ချစ်ကြောင်းပြောပြနိုင်တဲ့ အခြားနည်းလမ်းတွေ...

“မင်းကို ငါချစ်တယ်” လို့ စကားလုံးတွေနဲ့ သိပ်မပြောချင်တဲ့အခါ သင့်ချစ်ခြင်းကို ဖော်ပြပေးနိုင်တဲ့ အခြားနည်းလမ်းတွေ ရှိသေးကြောင်းပြောပြရင်း အကြံဥာဏ်လေးပေးပါရစေ။ 
လူသားတိုင်းဟာ ချစ်ခြင်းကို ပုံစံမျိုးစုံနဲ့ သိရှိခံစားဖူးကြပါလိမ့်မယ်။ တချို့တွေအတွက်ချစ်ခြင်းဟာ မေတ္တာ။ တချို့တွေအတွက် ချစ်ခြင်းဟာ ချီးမွမ်းခြင်း။ တချို့တွေအတွက်ကျပြန်တော့ စကားလုံးတွေထက်သာလွန်တဲ့ အပြုအမူလေး တွေပါ။ 
အောက်မှာ ဖော်ပြသွားမယ့်အချက်လေးတွေက သင့်ချစ်ခြင်းကို စကားလုံးနဲ့ မဟုတ်ဘဲ အခြားနည်းလမ်းနဲ့ ဖော်ပြပေးဖို့ ကူညီပေးနိုင်ပါ လိမ့်မယ်။
 
၁။ အမှတ်မထင်အပြုအမူလေးတွေ…
သင်ချစ်ရတဲ့သူမှာ အကူအညီလေးလိုနေတဲ့ အချိန်မှာ သင့်လက်လေးကမ်းပေးနိုင်ပါစေ။ သင်ချစ်ရတဲ့သူက ပင်ပန်းလွန်းလို့ ခွေးလေးတောင် မကျောင်းနိုင်ခဲ့ရင်၊ ပန်းကန်လေးတွေတောင် မဆေးနိုင်ခဲ့ရင် ပေါ့ပေါ့ပါးပါးလေးပဲ လုပ်ကူပေး
လိုက်ပါ။ ဘာမဟုတ်တဲ့ အမှတ်မထင် အပြုအမူလေးတွေနဲ့ သင်သူ့ကို စောင့်ကြည့်နေကြောင်း၊ ဂရုတစိုက်ရှိကြောင်း ပြလိုက်ပါ။
 
၂။ စာလုံးမဟုတ်တဲ့ သင်္ကေတလေးတွေ…
ဒီနေ့ခေတ်ရဲ့လူသားတိုင်းမှာ နည်းလမ်းမျိုးစုံနဲ့ ဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေးကိရိယာတွေ ပိုင်ဆိုင်ထားကြတာက ကိုယ်ချစ်ရတဲ့သူကို နေရာမရွေး၊ အချိန်မရွေးဆက်သွယ်နိုင်တဲ့ အကြောင်းတရားတစ်ခုပါ။ ဒီတော့ ချစ်ကြောင်းစကားလုံး လေးတွေ မပို့ချင်ရင်တောင် နှလုံးသားပုံလေးတွေ၊ ပန်းစည်းပုံလေးတွေ၊ သတိရကြောင်း အမှတ်အသားလေးတွေပို့ပြီး တစ်ဖက်သားရဲ့ နှလုံးသားလေး နွေးထွေးနေအောင် ပြုလုပ်နိုင်ပါတယ်။
 
၃။ တအံ့တသြဖြစ်စေတာလေးတွေ…
ဘာအထိန်းအမှတ်မှမရှိဘဲ ပန်းစည်းလေး လက်ဆောင်ပေးတာ၊ သူကြိုက်တာလေး ချက်ပြုတ်ပြင်ဆင်ပေးတာတွေကလည်း သင်သူ့ကို ပို၍သာ၍ ဂရုထားကြောင်းပြောပြနိုင်တဲ့ အရာတွေပါ။ ဒီအပြုအမူလေးတွေနဲ့ တစ်ဖက်သား အရည်ပျော်သွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၎။ ပိုးပန်းခဲ့စဉ်က လုပ်ခဲ့သမျှတွေ… 
ပိုးပန်းခဲ့တုန်းက ကားတံခါးဖွင့်ပေးခဲ့တာလေးတွေ၊ သူထိုင်ဖို့ ခုံလေးပြေးထုတ်ခဲ့တာလေး တွေကို သတိတရနဲ့ ပြန်လုပ်ကြည့်ပါလား။ အမျိုးသမီးဆိုလည်း ရှင်အရင်လိုပဲ ကြည့်ကောင်းတယ်နော်လို့၊ စကားကို သမီးရည်းစားတုန်းကလို ချိုချို
သာသာလေးပြောတာတို့ လုပ်ကြည့်ပါလား။ သမီးရည်းစားဘ၀တုန်းကလို ရင်ခုန်စရာကောင်းမှာ မဟုတ်ပေမဲ့ ပျော်စရာတော့ ကောင်းမှာပါ။
 
၅။ သူ့သဘောကျ နေထိုင်ပြုမူတာတွေ… 
ကိုယ်ချစ်ရသူကို သင်ဘာလုပ်ပေးနိုင်တာရှိလဲ မေးပြီး သူပြောတဲ့အတိုင်း လိုက်လုပ်ပေးကြည့်ပါ။ သူကျေနပ်နေတာကို ကြည့်ပြီး သင် လည်းကြည်နူးရပါလိမ့်မယ်။
 
၆။ သူ့လူကို ကိုယ့်လူလိုပဲ သဘောထားတာတွေ…
ကိုယ်ချစ်ရသူရဲ့ အချစ်ဆုံးသူငယ်ချင်းက ဖြစ်စေ၊ သူ့မိသားစုဝင် တစ်ယောက်ယောက်က ဖြစ်စေ၊ သင့်စိတ်နဲ့ မတွေ့စေဦးတော့ သည်းခံဆက်ဆံနိုင်တာတွေက သင်သူ့ကို ချစ်ကြောင်းပြနိုင်တဲ့ တစ်စုံတစ်ခုသော နည်းလမ်းဖြစ်ပါတယ်။ သူချစ်တဲ့သူကို ကိုယ်လိုက်ချစ်ပေးနိုင်တာ သင်နဲ့သူ့ကြားကဆက်ဆံရေးကို ပိုပြီးနီးကပ်စေပါလိမ့်မယ်။
 
၇။ အချိန်ပေးပြီး နားထောင်ပေးတာတွေ…
ကိုယ်ချစ်တဲ့သူမှာ ပြဿနာတစ်စုံတစ်ရာရှိနေလို့ ရင်ဖွင့်ချင်နေတဲ့ အချိန်မှာ သင်က အချိန်ပေးပြီး နားထောင်မယ်ဆိုရင် သင်က သူ့ကို ဂရုစိုက်ကြောင်းပြနိုင်တဲ့ အပြုအမူတစ်ခုပါ။ လူတိုင်းလူတိုင်း ပြဿနာကတော့ ကိုယ်စီရှိစမြဲပါပဲ။ သို့သော်လည်း ကိုယ်လိုအပ်တဲ့အချိန် တစ်စုံတစ်ယောက် ကိုယ့်နဘေးနား ရှိနေပေးတာက သူ့အတွက်အားဆေးတစ်ခွက် ဖြစ်စေပါလိမ့်မယ်။
၈။ ချစ်ချင်ခင်ခင်အချိန်လေးတွေ… 
သတ်သတ်မှတ်မှတ်ထားတာထက် အနမ်းလေးပေးတာ၊ ပခုံးလေးဖက်တာတွေ လုပ်ဖို့မမေ့ ပါနဲ့။ ကိုယ်ချစ်ရသူရဲ့ ရင်ခွင်ထဲ အချိန်ဖြုန်းရခြင်း က တစ်နေ့တာရဲ့ အကောင်းဆုံးအချိန်ဖြစ်ပါလိမ့်မယ်။ ကြင်ကြင်နာနာ ချစ်ချစ်ခင်ခင်လေးနေပေးပါ။
 
၉။ လက်ဆောင်သေးသေးလေးတွေ…
ဘယ်လောက်သေးငယ်ပြီး ဘယ်လောက်ပဲ ဈေးသက်သာပါစေ၊ သူကိုယ့်ကို မှတ်မှတ်ရရရှိတယ်ဆိုတဲ့အသိက ရင်ကို နွေးထွေးစေမှာပါ။ ဈေးကြီးမှ အဖိုးတန်မှ လက်ဆောင်မည်တာ မဟုတ်ဘူး။ သင့်ချစ်ခြင်းကို လက်ဆောင်သေးသေးမွှားမွှားလေးတွေကလည်း ပြသနိုင်ပါတယ်။
 
၁၀။ အလိုလျောက်ဖြစ်လာတဲ့ ကြင်နာခြင်းတွေ…
အလိုလျောက်ဖြစ်လာတဲ့ အနမ်းလေးပဲဖြစ်ဖြစ်၊ ပွေ့ဖက်ခြင်းပဲဖြစ်ဖြစ် သင့်ချစ်ခြင်းကို ပြနိုင်တဲ့ အကောင်းဆုံး အပြုအမူလည်းဖြစ်ပါတယ်။ ချစ်ခြင်းကြောင့်ဖြစ်လာတဲ့ အပြုအမူလေးတွေနဲ့ သင်ချစ်တဲ့သူကို ဘယ်လောက်ဂရုထားကြောင်း ပြသလိုက်ပါ။ ချစ်ခြင်းမှာ တိုရေ ရှားရေမရှိပါနဲ့လေ။
Barton Goldsmith ရေးသားထားသော Different Ways to Say “I Love You” ကို သင့်လျော်သလို ဘာသာပြန်ဆိုထားပါသည်။