သူကြီးဘ၀ ဓမ္မရာဇက၊ ထူးထူးခြားခြား ပြဿဒါး၊ စိတ်ကျဉ်းကျပ် တာမနူဟာအစရှိသဖြင့် စေတီတစ်ဆူမှာ သမိုင်းကြောင်းတစ်မျိုးစီနဲ့ စိတ်ဝင်စားဖွယ်ရာတွေ အပြည့်ရှိနေသလို ပန်းချီကားချပ်သဖွယ် လှပလွန်းတဲ့ အညာမြေရဲ့ အရုဏ်ရှုမျှော်ခင်း၊ နေ၀င်ချိန်ဆည်းဆာ မြင်ကွင်းတွေကလည်း ဆွဲဆောင်နိုင်အား ကြီးမားလှပါတယ်။ 

ဒါကြောင့် ကြင်စဦးမောင်နှံတွေဟာ ကြည်ကြည်နူးနူးဘုရားဖူးရင်း ပုဂံမြေနဲ့ ဧရာဝတီရဲ့ အလှတရားတွေကြား စီးမျောခံစားနိုင်ဖို့ ဟန်းနီးမွန်းခရီးအတွက် ပုဂံကိုရွေးချယ်ကြသလို ယဉ်ကျေးမှုအမွေအနှစ်လက်ရာဖြစ်တဲ့ ယွန်းထည်အတတ်ပညာ၊ သဲပန်းချီနဲ့ အ၀တ်ပန်းချီ လက်မှုအနုပညာတွေကလည်း ကမ္ဘာအရပ်ရပ်ကခရီးသွားတွေအတွက် ဆွဲဆောင်လျက်ရှိနေတာဖြစ်ပြီး မြန်မာတို့အတွက်ကတော့ ပုဂံပြန်လက်ဆောင် ပုန်းရည်ကြီးဟာ ထင်ရှားတဲ့ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေနဲ့ ညှို့ငင်ဖမ်းစားနေတဲ့ အလှတရားတွေထဲက ဆက်လက်ရွေးချယ်ရမယ့် နောက်ထပ်တစ်နေရာကတော့…
ကမ္ဘောဒီးယား - ခမာတို့ရဲ့ အင်ပါယာကလည်း အာရှရဲ့နှစ်သက်အံ့သြဖွယ် ရိုမန့်တစ်တည်နေရာတစ်ခုဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင်နေရာတစ်ခုဖြစ်တဲ့ Angor Wat အန်ကောဝပ်ကျောင်းတော်ကြီးဟာ ကမ္ဘောဒီးယားရဲ့ အဓိကဆွဲဆောင်မှုလို့ ဆိုနိုင်မှာပါ။ 

နောက်ထပ် စိတ်ဝင်စားစရာနေရာတွေ အနေနဲ့ခမာအင်ပါယာရဲ့ နောက်ဆုံးမြို့တော်ဖြစ်တဲ့ Ankor Thom၊ ကမ္ဘာကျော် Bayon Temple (အိန်ဂျယ်လီနာဂျိုလီ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်ရုပ်ရှင် Tomb Rider မှာ ပါဝင်တဲ့ နေရာ 
ဖြစ်ပါတယ်) ၊ Phimen Akas Temple ၊ Ta Prohm Temple စတဲ့ ပုထိုးတွေနဲ့ ခမာရိုးရာပြတိုက်တို့ကို သွားရောက်လေ့လာနိုင်ပြီး ခမာကျောက်ဆစ်လက်ရာအနုပညာတွေကို လေ့လာဝယ်ယူနိုင်မယ့် Artisans  Angkor လက်မှုပစ္စည်းဆိုင်နဲ့ ရုရှဈေးနေရာများမှာလည်း လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ 

နိုင်ငံရဲ့မြို့တော်ဟာ ဖနွမ်းပင်ဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင် KomPhom တံတားနဲ့ Wat Phnom တောင်ကုန်း၊ တော်ဝင်နန်းတော်နဲ့ ငွေစေတီဟာ မြို့ရဲ့ထင်ရှားတဲ့ နေရာတွေဖြစ်သလို ကမ္ဘောဒီးယားရဲ့ နာမည်ကျော် Apsara နတ်မိမယ်ကပွဲဟာလည်း သွားရောက်ရှုစားဖို့ လက်မလွတ်သင့်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

ကမ္ဘောဒီးယားကိုသွားမယ်ဆို ရန်ကုန်ကနေ စီရမ်ရိ(ပ) လေဆိပ်ကို ဆင်းသက်ရမှာဖြစ်ပြီး လည်ပတ်ဖို့ အကောင်းဆုံးအချိန်တွေကတော့ အောက်တိုဘာလကနေမေလအထိဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ရွေးချယ်လိုက်တဲ့ ရင် ခုန်စရာတွေ စုံစုံလင်လင်နဲ့ အနီးဆုံးသွားချင်စရာ ခရီးလေးကတော့…

ထိုင်းနိုင်ငံ - ကြင်စဦးဇနီးမောင်နှံတို့အတွက် လည်ပတ်စရာနေရာတွေအများကြီးနဲ့ စောင့်ကြိုနေတဲ့ ထိုင်းနိုင်ငံက သက်တောင့်သက်သာဟန်းနီးမွန်းခရီးကို ဖြစ်စေမှာပါ။ ပတ္တရား၊ ဖူးခက် နဲ့ ချင်းမိုင်ကတော့ လူသိများထင်ရှားပြီးသားနေရာတွေ ဖြစ်သလို ဒီနှစ်ပိုင်းထဲမှာ ခရီးသွားလုပ်ငန်းတွေရဲ့ ဖေ့စ်ဘုတ်ကြော်ငြာများကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်လာတဲ့ တစ်နေရာကတော့ ဘန်ကောက်မြို့တော်ရဲ့ အနောက်ဘက် ၁၂၃ ကီလိုမီတာ အကွာအဝေးမှာ တည်ရှိတဲ့  ကန်ချန်နဘူရီမြို့ ဖြစ်ပါတယ်။

ကန်ချန်နဘူရီ - ကွေးနွိုင် နဲ့ ကွေးရိုင် မြစ်နှစ်ခုပေါင်းဆုံပြီး မဲခေါင်မြစ်အတွင်း စီးဝင်ရာ မြစ်ဆုံနေရာဖြစ်တဲ့အတွက် သဘာဝတောတောင် ရေမြေတည်ရှိပုံဟာ လှပပြီး ထိုင်းနိုင်ငံအလယ်ပိုင်းကဒေသများထက် အေးမြမှုကို ပိုမိုပေးစွမ်းတဲ့အတွက် ခရီးသွားများနှစ်ခြိုက်စွာ လာရောက်အပန်းဖြေကြတဲ့ နေရာဖြစ်သလို  စိတ်ဝင်စားဖွယ် တစ်ရပ်အနေနဲ့ ၁၉၄၂ ခုနှစ် ဂျပန်ခေတ်မှာ မွန်ပြည်နယ် သံဖြူဇရပ်ကနေ ထိုင်းနိုင်ငံဘက်ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန်ရထားလမ်းရဲ့ သမိုင်းကြောင်း ကြွင်းကျန်ခဲ့ရာနေရာလည်း ဖြစ်ပါတယ်။ ဒီရထားလမ်းနဲ့ ပတ်သက်ပြီး နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့ The Bridge on the River Kwai (1957) နဲ့ Return from the River Kwai (1989) တို့ဟာ ကွေးမြစ်တံတားပေါ်က ဇာတ်လမ်းများပဲ ဖြစ်ပါတယ်။ ဒါကတော့ တစ်လက်စတည်းမို့ ဗဟုသုတအနေနဲ့ ဝေမျှလိုက်တာပါ။ 

ထိုင်းနိုင်ငံခရီးအကြောင်းလေး ပြန်ဆက်ရမယ်ဆိုရင် နာမည်ကျော်ထင်ရှားတဲ့ ပတ္တရားကမ်းခြေဟာ ဟန်းနီးမွန်းစုံတွဲလေးတွေကို လာရောက်အပန်းဖြေကြဖို့ ကြိုဆိုလျက်ရှိနေပါတယ်။ 

ပတ္တရား - ရန်ကုန်ကနေ ဘန်ကောက်ကို လေယာဉ်စီးပြီး ပတ္တရားကမ်းခြေကို တစ်ဆင့်သွားရောက်နိုင်ပါတယ်။ ပတ္တရားရောက်တဲ့အခါ Coral ကျွန်းကို စက်တပ်လှေစီးသွားရောက်ပြီး ပျော်ပျော်ပါးပါး အပန်းဖြေ ရေကစားနိုင်မှာဖြစ်သလို NongNuch ကျေးရွာကို သွားရောက်ပြီးတော့လည်း ထိုင်းရိုးရာအကအလှတွေနဲ့ ဆင်လိမ္မာကပွဲတွေကို ရှုစားနိုင်မှာပါ။

တိရိစ္ဆာန်လေးတွေကို ချစ်တတ်သူတွေ အတွက် Safari World က Animal Show ကို သွားရောက်ကြည့်ရှုနိုင်မှာဖြစ်သလို ချစ်သူနဲ့အတူတူ မြဘုရားဖူး၊ ဘုရင့်နန်းတော်နဲ့ အယုဒ္ဓယမြို့ဟောင်းမှာလျှောက်လည်၊ ပစ္စည်းတွေကောင်းပြီး ဈေးလည်းတန်လို့ နာမည်ကြီးတဲ့ ပလက်တီနမ်မောလ် နဲ့ အင်ဒရာဈေးမှာ ရှော့ပင်းထွက်၊ ညဘက်မှာတော့ ကျောက်ဖယားမြစ်ထဲမှာ River Cruise လေးစီးလို့ ညစာလေးစားရင်း၊ မြစ်ကမ်းနံဘေး တစ်ဖက်တစ်ချက်က လှပတဲ့ မြို့ပြညရှုခင်းတွေကိုခံစားရင်း၊  ရိုမန့်တစ်ဆန်တဲ့ ညချမ်းလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

ဖူးခက် - ဖူးခက်ကိုခြေဦးလှည့်ဖို့ စဉ်းစားထားတာ ဆိုရင်တော့ ဘန်ကောက်ကတစ်ဆင့် ဖူးခက်ကို ပျံသန်းသွားရပါမယ်။ ဖူးခက်ရောက်ရင် ကမ္ဘာကျော်အောင်လှတဲ့ Phi Phi ကျွန်းကို လှေစီးပြီးသွားလည်မယ်။ ဖူးခက်မှာ ကမ္ဘာလှည့်ခရီးသည်တွေ ပထမဆုံးလာရောက်အပန်းဖြေတဲ့ ကမ်းခြေလို့ဆိုထားတဲ့ Rawai ကမ်းခြေမှာ အပန်းဖြေမယ်။ Pearl of the Andaman Island  အန်ဒမန် ပုလဲကျွန်းရဲ့ အလှတရားတွေကို သွားရောက်ခံစားနိုင်မှာဖြစ်သလို နေ၀င်ဆည်းဆာချိန်တွေမှာ ချစ်သူ နဲ့အတူ ကြည်နူးနိုင်ဖို့ Phromthep Cape အငူကလည်း ကြိုဆိုလျက်ရှိနေပါတယ်။ 

ချင်းမိုင် - စိမ်းမြလှပတဲ့တောင်တွေ အထပ်ထပ် ၀န်းရံနေတဲ့ကြားမှာ နှလုံးသားတွေကို အေးချမ်းသွားစေတဲ့ ချင်းမိုင်ရဲ့ အလှတရားများကြောင့် ရန်ကုန်-ချင်းမိုင်တိုက်ရိုက်ပျံသန်းတဲ့ လေယာဉ်ခရီးနဲ့ ပျားရည်ဆမ်းခရီးဦးတည်ကြတဲ့ ကြင်စဦးဇနီး 
မောင်နှံတွေလည်း အများအပြားရှိကြပါတယ်။

ချင်းမိုင်ရဲ့ ခရီးသွားဆွဲဆောင်မှုနေရာတွေထဲကမှ နာမည်ကျော်နေရာတချို့ကို ထုတ်နုတ်ကြည့်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဒွိုင်အင်တနွန်ပေါ်က စေတီတော်နှစ်ဆူကို သွားရောက်ဖူးမြော်ရင်း သန့်စင်တဲ့ လေထုနဲ့ လှပတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အငွေ့အသက်တွေကို ခံစားအပန်းပြေနိုင်မှာဖြစ်သလို ဒွိုင်အင်တနွန်အမျိုးသား သဘာဝဥယျာဉ်ဧရိယာထဲမှာ တည်ရှိတဲ့ မဲရရေတံခွန်၊ ၀ချီရသန် ရေတံခွန်စတဲ့ သဘာဝ ရေတံခွန်တွေမှာလည်း အပန်းဖြေနားနေနိုင်မှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ကမ္ဘာ့အဆင့်မီ တည်ဆောက်ထားတဲ့ တိရိစ္ဆာန်ဥယျာဉ်ကိုလည်း သွားရောက်လည် ပတ်ကြည့်ရှုနိုင်မှာဖြစ်ပြီး ဘော်စန် လက်မှုလမ်း၊ ပိုးထည်လုပ်ငန်း၊ သားရေထည်လုပ်ငန်း၊ အိမ်တွင်းလက်မှုလုပ်ငန်းများနဲ့ ပျားမွေးမြူရေး စိုက်ခင်းအစရှိတဲ့ နေရာများကို လှည့်လည်လေ့လာရင်း ဒေသန္တရဗဟုသုတများကို ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။ 

ချင်းမိုင်ကို အလှဆုံးမြင်တွေ့နိုင်မယ့်အချိန်ကတော့ ဖေဖော်ဝါရီလ ဖြစ်ပါတယ်။ သူရဲ့ ရာသီဥတုအနေအထားအရ ဖေဖော်ဝါရီဟာ ပန်းပေါင်းစုံဖူးပွင့်လေ့ရှိတာမို့ နှစ်စဉ်နှစ်တိုင်းပန်းပွဲတော် ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်တွေကတော့ ဇူလိုင်ကနေ အောက်တိုဘာ မိုးရာသီကာလတွေနဲ့ နိုဝင်ဘာကနေ ဖေဖော်ဝါရီ အေးမြတဲ့ ရာသီအချိန်တွေပဲ ဖြစ်ပါတယ်။