ထားသွားခံရတော့မယ့် လက္ခဏာ (၄) ရပ်

အထားခံရတာပဲဖြစ်ဖြစ်၊ ထားသွားခဲ့တာပဲ ဖြစ်ဖြစ်၊ ပြတ်စဲလိုက်တဲ့ ချစ်ခြင်းတစ်ခုဟာ နာကြင်စရာကောင်းပြီး အကျည်းတန်တဲ့ အဖြစ်အပျက်တစ်ခုသာဖြစ်ပါတယ်။ အသည်းကွဲလာတဲ့အခါ အော်ဟစ်ငိုမယ်၊ အရက်တွေ ပြင်းပြင်းပျော့ပျော့ မသိတော့ဘဲ သောက်မယ်၊ ဆာလည်းစား မဆာလည်းစားမယ်၊ ကုတင်ပေါ်မှာ ငုပ်တုပ်မိုးလင်းသွားတဲ့ နေ့တွေရှိလာမယ်၊ စိတ်နဲ့ ကိုယ်နဲ့မကပ်ဘဲ ဘော်ဒါတွေကြားမှာ ဖွတ်ကျားဖြစ်မှန်းမသိဖြစ်မယ်။ ဒီ့ထက်ပိုတဲ့ ခံစားချက်ဖောက်ထုတ်ပစ်တဲ့ နည်းတွေလည်း စာဖတ်သူတွေမှာ ရှိချင်လည်း ရှိနေနိုင်တယ်။ ပြတ်စဲတော့မယ့် ချစ်ခြင်းတစ်ခုဟာ ဗြုန်းဒိုင်းဆို ချစ်သူနှစ်ယောက်နားကို ချက်ချင်းရောက်လာတတ်တာတော့မဟုတ်ဘူး။ ဇာပါးပါးလေး အုပ်ထားသလို တချို့တဝက်ကို ဖောက်ထွင်းမြင် နေရတတ်ပါတယ်။ 

ဒါကြောင့် ထားသွားခံရတော့မယ့် လက္ခဏာတွေက ဘာတွေလဲလို့ ချစ်မှုရေးရာ ကျွမ်းကျင်သူလည်းဖြစ်၊ Single But Dating: A Field Guide to Dating in the Digital Age စာအုပ်ရဲ့ စာရေးသူလည်းဖြစ်တဲ့ Dr. Nikki Goldstein ကို Elite Daily က မေးမြန်းကြည့်တဲ့အခါ...

၁။ ချစ်သူဟာ သင်နဲ့ အရမ်းဝေးကွာနေတယ်
ချစ်ခြင်းတစ်ခုမှာ ချစ်သူနှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက်နီးကပ်နေဖို့ သိပ်အရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေခြင်း (အနီးအဝေးမိုင်ကိုမဆိုလိုပါ) ဟာ ပြတ်စဲတော့မယ့် ချစ်ခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတစ်ခု ဖြစ်သလို အရှုပ်ထွေးဆုံး လက္ခဏာတစ်ခုဆိုလည်း မမှားပါဘူး။

ရုပ်ရှင်တွေထဲမှာတော့ ကျောပေးပြီး ခပ်ဖွဖွပြေးနေတဲ့လူတစ်ယောက် တစ်ဖြည်းဖြည်းဝေးတာကို မျက်စိတစ်ဆုံး ရိုက်ပြတာပဲဖြစ်ဖြစ်၊ missed call တွေပေါ်နေတဲ့ ဖုန်းစကရင်ကြီးကို ငူငူငိုင်ငိုင်ထိုင်ကြည့်နေတာပဲဖြစ်ဖြစ် ပြရင်း ချစ်သူနှစ်ယောက်ဟာ အရမ်းဝေးကွာနေတာကို ရိုက်ပြနိုင်ပါတယ်။ တကယ့်လက်တွေ့ဘ၀မှာ ချစ်သူနှစ်ယောက် ဝေးကွာတယ်ဆိုတာက ဘယ်လိုမျိုးပါလဲ။

လူတိုင်းလူတိုင်းမှာ တစ်ယောက်တည်းနေချင်တဲ့ အချိန်ကာလ ဆိုတာရှိတတ်ပါတယ်။ အချစ်ရေးအဆင်ပြေနေလည်း အဆွေးဇာတ်ကားတွေချည်း ထိုင်ကြည့်ချင်တဲ့ တနင်္ဂနွေဆိုတာလည်း ရှိချင်ရှိမယ်။ ဒါပေမဲ့ သင့်ချစ်သူက သင့်အတွက်ဆို အမြဲအဆင့်သင့်ဖြစ်နေတတ်ပြီး သူတော့ဖြင့် ဘယ်သူနဲ့ ဘာတွေလုပ်နေတယ်ဆိုတာ အမြဲပြောနေရာကနေ ရုတ်တရက်ဆိုသလို ဘယ်နေ့တွေ့ကြမလဲဆိုတာ အမေးကြဲလာခဲ့ရင်၊ ဒါမှမဟုတ် သူဘာလုပ်နေကြောင်း အပြောတွေ ကြဲလာခဲ့ရင် ဂရုတစိုက်ရှိဖို့ လိုပါတယ်။

“တစ်စုံတစ်ယောက်ဟာ ချစ်ခြင်းတစ်ခုကနေ ရှောင်ဖယ်လိုလာတယ်ဆိုတာ၊ အဲဒီချစ်ခြင်းဟာ သူ့ကို အနေရကျပ်စေလို့၊ ဒါမှမဟုတ် သူ့ကို မပျော်ရွှင်စေလို့ပါ” လို့ Dr. Goldstein က ဆိုပါတယ်။ 

ဒါဆို ချစ်သူက သွေးအေးနေပြီ၊ ကိုယ်နဲ့လည်း ဝေးကွာနေသလိုဖြစ်နေပြီဆို ဘာလုပ်ရမလဲလို့ မေးတဲ့အခါ၊ “ အကောင်းဆုံးကတော့ သူတို့နောက်ကို မလိုက်ပါနဲ့။ သူတို့ကို ကိုယ်နဲ့ဝေးရာကို ပေးသွားလိုက်ပါ။ သူတို့ပြန်လာမလား၊ မလာလားဆိုတာ စောင့်ကြည့်ရုံပါပဲ။ သူတို့ကို အချိန်တစ်ခု လွှတ်ထားပေးလိုက်ပါ” တဲ့။

ကဲ… စိတ်ရှည်ပေးလိုက်ပါ။ ကိုယ်က အချိန် ပေးထားရက်နဲ့ ပြန်မလာတော့တဲ့ ချစ်သူကိုတော့  ရေစက်သာချလိုက်ပါတော့။

၂။ သာမန်ထက်ပိုပြီး ရန်ဖြစ်နေကြတယ်
တစ်ခါတလေမှာ ကော်ဖီ နဲ့ အက်စ်ပရက်ဆို ဘယ်ဟာမှာ ကဖင်းန် ပိုပါလဲဆိုတာကိုတောင် ငြင်းချင်ခုန်ချင် ရန်ဖြစ်ချင်လောက်အောင် မုဒ်အောက်နေတဲ့ အချိန်ကာလ စာရေးသူမှာတောင် ရှိနေတတ်ပါတယ်။

ငြင်းကြခုန်ကြ၊ ရန်ဖြစ်ကြတယ်ဆိုတာ စုံတွဲတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်တစ်ခုဆိုပေမဲ့၊ ရုတ်တရက်ဆိုသလို ကိစ္စအသေးအမွှားက လွှတ်တော်မှာ ငြင်းကြခုန်ကြတဲ့ ကိစ္စလို ကြီးကြီးကျယ်ကျယ်တွေ ဖြစ်လာပြီ၊ လုပ်လာပြီဆိုရင်တော့ သင်
တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ခဏတဖြုတ် ပြန်သုံးသပ်ဖို့ လိုနေပါပြီ။ ဒီချစ်ခြင်းမှာ သင်တို့ နှစ်ယောက် တစ်ခါမှ မတွေးထင်ထားဖူးတဲ့ ထူးခြားဖြစ်စဉ်တွေ ရှိနေနိုင်လို့ပါ။

Dr. Goldstein ကလည်း “ချစ်ခြင်းမှာ တစ်ယောက်ယောက်က ကိစ္စသေးသေးလေးကို လိုတာထက်ပိုပြီး အလွန်အကြူး ငြင်းချင်ခုန်ချင် ရန်ဖြစ်ချင်နေတယ်ဆိုရင် အဲဒီ့နောက်ကွယ်မှာ ပိုကြီးမားတဲ့ အကြောင်းအရာတစ်ခု ရှိနေနိုင်ပါတယ်”လို့ ဆိုထားပါတယ်။

ဒီလို အဖြစ်မျိုးရှိလာပြီဆို သတိထားပြီး ဖြေရှင်းပါ။ နှစ်ဦးသား အချိန်ပေးပြီး ဆွေးနွေးပါ။ မကောင်းတဲ့ခံစားချက်တွေကို မဖြေရှင်းဘဲ တစ်ခုပြီးတစ်ခု သွပ်ထိုးပြီး ခရီးရှည်ကြီးကို ပြေးမယ်ဆိုတာ အရမ်းအန္တရာယ်များတဲ့အလုပ်ပါ။ ဒါကြောင့် အချိန်ပေးပါ၊ ဆွေးနွေးပါ။

၃။ ကိုယ့်ကိုယ်ကို စိတ်အလိုမကျတော့ဘူး
တစ်ခါတစ်ရံကျ ချစ်ခြင်းကို ပြတ်စဲချင်တဲ့ လက္ခဏာတွေဟာ သင့်ချစ်သူ့ဆီက ရောက်လာတာမဟုတ်ဘဲ သင့်ဆီက ထွက်လာတာလည်း ဖြစ်နေတတ်ပါတယ်။

ဘာဖြစ်ချင်မှန်း သဲသဲကွဲကွဲမသိဘူး၊ ဒါမှမဟုတ် ဝမ်းနည်းသလိုလို စိတ်တိုင်းမကျသလိုလို နာမည်တပ်လို့မရတဲ့ ခံစားချက်ကို ခံစားနေရတယ်ဆိုရင် ကိုယ့်ကိုယ်သုံးသပ်ပါ။ ဒီခံစားချက်တွေက ဘာကြောင့်ဖြစ်တာလဲ။ ဘယ်သူ့ကြောင့် ဖြစ်နေ 
တာလဲ။ စောစောသိတယ်ဆိုရင် သင်ကံကောင်းပါတယ်။ အမြန်သာကုစားပါ။

“ကိုယ့်ကိုယ်ကို ဂရုတစိုက်စောင့်မကြည့်မိသည့်တိုင်အောင် ကိုယ်အလေးချိန်ကျလာတာ၊ ကိုယ်အလေးချိန်တွေ ထိုးတက်လာတာ၊ အသားအရေ မကောင်းဘဲဖြစ်လာတာ၊ ဖျားချင်သလိုလို တွေဖြစ်နေတာ၊ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ခပ်ဝေးဝေးနေချင်နေတာတွေက ပုံမှန်တော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ့်မပျော်ရွှင်မှုတွေကို ကိုယ်တိုင်သတိမထား မိတဲ့အချိန်မှာ ခန္ဓာကိုယ်က သတိထားမိပါတယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို သတိထားပါ” လို့ Dr. Gold-stein က သတိပေးထားပါတယ်။

သင်လည်းဆရာဝန်ဟုတ်ချင်မှ ဟုတ်မှာ ဖြစ်သလို၊ စာရေးသူကိုယ်တိုင်လည်း ဆရာဝန် တစ်ယောက်မဟုတ်ပါဘူး။ သို့သော်လည်း မပျော်ရွှင်ခြင်းဆိုတာ စိတ်မှာဖြစ်နေတဲ့ ပြဿနာဆိုပေမဲ့ သင့်ခန္ဓာကိုယ်ကနေလည်း ထင်ထင်ရှားရှား ဖော်ပြပေးနိုင်တယ်ဆိုတာ သိထားပါ။ ဒါကြောင့် သင့် ချစ်သူက သင့်ကို မပျော်ရွှင်စေတော့ဘူးဆိုရင် ဒီပြဿနာကို ဂရုတစိုက်နဲ့ ဖြေရှင်းပါ။

၎။ တစ်ခုခုတော့ အကြီးအကျယ်မှားနေပြီလို့ ခံစားနေရတယ်
“ကိုယ့်ရဲ့ ခံစားသိကို ဘယ်တော့မှ လျှော့မတွက်လိုက်ပါနဲ့” လို့ Dr. Goldstein က ဆိုပါတယ်။ မှန်ပါတယ်။ သူနဲ့ငါနဲ့တော့ ရှေ့ဆက်လို့ မဖြစ်တော့ဘူး၊ တော်တော်ကို အဆင်မပြေတော့ ဘူးလို့ သိနေရင်းနဲ့ပဲ တကယ်ကို ပြတ်စဲသွားတတ် ပါတယ်။ ခံစားသိဟာ သိပ်တာ သွားပါတယ်။ 

ဒီချစ်ခြင်းဟာ သင့်ကို ကောင်းမွန်တဲ့ စိတ်ခံစားချက် ထပ်မပေးနိုင်တော့တာ သေချာရင် အခုပဲ ရပ်ပစ်လိုက်ပါ။ သင့်ချစ်သူဟာ သင့်ကိုထားသွားတော့မယ်လို့ခံစားသိရင် ပေးသွားလိုက်ပါ။ သင့်အချိန်ကိုတန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားပါ။ ရူးသွပ်တယ်ဆိုတာ ဒီနေရာမှာ ကောင်းကျိုးမဖြစ်စေပါဘူး။

Dr. Goldstein ကအခုလိုပဲ ရှင်းပြထားပြန်ပါတယ်။ “ တစ်ခါတလေ အမျိုးသမီးတွေကို ပြော တတ်ကြတယ်။ ခေါင်းမှ မရှိတာကိုး။ မိုက်မဲတာကိုး။ ဘာညာပေါ့။ ဒါပေမဲ့ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် ကိုယ့်ကို တစ်စုံတစ်ယောက်က မကောင်းတဲ့စိတ်ခံစားမှုဖြစ်အောင် လုပ်နေတယ်ဆိုရင် ဘာလို့ အလုပ်ခံမလဲ ။ ရအောင်ထွက်ရမှာပေါ့။ အကြောင်းရင်းကို ရှာရမှာပေါ့။ တစ်ယောက် ယောက်ကို မေးရမှာပေါ့။ မေးစရာလူမရှိရင်တောင် ကိုယ့် ခံစားသိကို နားထောင်တတ်ရမှာပေါ့” တဲ့။
အရေးကြီးဆုံးအချက်က ဒီချစ်ခြင်းမှာ ကိုယ်မပျော်ရွှင်တော့ဘူးဆိုတာ သေချာရင် အချိန်ယူပြီး စဉ်း စားပါ။ ပြင်ဆင်လို့ ရမယ့် အရာဆို ပြင်ကြည့်ပါ။ ပြင်လို့မှ မရတော့ဘူးဆိုရင် သင့်ဘ၀မှာ “မှန်ကန် တဲ့ တစ်စုံတစ်ယောက်”တော့ ရှိလာဦးမယ်ဆို တာ သတိရပါ။

တားလို့မရတော့ဘဲ ထားသွားခံရတယ်ဆိုရင် နေခဲ့လိုက်ပါ။ ချစ်ခြင်းမှာ ပြတ်စဲခံရခြင်းဟာ နာကြင်စရာကောင်းပါတယ်။ ထားသွားခံရတော့မယ်ဆိုတာကို မသိချင်ယောင်ဆောင်နေရတာ ထက် တကယ်ထားသွားခံရခြင်းက ပိုနာကျင်စရာကောင်းပါလိမ့်မယ်။ လွတ်လွတ်လပ်လပ်ပဲ အသည်းကွဲလိုက်ပါ။ အချိန်တစ်ခု လွန်မြောက်သွားတဲ့အခါ ပြန်ပြောင်းပြောပြနိုင်တဲ့ ဟာသတစ်ပုဒ်ဖြစ်သွားပါလိမ့်မယ်။

Kimmy Foskett ရေးသားထားသော 4 Definitive Signs Your Relationship Is Heading Toward A Breakup ကို သင့်လျော်သလို ဘာသာ ပြန်ဆိုထားပါသည်။