Love Poem

"မင်္ဂလာဆောင် ဖိတ်စာ"

အလွမ်း
တိတ်ဆိတ်ငြိမ်သက်သလောက်
ရင်ဘတ်ထဲ
ပူပြင်းတောက်လောင်တယ်
နေ့စွဲတွေ
ချွန်ထက်ထက်ဓားတွေ အလား
ငါ့ နှလုံးသားလည်း "သေ"
ငါ့ ဘဝတော့
ဒဏ်ရာတွေနှင့် ကြေကွဲခဲ့တယ်
ချစ်ရသူ မင်္ဂလာပွဲအတွက်
လက်ခုပ်သံ မစဲခဲ့ဘူး။   ။
                                     လင်းလက်

"တမ်းချင်းအို"

မေတ္တာဓါတ်ကို အသက်လိုဆက်ပြီး
သံယောဇဉ်ကို ဖျာလိုရက်ခဲ့
ကျန်နေတဲ့ သက်တမ်းတစ်လျှောက်မှာ
ဒီဇာတ်ဟာ အလွမ်းနာကျတယ်
လိုတာထက် ပိုပွင့်နေတဲ့ မနက်တွေမှာ
အသေစော်နံနေတဲ့ ဒဏ်ရာ
မိုးသာ စင်စင်လင်းသွားတယ်
မျက်ရည်ကျမဲ့သူက တစ်ယောက်မှ မရှိခဲ့
ခြေဗလာ လက်ဗလာပေါ့
ဒီလမ်းတွေ အထီးကျန်ဆန်နေပုံကလေ
ရင်ခုန်သံ အသိုးတွေကြား
ခေါင်းမော့ထားတဲ့ ကျွန်းလေးတစ်ခုလို
ဒီအပြန်လမ်းမှာ
ငါ့ခံတပ်တစ်ခုလုံး လည်စင်းထားတယ် ညီမလေးရေ...။   ။
                                     ဒီလူည

"ဆာဟာရရဲ့ ည"

အေးခဲထားတဲ့ ကန္တရထဲ
အတွင်းလှိုက်လောင်ကျွမ်းနေတဲ့
အပေါစား အဇ္ဈတ္တတွေရဲ့ကြား
ရဲရင့်ခြင်းနဲ့ အမှန်တရားဆိုတာ
အစိတ်စိတ် အမွှာမွှာ

အလင်းတစ်မျှင်လို့ ယုံစား
ဖမ်းဆုပ်လိုက်မိတဲ့ ကြိုးက
ကိုယ့်ကိုယ်ကို ပြန်ရဖို့
ပကာသန ဖန်ကွဲစတွေနဲ့
တလက်လက်ထ မွမ်းမံထားတဲ့
စွန်ဖြတ်ကြိုးတဲ့လား

ပင်လယ်အော်သံလို
ဝိဘစ္ဆမြည်ဟီးခြင်းနဲ့
သူ့ထက်ငါအပြိုင်
ကြွားချင်းစပ်နေကြတဲ့ လောကမှာ
ကျောက်ဆောင် ချောက်ကမ်းပါးတွေကလည်း
မာန်စွယ်တဖွားဖွားထလို့
အချွန်အတက်တွေ ပြိုင်ဆိုင်ရင်း
အကျည်းတန်ခြင်းမှာပဲ ဂုဏ်ဝင့်နေကြ

အပေါ်ယံ အပြောက်အမွမ်းတွေနဲ့
တင့်တယ်သယောင် ဟန်ဆောင်ရင်း
အလုံပိတ်တိုက်နေတဲ့ မုန်တိုင်းထဲမှာ
သန္တသုခဆိုတာ
အခြားဘုံတစ်ခုရဲ့ ပိုင်ဆိုင်မှုလို့ လှည့်စား
သရဲဘောကြောင်စွာ နောက်ချန်ထားရင်း
တစ်စစနဲ့ အဝေးကြီးဝေးခဲ့ပြီ။   ။
                                     ညအလင်းအိမ်