နှစ်ဆယ်ကျော် အချစ် Vs သုံးဆယ်ကျော် အချစ်

နှစ်ဆယ်ကျော်သက်နဲ့ သုံးဆယ်ကျော်သက်ဟာ ဆယ်စုနှစ်တစ်ခုခြားသလို ဘဝနေထိုင်နည်းတွေလည်း အတော်ကွဲပြားသွားတာ သတိထားမိ ကြပါလိမ့်မယ်။ ငယ်တုန်းရွယ်တုန်းကတော့ ဘယ်အရွယ်ကျ ဘာလုပ်မယ်ဆိုတဲ့  အစီအစဉ်တွေနဲ့ ကိုယ်ဘာကိုလိုချင်လဲဆိုတာအဖြေရှာရတာနဲ့ လိုချင်တာကိုတော့ဖြင့် ဘယ်လိုယူလိုက်မဟဲ့ ဆို တဲ့ စိတ်ကူးတွေနဲ့ မလား။

ဒီလိုနဲ့ အသက်ကလေးရလာတော့၊ လူက အဖက်ဖက်က တည်ငြိမ်လာပြီး အနည်းဆုံးတော့ ကိုယ်ဘာကို လိုချင်လဲဆိုတာ ကောင်းကောင်းသိလာပြီ။ သက္ကရာဇ်တွေက အရွယ်ကို တိုက်စားတတ်သလို အချစ်ကိုလည်း ထိုနည်းလည်းကောင်းပေါ့။ ဒီတော့ နှစ်ဆယ်ကျော်အချစ်နဲ့ သုံးဆယ်ကျော်အချစ်မှာ ကွဲပြားမှုတွေ ဘယ်လိုရှိသလဲဆိုတာ မသိချင်မိဘူးလား။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို ဖတ်ကြည့်ပြီး ကိုယ်နဲ့ ဘယ်လောက် ကိုက်ညီသလဲဆိုတာ အဖြေရှာကြည့်လိုက်ပါဦး။

၁။ ဦးစားပေးအရာ
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ အလိုချင်ဆုံးက စွဲစွဲလန်းလန်းဖြစ်ဖို့ပဲ။ အချစ်ဆိုတာ ရင်ကို တဖျပ်ဖျပ်တလှပ်လှပ် ဖြစ်စေသော အရာ။ ကိုယ်က ဘယ်လောက်ချစ်ရပါကြောင်း၊ ဘယ်လိုချစ်ရပါကြောင်းကို အချိန်အခါမရွေး ဖော်ပြနိုင်တဲ့အရာ။ ဒီတစ်ယောက်နဲ့ ရိုးအီလာ ရင်၊ ဟိုဟိုဒီဒီပြောင်းချင်လာပြန်တာ။ ဘာကြောင့်လဲဆိုတော့ ဦးစားပေးအရာက အခြေတကျ ဖြစ်ချင်တာမဟုတ်ဘဲ စွဲစွဲလန်းလန်းဖြစ်နေဖို့လေ။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ အလိုချင်ဆုံးက တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ပဲ။ ကိစ္စတော်တော်များများကို ကိုယ်တိုင်ကောင်းကောင်းဖြေရှင်းနိုင်ပေမဲ့ လက်တွဲဖော်တစ်ယောက်နဲ့အတူ ဘဝကို အောင်အောင်မြင်မြင် တည်ဆောက်ချင်တာ။ အပျော်တွဲဖို့ထက် ရေရှည်မှာဖြစ်မဖြစ်ကို စဉ်းစားလာတာ။ အပျော်တွဲရတာကို တဖြည်းဖြည်းစိတ်ကုန်လာတာ။ ဘာကြောင့်လဲဆိုတာ့ ဦးစားပေးအရာက တဒင်္ဂပျော်ဖို့မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြစ်နေဖို့လေ။

၂။ ဖိုမ ကိစ္စ
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ ဖိုမ ကိစ္စဟာ စမ်းသပ်ချင်စရာ၊ အဖြေရှာချင်စရာ ကောင်းတဲ့အရာ။ အဲဒီ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာကို ကြိုက်သလဲ၊ ဘာကို မကြိုက်ဘူးလဲဆိုတာ စမ်းသပ်ဖို့၊ အဖြေရှာဖို့ အချိန်လည်းရှိတယ်လေ။ ဒါပေမဲ့ အကောင်းကြုံဖို့ထက် အဆိုးကြုံရဖို့ ရာခိုင်နှုန်းပိုများတယ်။ ဘာပဲဖြစ်ဖြစ် သင်ခန်းစာယူနိုင်ရင်တော့ အကောင်းဆုံးပါ။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ ဖိုမကိစ္စနဲ့ ပတ်သက်လာရင် ကိုယ်ဘာကိုကြိုက်ပြီး ကိုယ်ဘာကိုလိုချင်လဲဆိုတာ ကောင်းကောင်းသိနေခဲ့ပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အချိန်ကုန် သိပ်မခံချင်တော့ဘူး။ လိုတိုရှင်း ဘာကြိုက်တယ် ဘာလို ချင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောနိုင်ပြီ။ ဒီတော့ နှစ်ဆယ်ကျော်သက်တုန်းကလို အချိန်တွေပေးပြီး ကိုယ်မလိုချင်တာတွေ ကိုယ့်ဆီရောက်မလာတော့ဘူး။

၃။ အချိန်းအချက်
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ ချစ်သူနှစ်ယောက်တွေ့ဖို့ ချိန်းကြတယ်ဆို ကိုယ်တတ်နိုင်တာလေးနဲ့ ပျော်စရာကောင်းအောင် ရှာကြံဖန်တီးကြတယ်။ ဈေးသင့်တဲ့ ကော်ဖီဆိုင်လို နေရာမျိုးမှာ ချိန်းမယ်။ စကားပြောမယ်။ တစ် ဖက်ကလည်း ကိုယ့်ပိုက်ဆံအိတ်ထဲက ငွေလေးတွေအများကြီးခုန်ထွက်မသွားဖို့လည်း တိတ်တခိုးတော့ မျှော်လင့်တတ်ကြတယ်။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ ချစ်သူနှစ်ယောက်တွေ့ဖို့ ချိန်းကြတယ်ဆို ပိုပြီးဈေးကြီးတဲ့ ကောင်းတဲ့အရာတွေနဲ့ သေချာစီစဉ်အကွက်ချပြီး လုပ်ရတာ။ ငွေက သိပ်အရေးကြီးတယ်လို့မဆိုသာပေမဲ့ ငယ်ငယ်တုန်းကလို ငွေကုန်မှာကြောက်တာထက် တစ်ဖက်လူကြိုက်တာကိုသာ ဦးစားပေးတတ်တာ။ 

၎။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရဖို့ ကိုယ့်ပုံစံကို သူ ကြိုက်တဲ့ပုံစံအတိုင်း ပြောင်းယူပစ်လိုက်တာ။ ကိုယ်ပြောင်းယူပစ်လိုက်တာ ကိုယ်တိုင်တောင် မသိလောက်အောင် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ဒီဂရီက နိမ့်နေခဲ့တယ်။ ဒါပေမဲ့ ဒါက ကိုယ့်ပုံစံအမှန်မဟုတ်တော့ နောက်ပိုင်း ကိုယ့်ပုံစံအမှန်ဖြစ်လာတဲ့အခါ သူက ကိုယ့်ကိုထားသွားတော့ အသည်းကွဲရော ဆိုတဲ့ ဇာတ်လမ်း။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ ကိုယ့်ကိုယ်ကို ပြောင်းယူဖို့ စိတ်ကူးမရှိတော့ဘူး။ ဒီလိုလုပ်ယူတာ မအောင်မြင်ဘူးဆိုတာ ကောင်း ကောင်းသိနေပြီ။ ဒီတော့ ကိုယ့်ပုံစံအမှန်ကို လက်ခံနိုင်တဲ့သူကိုရှာတယ်။ ဒါမှမဟုတ် ကိုယ်နဲ့ ပုံစံတူတဲ့ သူတဲ့သူကို ရွေးချယ်တယ်။ ဟန်ဆောင်တာတွေ မရှိတော့ဘူး။

၅။ စိတ်ရှည်သည်းခံမှု
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ မကောင်းဘူးဆိုတာ၊ ကိုယ်နဲ့ မကိုက်ညီဘူးဆိုတာ သိရင်တောင် အချိန်ပေးပြီး ဒါလေး ဘယ်လိုများ ရှေ့ဆက်ဖြစ်မလဲဆိုတာ ဆက်စောင့်ကြည့်တတ်တာမျိုး။ ထားလိုက်တဲ့ရည်းစားက မကောင်းစေဦး တော့ မြန်မြန်စာရင်းမဖြတ်နိုင်တာ၊ ကောင်းလာလေဦးမလား တွေးတတ်တာတွေဟာ ငယ်ရွယ်သူတွေရဲ့ စိတ်ရှည်သည်းခံမှုလို့ ပြောလို့ရနိုင်ပါတယ်။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ ကိုယ်ရွေးချယ်လိုက်တဲ့ အရာဟာ ကိုယ့်အတွက် သိပ်အဆင်မပြေဘူးလို့ ခံစားမှုနဲ့ မြန်မြန်ပဲ အဆုံးသတ်ပစ်တတ်တာမျိုး။ သုံးဆယ်ကျော်တွေ လက်ကိုင်ထားတဲ့စကားကတော့ အချိန်မဖြုန်းနိုင်ဘူး 
တဲ့။ ကောင်းလာလေဦးမလား၊ ပြင်လာလေဦး မလားလို့ စောင့်ကြည့်တာ၊ အချိန်ပေးတာက ဒီ အရွယ်မှာ သိပ်မရှိတော့ဘူး။

၆။ အခြားသူတွေရဲ့ မျှော်လင့်ချက်တွေ
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ ကိုယ့်အနီးအနားကလူတွေက နင်ရည်းစားထားတာ သိပ်အလျင်လိုတာပဲလို့ စွပ်စွဲကြလိမ့်မယ်။ လက်ထပ်ဖို့ရည်ရွယ်တာ ဘာညာများပြောမိရင် ခေါင်းနှစ်လုံးနဲ့ လူလို တအံ့တသြ ကြည့်ကြဦးမှာ။ ဘာကြောင့် အလျင်လိုနေတာလဲ၊ ဖြည်းဖြည်းပေါ့ ဘာညာ မေးမြန်းကြ၊ ဆုံးမကြတာ ခံရမှာ

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ ကိုယ့်အနီးအနားက လူတွေက အချိန်တောင်နှောင်းနေပြီ လုပ်စရာရှိတာကို ခပ်သွက်သွက် မလုပ်ဘူးရယ်လို့ ပြောကြလိမ့်မယ်။ ကလေးမြန်မြန်ယူတော့ ဘာညာတွေလည်း ပါလာလိမ့်မယ်။ သူတို့ကတော့ ကူညီသုံးသပ်ပေးတယ်ထင်ပေမဲ့ ကိုယ့်မှာတော့ မလိုလာအပ်တဲ့ ဖိအားတွေ ဖြစ်လာလိမ့်မယ်။

၇။ အချစ်ဟောင်း နဲ့ ကိစ္စ
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ အချစ်က ဟောင်းသွားလိုက်၊ ပြန်သစ်လိုက်နဲ့ ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ သူပြောင်း လဲမှာပါဆိုတဲ့ အတွေးရှိနေလို့။ အဲဒီတော့ ပြင် လိုက် သစ်လိုက်နဲ့ အချစ်တွေ ဒီအသက်အရွယ် အပိုင်းအခြားမှာ တော်တော်များများရှိနိုင်တယ်။ ဒါပေမဲ့ မျှော်လင့်ချက် ပျက်သုဉ်းတာ များတတ်တယ်။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ အချစ်ဟောင်းဟာ ရှောင်ကြဉ်သင့်တဲ့ ပစ္စည်းဆိုတာ ကောင်းကောင်းသိသွားပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ သိထားလို့ပဲ။ အကြောင်းပြချက်ဆိုတာ နားထောင်လို့ပဲကောင်းတာ။ တကယ်အလုပ်မဖြစ်ဘူး။ ဒုတိယအခွင့်အရေးဆိုတာကို ပျော်ပျော်ကြီးလက်မခံနိုင်ဘဲ ခပ်တွန့်တွန့်ဖြစ်နေတတ်ပြီ။

၈။ အချစ်ကိုရှာတဲ့နေရာ
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ သင်ဟာ အချစ်ကို ကလပ်ထဲမှာ ရှာချင်ရှာလိမ့်မယ်။ ဆိုလိုတာက အချစ်ရှာတဲ့နေရာကို သေချာကန့် သတ်တာမျိုးမရှိဘဲ ပျော်ရင်းပါးရင်း သွားရင်းသောက်ရင်းရှာတာမျိုး။ ဒါပေမဲ့ ဒီလိုမျိုး အချစ်တွေက အချစ်စစ်ရဖို့ ခက်နိုင်တယ်။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ ကလပ်လိုနေရာမျိုးကလွဲလို့ အခြားနေရာတွေမှာ အချစ်တွေ့နိုင်တယ်ဆိုတာ ကောင်းကောင်း သိသွားခဲ့ပြီ။ ကြာကြာရှည်ရှည်နဲ့ ခိုင်ခိုင်မာမာ တည် ဆောက်ချင်တဲ့ အချစ်ကို သူသောက်၊  ကိုယ် သောက်၊ သူမှောက် ကိုယ်မှောက်နေရာက မရနိုင်ဘူးဆိုတာ သိနေခဲ့ပြီ။ 

၉။ ကိုယ်ဝန်
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ အစီအစဉ်မရှိဘဲ ကိုယ်ဝန်ရသွားမှာ ကြောက်တယ်။ ဘာလို့လဲဆိုတော့ အမေ တစ်ယောက်ဘဝကို ခံယူဖို့ ကိုယ့်ကိုယ်ကို အဆင့်သင့်မဖြစ်သေးဘူးလို့ ယူဆလို့ပါ။ 

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ ကိုယ်ဝန်ကို ကြောက်တာထက် ငါဒီကလေးကို ကောင်းကောင်းမှ ပြုစုစောင့်ရှောက်နိုင်ပါ့မလားဆိုတာကို ကြောက်တာ။ ဒီလို လွန်ဆန်လို့မရတဲ့ သဘာဝကြောင့် ငါတော့ အပြောင်းလဲကြီး ပြောင်းလဲရတော့မှာပါလားဆိုတာကို ကြောက်တာ။ ကလေးလိုချင်နေတဲ့သူဆိုရင်တော့ ကိုယ်ထားမယ့် ရည်းစားတောင်ကလေးအဖေဖြစ်ဖို့ သင့်တော်ရဲ့လားဆိုတာ အရင်ကြည့်မိနေတတ်တယ်။

၁ဝ။ အပိုဆာဒါးများ
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ အပိုဆာဒါးလုပ်နိုင်တာကို သဘောကျတယ်။ ဘယ်လောက်တော်ပါစေဦးတော့ ပျင်းစရာကောင်းနေရင် မြန်မြန်ပဲ အဆုံးသတ်ချင်လေ့ရှိတယ်။ အချစ်က ကိုယ့်ကို အမြဲ စိတ်လှုပ်ရှားနေစေချင်တာကိုး။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ အပိုဆာဒါးများလာရင် သံသယများလာတတ်တယ်။ ကလူ၏သို့ မြှူ၏သို့ တွေကို သဘောမကျတတ်တော့ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ဦးဆောင်နိုင်တဲ့သူကိုပဲ ကိုယ့်ဘေးနားရှိနေစေချင်တော့တယ်။

၁၁။ အွန်လိုင်းကအချိန်းအချက်
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ အွန်လိုင်းက အချိန်းအချက်လုပ်မယ်၊ အွန်လိုင်းက ချစ်သူရှာမယ်ဆိုရင်တောင် ပိုက်ဆံပေးရတဲ့ Application တွေထက်အခမဲ့တွေကို ပိုသုံးတတ်တယ်။ ချစ်သူတစ်ယောက်ရှာဖို့အတွက် ပိုက်ဆံမသုံးချင် ဘဲ တခြားနေရာတွေမှာပဲ ပိုက်ဆံကို သုံးချင်နေတတ်တယ်။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ အွန်လိုင်းက အချိန်းအချက်လုပ်မယ်၊ အွန်လိုင်းက ချစ်သူရှာမယ်ဆိုရင် ပိုက်ဆံပေးပြီးသုံးရတဲ့ Application တွေကို ပိုသုံးတတ်တယ်။ အဲဒီလို သုံး ခြင်းအားဖြင့် အာပေတူးတွေကို ရှင်းပြီးသားဖြစ် တယ်လို့ ယူဆတတ်တယ်။ အဲဒီ့နေရာမှာ ပိုက်ဆံသုံးဖို့ မနှမြောတတ်ဘူး။

၁၂။ ဝန်ထုပ်ဝန်ပိုး
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ ကိုယ်ချစ်ရလေ့ရှိတဲ့သူတွေက စိတ်မှာ ဝန်ထုပ်ဝန်ပိုး ရှိတဲ့သူတွေ။ ဥပမာ မိဘ နဲ့ ဆက်ဆံရေး မပြေတဲ့သူမျိုး၊ အရင်ရည်းစားနဲ့ ပြတ်စဲလို့ အသည်းကွဲ နေတဲ့သူမျိုး။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ ကိုယ့်နားရောက်လာတတ်သူတွေက အိမ်ထောင်ရေးဆိုတဲ့ပွဲကို ဆင်နွှဲပြီး တတ်တဲ့သူတွေ။ သူတို့မှာပါလာတဲ့ ဝန်ထုပ်ဝန်ပိုးတွေက အိမ်ထောင်ဖက် ဟောင်းတို့၊ သားသမီးတို့။

၁၃။ အလုပ်
အသက် နှစ်ဆယ်မှာ ရည်းစားထားတဲ့အခါ သင်ချစ်ရတဲ့ ချစ်သူမှာ ကိုယ့်အသက်မွေးမှုနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်ရှိတဲ့သူ ဖြစ်စေချင်တယ်။ ဒီအသက်အရွယ်မှာ ဘယ်သူမှ ရာထူးကြီးကြီး ရဦးမှာ မဟုတ်ဘူးလေ။ အဲဒီတော့ လက်ရှိ အနေအထားနဲ့ မဆုံးဖြတ်ဘဲ အနာဂတ်အတွက်သာ ဂရုစိုက်လေ့ရှိတယ်။

အသက် သုံးဆယ်မှာ ရည်းစားထားတဲ့အခါ သင်ချစ်ရတဲ့ ချစ်သူမှာ တည်တည်ငြိမ်ငြိမ်နဲ့ အခြေတကျ အလုပ်တစ်ခု ရှိနေစေချင်တယ်။ ကိုယ့်မှာလည်း အတည်တကျအလုပ်နဲ့ သူ့မှာလည်း အတည်တကျအလုပ်နဲ့ဆို ပိုပြီးစိတ်ချကျေနပ်တတ်တယ်။ မဟုတ်ရင် ရှေ့ဆက်ဖို့ မုဒ်မကောင်းတတ်ဘူး။

Ref: 13 Differences Between Relationships In Your 20s & 30s By Nicole Weaver