အာရှရဲ့ဟာဝိုင်အီ သို့မဟုတ် နတ်ဘုရားတွေနေတဲ့ကျွန်း

မိုးလေးတအေးအေးရှိတုန်း စိတ်ဝင်စားစရာ အကြောင်းအရာတွေရှာဖွေဖို့ နိုင်ငံတကာကွန်ပျူတာကွန်ယက်ထဲလှည့်လည်လို့ အာရှတစ်ခွင်ခရီးနှင်ကြည့်တဲ့အခါ လတ်တလောကာလများ မှာ ကိုယ့်နိုင်ငံက ပြည်သူအများရဲ့ စိတ်အစဉ်ကို တီဗီဖန်သားပြင်ပေါ်ကတစ်ဆင့် ညို့ငင်ဖမ်းစား လျက်ရှိတဲ့ ကိုရီးယားအမည်ရ အရပ်ဒေသမှာ ရပ်တန့်ကြည့်ခဲ့မိပါတယ်။

ကိုရီးယားမှာ အပန်းဖြေလည်ပတ်ဖို့ စဉ်းစားမိတဲ့အခါ တောင်ကိုရီးယားရဲ့ နာမည်ကျော်တွေဖြစ်တဲ့ ဆိုးလ်၊ ဖူဆန်၊ ဂရောင်ဂျူး၊ ဂျယ်ဂျူးစတဲ့ နေရာတွေထဲက ကျွန်းသာယာလေးအဖြစ် သီးသန့်တည်ရှိနေပြီး အာရှရဲ့ဟာဝိုင်အီလို့ တင်စားကြတဲ့ 
ဂျယ်ဂျူးကျွန်းကို ဦးတည်မိခဲ့ပါတယ်။ ဂျယ်ဂျူးကျွန်းဟာ တောင်ကိုရီးယားရဲ့ တောင်ဘက်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ Jeju မြို့ဟာ ကျွန်းရဲ့ မြောက်ဘက်စွန်းမှာဖြစ်ပြီး World Cup Stadium နဲ့ Jungmun Tourist Resort Complex တွေ
တည်ရှိတဲ့ Seogwipo မြို့ကတော့ ကျွန်းရဲ့တောင်ဘက်စွန်းမှာ တည်ရှိပါတယ်။

ဒီကျွန်းကို နတ်ဘုရားများရဲ့ကျွန်းလို့လည်းခေါ်ဆိုကြပါတယ်။ ဒီလိုခေါ်ဆိုရခြင်းရဲ့ အကြောင်းရင်းကတော့ ကျွန်းပေါ်က စိတ်ဝင်စားဖွယ်နေရာ တချို့မှာ နတ်ဘုရားတွေပါဝင်တဲ့ ဒဏ္ဍာရီလိုလိုအကြောင်းအရာလေးတွေ ထင်ဟပ်နေတာကြောင့် 
လို့ ယူဆမိပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရီးယားနဲ့ ဂျပန်တွေ  အဓိကလာရောက်အပန်းဖြေကြ တဲ့ နေရာဖြစ်တဲ့အပြင် ကမ္ဘာအရပ်ရပ်က ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်နိုင်တဲ့နေရာ ဖြစ်လို့နေပါတယ်။ 

ကျွန်းရဲ့ ပထ၀ီအနေအထားဟာ မီးတောင်ချော် ကျောက်တွေ၊ နွေးထွေးမှုရှိတဲ့ ရာသီဥတုနဲ့ မိုးရွာသွန်းမှုပုံစံတွေကို ခြုံကြည့်မယ်ဆို အမေရိကက ဟာဝိုင်အီကျွန်းနဲ့ ဆင်တူမှုရှိသလို ခရီးသွားလုပ်ငန်းဟာလည်း ကျွန်းရဲ့အဓိက စီးပွားရေးတစ်ခု အနေနဲ့ ရပ်တည်နေတာကြောင့် အလည်အပတ်လာရောက်ကြတဲ့ ဧည့်သည်တွေအတွက် တည်းခိုနေထိုင်စားသောက်မှုအပိုင်းမှာ အဆင်ပြေစေသလို အပန်းဖြေလည်ပတ်စရာ နေရာများစွာက လည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်  ကြိုဆိုလျက်ရှိ နေပါတယ်။

ဂျယ်ဂျူးကိုသွားမယ်ဆိုရင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဗီယက်နမ်၊ ဟိုချီမင်းလေဆိပ်သို့သွားရောက်ပြီး ဟိုချီမင်းကတစ်ဆင့် ကိုရီးယား၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုသွားနိုင်ပါတယ်။ အင်ချွန်းကိုရောက်တဲ့အခါ
ကင်ပိုလေဆိပ်ကို ကားတစ်ဆင့်စီးသွားရပြီး ကင်ပိုလေဆိပ်ကတစ်ဆင့် လေယာဉ်စီးပြီး ဂျယ်ဂျူးကိုရောက်ရှိနိုင်မှာပါ။ ဂျယ်ဂျူးအပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ ဂျယ်ဂျူးမြို့စွန်မှာ တည်ရှိပါတယ်။ ဂျယ်ဂျူးကျွန်းပေါ်က အဓိကမြို့နှစ်မြို့ဖြစ် တဲ့ Jeju နဲ့ Seogwipo မြို့များမှာ Resort, Super Deluxe, Deluxe, 1st Class, Boutique Hotel စသဖြင့် ရွေးချယ်စရာဟိုတယ်အမျိုးအစားများစွာရှိနေပြီး နွေရာသီနဲ့ ပိတ်ရက်ရှည်ကာလများမှာတော့ ဟိုတယ်တို့ရဲ့ သဘောသဘာဝအတိုင်း အခန်းငှားခတွေ မြင့်တက်လေ့ရှိပါတယ်။

ဂျယ်ဂျူးမှာ အလည်အပတ်ထွက်ဖို့အတွက် စက်ဘီးလေးစီးပြီးသွားချင်တယ်ဆိုလည်း အိုကေပါတယ်။ စက်ဘီးစီးပြီးသွားလာတာဟာ တောင်ကိုရီးယားရဲ့ အခြားသောနေရာဒေသများထက် တောင် ဂျယ်ဂျူးက ပိုပြီးလုံခြုံစိတ်ချရမှုရှိတယ်
လို့ ဆိုပါတယ်။ လမ်းအတော်များများဟာ လမ်းဘေးမှာကပ်ပြီး စက်ဘီးစီးနင်းသွားဖို့အတွက် နေရာကျယ်ပြန့်မှုရှိသလို တချို့နေရာများမှာ စက်ဘီးသွားဖို့အတွက် လမ်းသီးသန့်ခြားထားပေးပါတယ်။

ရေကြောင်းက သွားလာချင်တယ်ဆိုရင် တော့ ဂျယ်ဂျူးမြို့ဆိပ်ကမ်းကနေ Busan, Yeosu, Mokp’o, Wondo, Noktongနဲ့ Incheon ကို နေ့စဉ်ပြေးဆွဲပေးနေတဲ့ ဖယ်ရီတွေရှိသလို ဂျပန်ဘက်ကိုထွက်တဲ့ လှေတွေလည်းများစွာရှိတယ်လို့ သိရပါ
တယ်။ ဂျယ်ဂျူးဆိပ်ကမ်းကြီးအပြင် ဆိပ်ကမ်းငယ်လေးတွေလည်းများစွာရှိပြီး အဲဒီနေရာတွေက တစ်ဆင့် အခြားသော ကျွန်းလေးတွေဖြစ်တဲ့ Kapa-do, Mara-do, Piyang-do, U-do စတဲ့  နေရာများကို အလည်အပတ်ရောက်ရှိနိုင်ပါတယ်။

ဘတ်စ်ကားစီးပြီး ခရီးနှင်မယ်ဆိုရင်လည်းဂျယ်ဂျူးမြို့ကားဂိတ်ကနေ ကျွန်းရဲ့နေရာအနှံ့ပြေးဆွဲလျက်ရှိတဲ့ ကားလိုင်းများစွာရှိပါတယ်။ အဓိကဖြစ်တဲ့ မြို့နှစ်မြို့ကိုပြေးဆွဲတဲ့ ဘတ်စ်လမ်းကြောင်း၊ ဒါမှမဟုတ် တောင်ဘက်ကမ်းရိုးတန်းက Jungmun Resort ကို သွားတဲ့လမ်းကြောင်းတွေပေါ်မှာလည်း ဂျယ်ဂျူးကျွန်းပေါ်က စိတ်ဝင်စားဖွယ်နေရာတွေကို  သွားရောက်နိုင်မယ့် မှတ်တိုင်များစွာဟာ လမ်းတစ်လျှောက်မှာ ရှိနေပါတယ်။ အကယ်၍ ကားစီးလုံးငှားစီးမယ်ဆိုရင်လည်း အငှားကားအေဂျင်စီတွေရှိပြီး နေ့တစ်ဝက်စာကို ၀မ်သုံးသောင်းခွဲဝန်းကျင်လောက် ကျသင့်မယ်လို့ ခန့်မှန်းရပါတယ်။

အစားအသောက်ပိုင်းမှာတော့ ဂျယ်ဂျူး ကျွန်းရဲ့ အဓိကစီပွားရေးဟာ ခရီးသွားလုပ်ငန်းအပြင် ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်တာကြောင့် လတ်လတ်ဆတ်ဆတ် ငါး၊ ပြည်ကြီးငါး၊ ရေဘ၀ဲ၊ ပင်လယ်မျှော့နဲ့ ပင်လယ်စာ အမျိုးမျိုးကိုဈေးတကာ၊ စားသောက်ဆိုင်တကာနဲ့ကမ်းခြေတွေမှာပါ ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် ဂျယ်ဂျူးရဲ့ ရာသီဥတုဟာအရည်အသွေးကောင်းမွန်လှတဲ့ နာနတ်သီးနဲ့ အခွံပွလိမ္မော်သီးတွေကို ထုတ်လုပ်ပေးတဲ့အတွက် ဟာဝိုင်အီက နာမည်ကျော် နာနတ်သီးကို မမြည်းစမ်းဖြစ်ရင်တောင် အာရှဟာဝိုင်အီရဲ့ နာနတ်သီးအရသာကိုတော့ ခံစားကြည့်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်နာမည်ကျော် ထွက်ကုန်တွေကတော့ ဆေးဖက်ဝင်မှိုတစ်မျိုးဖြစ်တဲ့ Shiitake မှို၊ ရှားစောင်းပင်တွေနဲ့ ကျွန်းပေါ်ကပန်းပွင့်တွေကနေ ထုတ်လုပ်ရရှိတဲ့ စပါယ်ရှယ်အရသာပျားရည်တို့ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဂျယ်ဂျူးမှာ အလည်အပတ်စတင်တော့ မယ်ဆိုရင် ကျွန်းတို့ရဲ့ထုံးစံအတိုင်းလတ်ဆတ်တဲ့ ပင်လယ်လေကို ရှုရှိုက်ရင်းသဲသောင်၊ နေရောင်နဲ့ ပင်လယ်ပြင်ရဲ့သဘာဝ  ရေပေါ်၊ ရေအောက် ရှုခင်းတွေထဲ တသားတည်းစီးမျောနိုင်မှာ ဖြစ်သလို ထူး
ထူးခြားခြားရရှိနိုင်မယ့် အခွင့်အရေးတစ်ခုကတော့ တောင်ကိုရီးယားရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Hall-asan ဟယ်လာတောင်ထိပ်ပေါ်ကို တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ စွန့်စွန့်စားစားသွားလာခြင်းကို နှစ်သက်သူတွေအတွက်လည်း တောင်တက်ခြင်း အပြင် မြင်းစီးထွက်ခြင်း၊ ပင်လယ်ရေအောက်မှာ စကူဘာ ရေငုပ်သွားလာခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ရုပ်ရှင်ချစ်သူတွေကတော့ ဖန်သားပြင်ပေါ်မှာမြင်တွေ့ဖူးသမျှ သာယာလှပတဲ့ ရိုက်ကွင်းနေရာတွေကို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနိုင်မှာဖြစ်ပြီး ဂျယ်ဂျူးကျွန်းဟာ ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီး အရွယ်စုံအားလုံးအတွက် အဆင်ပြေစေမယ့် အပန်းဖြေပျော်ရွှင်စရာများစွာနဲ့ ကြိုဆိုလျက်ရှိနေပါတယ်။

လေ့လာလည်ပတ် ကြည့်ရှုချင်စရာတွေများတဲ့ ဂျယ်ဂျူးရဲ့နေရာများစွာထဲက အလည်လာ ဧည့်သည်တွေ မဖြစ်မနေသွားရောက်သင့်တယ်လို့ ညွှန်းဆိုထားတဲ့ နေရာတွေကတော့…

Seongsan Ilchulbong Peak - ဒီကျောက်တောင်ထွတ်ဟာ ပင်လယ်ပြင်ကနေ ၁၂၈ မီတာ (၅၉၆.၉၆ပေ)အမြင့်ရှိပါတယ်။ မီးတောင်ဆက်တိုက်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့နေရာဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်းတစ်သိန်းခန့်ရှိပြီလို့ သိရပါတယ်။ မူလကမီးတောင်ကျွန်းတစ်ခုဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ သဘာဝအရ သဲနဲ့ ကျောက်စရစ်တွေ တဖြည်းဖြည်းဆက်စပ် စုပုံလာခဲ့ရာမှ ဖြစ်ပေါ်လာခဲ့တဲ့ ဒီနေရာဟာကျောက်ကမ်းပါးထက်က ခံတပ်ဟောင်းတစ်ခုနဲ့ ဆင်တူနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မိုးသောက်ယံရှုခင်းကို အလှအပ အလန်းဆန်းဆုံးခံစားလိုသူတိုင်းအ တွက် Seongsan Ilchulbong Peak ဟာ ဂျယ်ဂျူးရဲ့အကောင်းဆုံးနေရာ ဖြစ်တယ်လို့ဆိုပါတယ်။

Manjanggul Cave - သဘာဝအမွေအနှစ်တစ်ခုအဖြစ် ယူနက်စ်ကိုက ထိန်းသိမ်းထားတဲ့ နေရာဖြစ်ပြီး ဂျယ်ဂျူးမြောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ ခရီးသွားတွေကို လာမကြည့်ဘဲမနေနိုင်အောင် ဖမ်းစားနိုင်တဲ့ ကမ္ဘာ့အရှည်ဆုံး 
ချော်ချောင်းဂူကြီးဟာ ၅ မီတာ အကျယ်အ၀န်းနဲ့အမြင့် ၅ မီတာကနေ ၁၀ မီတာအထိရှိပြီး ၁၃ ကီလိုမီတာကျော်အထိ ရှည်လျားတယ်လို့ သိရပါတယ်။ ဒီနေရာဟာ နှစ်သန်းပေါင်း နှစ်သန်းခွဲလောက်ကတည်းက ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ဂရု တစိုက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှုများနဲ့အတူ ကမ္ဘာ့အလယ်မှာ ဒီလိုနေရာရှိတယ်ဆိုတာကို ချပြခဲ့တာဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေကိုတော့ မင်ဂျန်ဂယလ်ဂူရဲ့ ပကတိအရှည်ကနေ ၁ ကီလိုမီတာအတွင်းကိုသာ ၀င်ရောက်ခွင့်ပြုထားပါ တယ်။

Cheonjiyeon Falls - ချွန်ဂျီယွန်ရဲ့ အဓိပ္ပါယ်ကတော့ နတ်ရေကန်ပါ။ မတ်စောက်တဲ့ ကျောက်ကမ်းပါးပေါ်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာတဲ့ရေတံခွန်နဲ့ ရေကန်ဟာ ကြည်လင်သန့်စင်လို့နေပါတယ်။ နတ်ဘုရားတွေရဲ့ကျွန်းလို့ ယုံ 
ကြည်မှုကို ဖြစ်ပေါ်လာစေတဲ့ ဂျယ်ဂျူးရဲ့ ဒဏ္ဍာရီရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မိုးနတ်မင်းကြီးဟာ တိမ်ကိုစီးလာပြီး နတ်သမီးခုနစ်ဖော်အခြံအရံနဲ့ ဒီရေကန်မှာ ရေချိုးဆင်းလေ့ရှိတဲ့အတွက် နတ်ရေကန်လို့ အမည်တွင်ခဲ့ကြောင်းသိရပါတယ်။ နှစ်စဉ် မေလတိုင်းမှာ နတ်သမီးခုနစ်ဖော်ပွဲတော်ကို ကျင်းပလေ့ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ရေတံခွန်ရဲ့ အမြင့်ကတော့ ၂၂ မီတာနဲ့ ၁၂ မီတာကျယ်ဝန်းပြီး မီတာ ၂၀ အနက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဂျယ်ဂျူးကျွန်းရဲ့ တောင်ဘက်စွန်းက Seogwipo မြို့မှာ တည်ရှိတာဖြစ်ပြီး ကျွန်းရဲ့အ ကျော်ကြားဆုံးရေတံခွန်ဖြစ်တဲ့အတွက် ဧည့်သည် လာရောက်မှုအများဆုံး နေရာတစ်ခုဖြစ်ပါတယ်။

Hallasan Mountain - ၁၉၅၀ မီတာ (ပေပေါင်း ၆၃၉၆) အမြင့်ရှိတဲ့ ဟယ်လာတောင်ကတော့ ကိုရီးယားရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး မီးတောင်မြုံတစ်ခုဖြစ်ပါတယ်။ သူရဲ့တည်နေရာကတော့ ဂျယ်ဂျူးကျွန်းရဲ့ ဗဟိုချက်မှာပါ။ သဘာဝမပျက်စီး အောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဧရိယာဖြစ်ပြီး တစ်နှစ်ပတ်လုံးသာယာလှပမှုရှိတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ တောင်ထိပ်ပေါ်မှာတော့မီတာ ၅၀၀ အချင်းနဲ့ ၃ ကီလိုမီတာ အ၀န်း ပမာဏရှိတဲ့ Baengnokdam အမည်ရ မီးတောင်ထိပ်ဝ ရေကန်ကြီးတည်ရှိနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Teddy Bear Museum - ဒီပြတိုက်ကတော့ တက်ဒီဝက်ဝံရုပ်ကလေးတွေကို ချစ်သူတိုင်း ရောက်ရှိကြတဲ့နေရာဖြစ်ပါတယ်။ ၀င်ကြေးကတော့ တခြားနေရာတွေထက်စာရင် မြင့်မားမှုရှိပါ တယ်။ ဂျယ်ဂျူးကျွန်းပေါ်က ၀မ် တစ်ထောင်၊ နှစ်
ထောင်၊ သုံးထောင်ပတ်ဝန်းကျင်လောက် ၀င် ကြေးသတ်မှတ်လေ့ရှိတဲ့ လည်ပတ်စရာနေရာတွေကြားမှာ ဒီနေရာကတော့ ၀မ် ခုနစ်ထောင်၊ ခြောက် ထောင်၊ ငါးထောင်သတ်မှတ်ထားတာကို တွေ့ရှိရပါတယ်။ ကလေးငယ်တွေသာမက ကမ္ဘာတစ်ဝှမ်းကသန်း ပေါင်းများစွာသော လူတွေ၊ အထူးသဖြင့် ဥရောပက လူတွေဟာ သူတို့ရဲ့ဝါသနာအရ တက်ဒီဝက်ဝံရုပ်လေးများကို ရှာဖွေစုဆောင်းလေ့ရှိကြတဲ့အတွက် တက်ဒီဝက်ဝံရုပ်မျိုးစုံကို စုစည်းပြသထားတဲ့ ဒီပြတိုက်ဟာ စုဆောင်းသူတွေအတွက်ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ တက်ဒီဝက်ဝံပြတိုက်အတွင်းက မြင်ကွင်းတချို့ကို နာမည်ကျော်ကိုရီးယားဇာတ်ကားတစ်ခုဖြစ်တဲ့ Goong မှာလည်း တွေ့မြင်နိုင်ပါတယ်။ ဒီနေရာမှာ ပြတိုက်အရောင်းဆိုင်၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေ ရှိတဲ့အပြင် ပြတိုက်အပြင်ဘက် ပန်းခြံကနေ သာယာလှပတဲ့ Jungmun ပင်လယ်ရှုခင်းကိုလည်း တွေ့မြင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

Jungmun Beach - ဂျန်မန်ကမ်းခြေကတော့ မီတာ ၅၆၀ ရှည်လျားတဲ့ သဲဖြူကမ်းခြေ ဖြစ်ပါတယ်။ ရေအနက်ကတော့ ပျမ်းမျှအားဖြင့် ၁.၂ မီတာခန့်ရှိပါတယ်။ သဲသောင်ဖြူဖြူမှာ အနက်ရောင်၊ အနီရောင်၊ မီးခိုးရောင်အရိပ်တွေ လှပစွာ
ရောယှက်နေတဲ့ မြင်ကွင်းတွေကို ရှုစားနိုင်မှာဖြစ်သလို ကမ်းခြေရဲ့ညာဘက်ခြမ်းမှာ သဘာဝအတိုင်းဖြစ်တိုင်နေတဲ့ ပင်လယ်လိုဏ်ဂူ Haesikgul Cave ကိုလည်း သွားရောက်ကြည့်ရှုမှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ ဂျန်မန်ကမ်းခြေကတော့ သွားလာလည်ပတ်စရာ နေရာတိုင်းလိုလိုမှာ ၀င်ကြေးသတ်မှတ်ထားတဲ့ ဂျယ်ဂျူးကျွန်းမှာ ၀င်ကြေးမရှိဘဲ သွားရောက်နိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Yeomiji Botanical Garden - ယွန်မိဂျိဟာ Seogwipo မြို့က Jungmun Tourist Resort Complex မှာတည်ရှိတဲ့ အာရှရဲ့အကြီးဆုံး ရုက္ခဗေဒဥယျာဉ် ဖြစ်ပါတယ်။ ယွန်မိဂျိဟာ တရုတ်စကားလုံးဖြစ်ပြီး သာယာလှပတဲ့ ကောင်းကင်ဘုံ ဥယျာဉ်လို့ အဓိပ္ပါယ်ရပါတယ်။ ခန့်ညားလှပစွာ တည်ဆောက်ထားတဲ့ ဖန်လုံအိမ်ဥယျာဉ်ကြီးထဲမှာအပူပိုင်းဒေသနဲ့ သမပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်မျိုးစိတ်ပေါင်းများစွာကို စုစည်းပြသထားပြီး ဂျပန်စတိုင်လ်၊ အီတာလျံစတိုင်လ်၊ ပြင်သစ် 
စတိုင်လ်၊ ကိုရီးယားစတိုင်လ် အစရှိတဲ့ ဥယျာဉ်ပုံစံအမျိုးမျိုးကို ဖန်လုံအိမ်အမျိုးမျိုးနဲ့ ခွဲခြာြး ပသထားတဲ့ပန်းဥယျာဉ်၊ ရေနေအပင်များ ဥယျာဉ်၊ ရှားစောင်းဥယျာဉ်၊ သစ်သီးဥယျာဉ်နှင့် သစ်တော သစ်ပင်များစွာကို တစ်နေရာတည်းမှာ တွေ့ရှိလေ့ လာနိုင်မှာဖြစ်ပါတယ်။ 

Jeju Folk Village Museum - ဂျယ်ဂျူးကျွန်းပေါ်ရောက်ပြီဆိုရင်ဖြင့် ဂျယ်ဂျူးတိုင်းရင်းသား ပြတိုက်ဟာလည်း သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုပါ။ ဧက ၄၀ ကျော်အကျယ်အ၀န်းရှိပြီး ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ပြသထားတဲ့ ဒီ
နေရာမှာ တံငါရွာဓလေ့၊ တောင်ပေါ်ရွာဓလေ့၊ နတ်ဆရာများနဲ့ ရိုးရာနတ်ကိုးကွယ်ယုံကြည်မှုဓလေ့ အစရှိတဲ့ ရိုးရာမြင်ကွင်းတွေ၊ ဂျယ်ဂျူးရဲ့  အတိတ်က ရှေးဟောင်းနေ့ရက်တွေထဲကို ရောက်ရှိလည်ပတ်နိုင်မှာဖြစ်ပြီး နှံ့နှံ့စပ်စပ်လေ့လာကြည့်ရှုမယ်ဆိုရင်တော့ အချိန် (၄) နာရီကျော်လောက်တော့ ကြာ မြင့်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Yongduam Rock - ဂျယ်ဂျူးမှာ ထပ်မံလည်ပတ်သွားလာစရာနေရာတွေ အများအပြား ကျန်ရှိ နေသေးပေမဲ့ ဒီစာမျက်နှာပေါ်ကနေ နောက်ဆုံးတစ်နေရာအဖြစ် သွားရောက်ကြည့်ရှုဖို့ ရွေးချယ်လိုက်တာကတော့ Yongduam Rock ပဲ 
ဖြစ်ပါတယ်။ ဂျယ်ဂျူးမြို့ရဲ့မြောက်ဘက်မှာ တည်ရှိတဲ့ Yongduam ဟာ နှစ်ပေါင်းထောင်သောင်း များစွာ ပြင်းထန်တဲ့လေနဲ့ ရေတိုက်စားမှုဒဏ် ကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သဘာဝနေရာတစ်ခု ဖြစ်ပါတယ်။ 

ကျောက်ဆောင်ရဲ့ပုံသဏ္ဍာန်ဟာ နဂါးတစ်ကောင် အမောက်ထောင်နေသလို တွန့်တွန့်တက်တက် ဖြစ်နေတာဟာ ဒဏ္ဍာရီတစ်ခုရဲ့ အဆိုအရ ပြောရရင်  Hallasan ဟယ်လာတောင် က ကျောက်စိမ်းရတနာကို ခိုးယူထွက်ပြေးတဲ့ နဂါးကို တောင်ပိုင်နတ်ဘုရားက မြားနဲ့ပစ်ခွင်းလိုက်တဲ့အတွက် နဂါးဟာ ပင်လယ်ထဲပြုတ်ကျ ပြီး ကိုယ်လုံးက ရေအောက်မှာသဲဖြစ်သွားပြီး ခေါင်းကတော့ ကျောက်ဖြစ်ကာ ခုလိုကျန်နေရစ်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီ့အပြင် အခြားသောဒဏ္ဍာရီတွေလည်း အမျိုးမျိုးကွဲပြား ပြီး ပြောစမှတ်ပြုခံထားရတဲ့ နေရာလည်း ဖြစ်နေ  ပါသေးတယ်။ မည်သို့ပင်ဆိုစေကာမူ Yongduam Rockဟာ သဘာဝအရ ထူးကဲလှပပြီး သွားရောက်ဖို့ ထိုက်တန်တဲ့နေရာ တစ်ခုဖြစ်သလို ၀င်ကြေးပေးစရာမလိုဘဲ သွားရောက်နိုင်တဲ့ ဂျယ်ဂျူးရဲ့ အမှတ်တရတစ်ခုလည်း ဖြစ်ပါတယ်။