ပြတ်စဲခြင်းကင်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ဆိုရင်

တစ်နေ့နေ့တော့ ပြတ်စဲကြမှာပဲဆိုတဲ့စိတ်နဲ့ ဘယ်သူမှ လက်မထပ်ကြပါဘူး။ 
တည်ထောင်ထားတဲ့အိမ်ထောင်ရေးကို သာယာချင်တာ၊ ပျော်ရွှင်ချင်တာ၊ တည်မြဲချင်တာ အိမ်ထောင်ရှင်တိုင်းတဲ့ တူညီတဲ့ သဘောထားပါ။
သင့်အိမ်ထောင်ရေးကို ပြတ်စဲခြင်းကင်းဖို့ဆိုရင် အောက်မှာဖော်ပြသွားမယ့်အချက်လေးတွေကို လိုက်နာကြည့်ဖို့ အကြံပြုလိုပါတယ်။

၁။ သမီးရည်းစားဘ၀ကို (၃)နှစ်ကြာအောင်တော့ ဖြတ်သန်းပါ။
တစ်ဘ၀လုံး လက်တွဲသွားမယ့်သူကို မြင်မြင်ချင်းအချစ်နဲ့တော့ လက်ထပ်မယူလိုက်ပါနဲ့။ ဒီလူနဲ့ အတူရှိနေခြင်းဟာ ကိုယ့်အတွက် ဘယ်လိုလဲဆိုတဲ့ အဖြေကို တွက်ချက်ဖို့ အနည်းဆုံး (၃)နှစ်တော့ အချိန်ပေးပါ။ နှစ်အများကြီးလည်း ကြာကြာ ရှည်ရှည်အချိန်ယူစရာမလိုပါဘူး။ (၃)နှစ်လောက်ဆို လုံလောက်တဲ့အဖြေရနိုင်ပါတယ်လို့ သုတေသနပြုမှုတွေက ဆိုပါတယ်။

၂။ အသက် (၂၃)တော့ ပြည့်အောင် စောင့်ပါလေ။
Journal of Marriage and Family က ပြုလုပ်တဲ့ ၂၀၁၄ သုတေသနပြုမှုတစ်ခုကတော့ အသက် (၁၈) နှစ်မှာ လက်ထပ်ကြတဲ့ အိမ်ထောင်ရေးရဲ့ (၆၀) ရာခိုင်နှုန်းဟာ ပြတ်စဲသွားကြပြီး (၂၃)နှစ်မှာ လက်ထပ်ဖြစ်တဲ့ အိမ်ထောင်ရေးတွေမှာတော့ (၃၀) ရာခိုင်နှုန်းလောက်သာ ပြတ်စဲကြပါတယ်တဲ့။ ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုလည်း အသက် (၂၃)နှစ်ပြည့်အောင်တော့စောင့်ပါလေ။

၃။ အသက် သိပ်မကွာပါစေနဲ့။
အိမ်ထောင်ဖက်တစ်ယောက်နဲ့ တစ်ယောက် အသက် သိပ်မကွာရင် အတွေးအမြင်တူကြပါတယ်။ အိမ်ထောင်ရေးမှာ ဒီအချက်ဟာ အရေးပါပါတယ်။ ဒါကြောင့်ကိုယ့်အိမ်ထောင်ဖက်ဟာ ကိုယ်နဲ့ အသက်သိပ်မကွာပါစေနဲ့။

၎။ တစ်သက်မှာတစ်မင်္ဂလာမို့ မအောလိုက်ပါနဲ့။
တစ်သက်မှာ တစ်မင်္ဂလာမို့ရှိသမျှတွေ အောလိုက်မယ်လို့ မစဉ်းစားပါနဲ့။ အံ့မခန်းအကုန်အကျခံကျင်းပတဲ့ မင်္ဂလာပွဲတွေရဲ့ (၄၆) ရာခိုင်နှုန်းဟာ ပြတ်စဲခြင်းနဲ့ အဆုံးသတ်ပြီး သာမန်အကုန်အကျခံကျင်းပတဲ့ မင်္ဂလာပွဲတွေရဲ့ (၁၈) ရာခိုင်နှုန်းသာ ပြတ်စဲကြတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဒီတော့ မင်္ဂလာလက်စွပ်မှာ စိန်ပွင့်က ဘယ်လောက်ကြီးမှတို့၊ ဘယ်လောက် အဖိုးတန်မှတို့ကို အာရုံမထားပါနဲ့။

၅။ ကျန်းမာပြီး ပေါ့ပေါ့ပါးပါး နေထိုင်တတ်တဲ့ အမျိုးသားကို အိမ်ထောင်ပြုပါ။
အိမ်ထောင်တစ်ခု ရိုးမြေကျပေါင်းသင်းရခြင်းရဲ့ အရေးပါတဲ့ အချက်ထဲမှာ အိမ်ထောင်ဦးစီးရဲ့ ကျန်းမာရေးနဲ့ ကြုံလာရသမျှကို လိုက်လိုက်လျောလျောပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်မှုကလည်း ပါဝင်နေတာကြောင့် ကိုယ်ရွေးချယ်တဲ့ အိမ်ထောင်ဘက်ရဲ့ ကျန်းမာရေးနဲ့ စိတ်နေစိတ်ထားကို အလေးထားပါ။

၆။ လင်စုံမယားဖက် ဘုရားသွားကျောင်းတက်ပါ။
အိမ်ထောင်တစ်ခုမှာ လင်ရော၊ မယားရော သူတို့ကိုးကွယ်ရာ ဘာသာတရားကို ကိုင်းရှိုင်းတယ်၊ ယုံကြည်မှုရှိတယ်ဆိုရင် ပြတ်စဲကြဖို့ (၄၆) ရာခိုင်နှုန်းခန့် လျော့နည်းသွားတယ်လို့ Emory University ကပြုလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဒါကြောင့် ကုသိုလ်တူတူပြုမို့ မမေ့လျော့ပါနဲ့။

၇။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။
အိမ်ထောင်တစ်ခုမှာဖြစ်ကြတဲ့ ပြဿနာတော်တော်များများက လင်မယားနှစ်ယောက်ကြား ပွင့်ပွင့်လင်းလင်း မဆွေးနွေးကြလို့ပါ။ ပြဿနာဆိုတာကတော့ တစ်ယောက်တည်းနေလည်း ဖြစ်တတ်တဲ့အမျိုးအစားဆိုတော့ နှစ်ယောက်ဖြစ်လာတဲ့အခါ ပိုဖြစ်မှာ ဓမ္မတာပါ။ အဓိက က ကိုယ်သည်းမခံနိုင်ဆုံးကဘာလဲ၊ သူသည်းမခံနိုင်ဆုံးက ဘာလဲဆိုတာ နှစ်ယောက်သား ပွင့်ပွင့်လင်းလင်း ပြောကြဖို့ပါ။

၈။ အရာတိုင်း ၀င်မပါမိစေနဲ့။
အိမ်ထောင်တစ်ခုမှာ ဇနီးသည်က ခင်ပွန်းရဲ့ ကူညီထောက်ပံ့ပေးမှုကို အမြောက်အမြားရနေတယ်ဆိုတာ အဲဒီ့ ဇနီးသည်အတွက် ဂုဏ်ယူစရာ အခြေအနေတစ်ခုဖြစ်ပေမဲ့ ခင်ပွန်းက ဇနီးရဲ့ ကူညီထောက်ပံ့ပေးမှုကို အမြောက်အမြားရယူနေရတယ်ဆိုတာကတော့ အဲဒီ့ ခင်ပွန်းအတွက် ဂုဏ်ယူစရာမဟုတ်ပါဘူး။ သူ့အရည်အချင်းကို ကျဆင်းစေတယ်လို့ အမျိုးသားအတော်များများက ယူဆတတ်ပါတယ်။ ဒါကြောင့်တချို့ကိစ္စတွေမှာ ကိုယ့်ခင်ပွန်းက မပြောချင်ဘူးဆို အတင်းလိုက်မမေးပါနဲ့။ သူ့ကို ယုံကြည်ပေးလိုက်ပါ။

၉။ အိမ်မှုကိစ္စတွေကို ခွဲဝေလုပ်ကိုင်တတ်ပါစေ။
အိမ်မှုကိစ္စတွေနဲ့ လုံးလည်ပတ်ချာရိုက်ပြီး ခြေကုန်လက်ပန်းကျနေတဲ့ ဇနီးသည်ဟာ ခင်ပွန်းဖြစ်သူကို တီတီတာတာ ကျီကျီ ကျာကျာတွေ မလုပ်နိုင်ရင် သူ့ကို အပြစ်မဆိုလိုက်ပါနဲ့တဲ့။ အိမ်မှုကိစ္စဆိုတာ စကားလုံးအားဖြင့်နည်းပေမဲ့ အိမ်ထောင်ရှင်မတစ်ယောက်ကို စိတ်ရောကိုယ်ပါ ဂျုံးဂျုံးကျအောင်လုပ်နိုင်ပါတယ်။ ဒီတော့ အိမ်ထောင်တစ်ခုရဲ့ အိမ်မှုကိစ္စကို လင်ရော မယားပါ ခွဲဝေလုပ်ကိုင်ကြမယ်ဆို အချိုးညီတဲ့ အိမ်ထောင်တစ်ခုဖြစ်မှာမလွဲမသွေပါ။

၁၀။ ချစ်ခြင်းတွေ ရှင်သန်နေပါစေ။
အိမ်ထောင်ပြုထားတဲ့ အမျိုးသမီးတွေလည်း ရင်ခုန်တတ်ပါတယ်။ သူတို့မှာလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေ လိုအပ်ပါတယ်။ ဒါကြောင့် သူတို့အတွက် ဒီအခိုက်အတန့်လေးတွေ ဖန်တီးပေးဖို့ ခင်ပွန်းဖြစ်သူမှာ တာဝန် အပြည့်အ၀ရှိပါတယ်။

၁၁။ အိမ်ထောင်ရေးဟာ သေတပန်သက်တစ်ဆုံး ကတိက၀တ်တစ်ခုပါ။
အိမ်ထောင်ရေးဟာ အချစ်မရှိတာနဲ့ အဆုံးသတ်လိုက်ရမယ့် တွဲဖက်မှုတစ်ခု မဟုတ်ပါဘူး။ ခါးသီးတဲ့ အခိုက်အတန့်တွေ ရှိလာခဲ့ရင်တောင် လေးစားသမှုထားရမယ့် ကတိက၀တ်တစ်ခုသာ ဖြစ်ပါတယ်။

၁၂။ စိတ်တူကိုယ်တူ အချိန်လေးတွေ ရှိပါစေ။
အိမ်ထောင်ရေးမှာ မတူတဲ့ တန်ဖိုးထားမှုတွေ၊ ခြားနားတဲ့ အယူအဆတွေက ဖိစီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ရင်သွေး ယူမလား၊ မယူဘူးလား၊ ငွေကြေးကို စုမလား၊ သုံးမလားဆိုတဲ့ ကိစ္စ တွေက အသေးအမွှားလို့ ထင်ချင်စရာရှိပေမဲ့ တန်ဖိုးထားမှုမတူရင်၊ အယူအဆမတူရင် အိမ်ထောင်ရေးမှာ ပြဿနာကြီးစေတဲ့ အရာတွေပါ။

၁၃။ ဇနီးသည်ရဲ့ပျော်ရွှင်မှုကို အလေးထားပါ။
ရှေးဆိုရိုးဆိုပေမဲ့ အခုအချိန်ထိ အားလုံး လက်ခံထားတာက ဇနီးသည်ပျော်ရွှင်ခြင်းဟာ အိမ်ထောင်ပျော်ရွှင်ခြင်းပါတဲ့။ သူ့ အိမ်ထောင်အပေါ်မှာ ကျေနပ်ပျော်ရွှင်နေတဲ့ ဇနီးသည်ဟာ ခင်ပွန်းသည်ကိုလည်း ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၁၄။ တစ်ယောက်ရှာတာထက် နှစ်ယောက်ရှာတာ ပိုကောင်းပါတယ်။
အိမ်ထောင်တစ်ခုရဲ့ ၀င်ငွေဟာ တစ်ယောက်တည်းအပေါ်မှာ တည်နေတယ်ဆိုတာထက် နှစ်ယောက်လုံးတက်ညီလက်ညီ ရှာနေကြတယ်ဆိုတာ ပိုကောင်းပါတယ်တဲ့။ ဒါကြောင့် ကိုယ့်အိမ်ထောင်ဘက် အပြင်ထွက်ပြီး အလုပ်လုပ်တာကို မငြူစူပါနဲ့။