ကိုယ့်အိမ်ထောင်ရေးကို စိတ်ကုန်နေပြီလား…

လူနှစ်ယောက်ရဲ့ချစ်ခြင်းကို တစ်နှစ်ကနေ တစ်နှစ် ပိုပိုပြီးခိုင်မာအောင် တည်ဆောက်ဖို့ဆိုတာ အတော်ခက်တဲ့ အကြောင်းတရားတစ်ခုပါ။ ဘ၀ဆိုတာအချိန်နဲ့အမျှ ပြောင်းလဲနေသလို၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်လှပါချည်ရဲ့ဆိုတဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းတရားဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ 
 
အိမ်ထောင်ရေးကတော့ တော်ပါပြီလို့ တွေးနေမယ်ဆိုရင် အောက်မှာဖော်ပြသွားမယ့် ချိတ်ဆက်လေးတွေကို အချိန်ပေးပြီးဖတ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ ကွာရှင်းပြတ်စဲမှုတွေကိုပဲ အမှုလိုက်ပေးနေတဲ့ ရှေ့နေတွေရဲ့ အာဘော်နဲ့ ဒီချိတ်ဆက် လေးတွေကို ပြုစုထားတာပါ။ ဒီချိတ်ဆက်မှုတွေ တော်တော်များများရှိနေတယ်ဆို သင့်အိမ်ထောင်ရေးက သင်ထင်သလောက် မဆိုးရွားသေးပါဘူး။ ဒါကြောင့် အချိန်ပေးပြီး ဖတ်ကြည့်လိုက်ပါ။ 
 
၁။ ပြောဆိုဆက်သွယ်တတ်ပါစေ။
စုံတွဲတစ်တွဲမှာ နှစ်ဦးလုံးက တစ်ယောက်ကို တစ်ယောက် ဘယ်အချိန်မှာ ဘယ်လို အနေအထား၊ ဘယ်လိုစကားနဲ့ ပြောဆိုဆက်သွယ်ရမယ်ဆိုတာ ကောင်းကောင်းသိကြရင် သူတို့ရဲ့ ချစ်ခြင်းဟာေ အာင်မြင်ခြင်းကို တည်ဆောက်နိုင်မယ့် အမှတ်အသားပါပဲ။ လင်မယားဖြစ်လာတဲ့အခါ မိသားစုအရေးကအစ ငွေရေးကြေးရေးအဆုံး ပြဿနာပေါင်းများစွာကို နှစ်ဦးသား ရင်ဆိုင်ကြရမှာပါ။ အဲဒီ့လို ပူတစ်ခါအေးတစ်လှည့်အခြေအနေတွေမှာ တစ်ဦးအချက် တစ်ဦးသိလို့ ပြောဆိုဆက်သွယ်
တတ်တဲ့ အိမ်ထောင်ရေးဟာ ကျန်းမာတဲ့ အိမ်ထောင်ရေးကိုဖြစ်စေပါတယ်။ ဒါကြောင့် ပြောဆို ဆက်သွယ်တတ်မှုဟာ အခရာ။
 
၂။ ဂရုတစိုက်ရှိပါစေ။
လင်မယားဖြစ်လာတဲ့အခါ စုံတွဲတော်တော်များများမှာ သမီးရည်းစားတုန်းကလို ကလူ၏သို့ မြှူ၏သို့ အမူအရာတွေ မရှိနိုင်တော့တာ လက်ခံပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တဲ့ အပြုအမူလေးတွေ (လက်လေးတွဲလို ဖေးမတာမျိုး၊ နဖူး
လေးကို အနမ်းပေးတာမျိုး)ကိုတော့ ဆက်လက် ကျင့်သုံးပေးပါ။ အဲဒီ့အပြုအမူတွေက တက်တစ်ခါကျတစ်လှည့် အချိန်တွေကို ဖြတ်သန်းနိုင်တဲ့ အင်အားတွေကို ပေးနိုင်ပါတယ်။ 
 
၃။ အလျှော့ပေးတတ်ပါစေ။
အိမ်ထောင်ရေးမှာ ကိုယ်မနှစ်သက်သော အခြေအနေ၊ အနေအထားဖြစ်သော်လည်း ထိုက်သင့်သလောက် အလျှော့ပေးတတ်ခြင်းဟာ ကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။ ကိုယ်က Wonder Woman ကြည့်ချင်ပြီး သူက Captain Underpants ကြည့်ချင်တဲ့ အခြေအနေမှာ ဘယ်လိုဆုံးဖြတ်ချက်ချလိုက်သလဲဆိုတာ အဲဒီစုံတွဲရဲ့ ဆက်ဆံရေးဘယ်လိုဆိုတာ အဖြေကောင်းကောင်းပေးနိုင်တဲ့ ညွှန်ကိန်းတစ်ခုပါ။
၎။ အသစ်တွေကို အတူတူ ကြိုးစားကြည့်ပါလေ။
စိတ်လှုပ်ရှားမှုတွေရှိနေမယ်၊ အသစ်အသစ်တွေ ဖြစ်နေမယ်ဆိုရင် အဲဒီ့အိမ်ထောင်ရေးကို လက်လျှော့ချင်စိတ်နည်းမှာ အမှန်ပါပဲ။ ရှေ့နှစ်မှာ မိသားစုလိုက် ခရီးရှည်ကြီးတစ်ခုသွားမယ်၊ နောက် (၅) နှစ်မှာ ခြံတစ်ခြံဝယ်မယ်စတဲ့ ရည်မှန်းချက်အသစ်တွေထားပြီး အတူကြိုးစားဖြတ်သန်းကြည့် ခြင်းဟာ သမီးရည်းစားဖြစ်ခါစက တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ စိတ်လှုပ်ရှားစွာ အတူကြိုးစားကြတဲ့ အချိန်ကာလကို သတိတရ ဖြစ်စေပါလိမ့်မယ်။
 
၅။ အတူတူရယ်မောတတ်ပါစေ။
ဟာသအမြင်၊ ဟာသအတွေးက အိမ်ထောင်ရေးမှာ အရေးပါပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အမှားနဲ့ အရှုံးကို လှောင်ပြောင်ရယ်မောဖို့ မဟုတ်ပါဘူး။ ကိုယ်လက်ရှိကြုံတွေ့နေရတဲ့ အခိုက်အတန့်၊ အတွေ့အကြုံပေါ်မှာ ဟာသအတွေးအမြင်လေးနဲ့ လင်မယားနှစ်ယောက်ပြောပြောဆိုဆို ရယ်ရယ်မောမောရှိမယ်ဆို အိမ်ထောင်ရေးရဲ့ ဖိစီးမှုတွေ၊ အသက်ရှုကြပ်မှုတွေကနေ အတူတကွ တစ်ခဏလွတ်မြောက်နိုင်ပါတယ်။ 
 
၆။ ကိုယ်ပိုင်အချိန်လေးတွေ ရှိပါစေ။
အိမ်ထောင်ရေးမှာ ကိစ္စအတော်များများကို အတူတူဖြတ်သန်းကြတဲ့ အလေ့အထဟာ ကောင်းတယ်ဆိုပေမဲ့၊ ကိုယ် ၀ါသနာပါရာကို ကိုယ်ပိုင်အချိန်လေးတွေ ကိုယ်စီထားပြီးလုပ်ဆောင်တတ်တဲ့အလေ့အထလည်း ရှိဖို့လိုပါတယ်။ ကိုယ်ပိုင် အချိန်လေးတွေမှာ ကိုယ်စိတ်ဝင်စားတာလေးတွေကိုလုပ်ရင်း ကိုယ်ဟာတော့ဖြင့် အခြားတစ်ယောက်ရဲ့ စိတ်နဲ့ ဖွဲ့စည်းထားတာ မဟုတ်တဲ့အကြောင်းအမှတ်ရပြီး ကိုယ့်ကိုယ်ကို ကျေနပ်စေပါတယ်။ ဒါကြောင့်အိမ်ထောင်ရေးမှာ ကိုယ့်အိမ်ထောင်
ဖက်ကို ကိုယ်က ကိုယ်ပိုင်အချိန်ပေးတတ်ဖို့ အရေးကြီးသလို ကိုယ့်ကိုယ်ပိုင်အချိန်ရဖို့လည်း အရေးကြီးပါတယ်။
 
၇။ တစ်ယောက်ကိုတစ်ယောက် အကြွင်းမဲ့ ယုံကြည်မှုရှိပါစေ။
တစ်ယောက်ကိုတစ်ယောက် နှလုံးသားနဲ့ အကြွင်းမဲ့ယုံကြည်ကြတဲ့ စုံတွဲတွေမှာ ကွာရှင်းပြတ်စဲခြင်းဆိုတာ ဖြစ်လာနိုင်ချေနည်းတဲ့ အနာဂတ်တစ်ခုပါ။ ယုံကြည်မှုမရှိတဲ့ ချစ်ခြင်းဟာ တစ်ယောက်ရဲ့အဝေးကိုတစ်ယောက် ထွက်ပြေးဖို့နည်းလမ်းတွေ ရှာဖွေနေမှာ အမှန်ပါပဲ။
 
၈။ အပြန်အလှန်လေးစားမှုရှိပါစေ။
ခိုင်မြဲတဲ့ အိမ်ထောင်ရေးမှာ ယုံကြည်မှုနဲ့ ကပ်လျက်ပါနေတာ လေးစားမှုပါ။ လင်မယားနှစ်ယောက် တစ်ယောက်ကို တစ်ယောက်လေးစားမှုမရှိရင် ပြဿနာဖြစ်လာတဲ့အခါ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ စဉ်းစားလာပါလိမ့်မယ်။ အောင် 
မြင်တဲ့အိမ်ထောင်ရေးတွေမှာ နှစ်ဦးနှစ်ဖက်လေးလေးစားစား ရှိကြပါတယ်။ အသည်းအသန်အငြင်းအခုန်တွေလုပ်ကြရင် တောင်၊ တစ်ဖက်ကိုလေးစားသောအားဖြင့် ကိုယ့်လေသံကို ပြန်လျှော့လိုက်တာမျိုးက  သင့်အိမ်ထောင်ရေးအတွက် မျှော်လင့်ချက်ရှိသေးတယ်ဆိုတဲ့ အခြေအနေပါ။ 
 
၉။ အတူတူအဖြေရှာတတ်ပါစေ။ 
ဘယ်အိမ်ထောင်ရေးမှ ပြီးပြည့်စုံတယ်ဆိုတာမရှိဘူးဆိုတာ သတိချပ်ပါ။ ပြဿနာတွေ ဖြစ်လာတဲ့အခါ ရှေ့ဆက်မလား၊ လမ်းခွဲမလားဆိုတာ နှစ်ဦးနှစ်ဖက်ရဲ့ ကိုင်တွယ်ဖြေရှင်းတတ်မှုပါ။ အိမ်ထောင်ရေးမှာ ဘယ်လောက်ကြီးမားတဲ့ ပြဿနာကို ရင်ဆိုင်ရပါစေ၊ နှစ်ဖက်စလုံးက တောင်းပန်ဖို့၊ ပြန်ဆက်ဖို့ ဆန္ဒရှိနေသမျှ ဒီအိမ်ထောင်ရေးက ပြိုကွဲဖို့ အခွင့်အလမ်းနည်းသွားနိုင်ပါတယ်။ ဆိုလိုချင်တာက အိမ်ထောင်ရေးအောင်မြင်ဖို့ နှစ်ဖက်လုံးက ကြိုးစားတောင့်ခံနိုင်ရပါလိမ့်မယ်။ အချိန်ယူဖို့လိုပါတယ်။ 
 
၁၀။ နှစ်နှစ်ကာကာချိတ်ဆက်မှုရှိပါစေ။
ပေါ့ပေါ့တန်တန် ချိတ်ဆက်မှုဟာ အိမ်ထောင်ရေးကို ပြိုကွဲစေတဲ့ အကြောင်းရင်းတစ်ခုပါ။ နှစ်ကာလကြာလာတာနဲ့အမျှ လင်မယားနှစ်ယောက်ကြား တစ်ယောက်နဲ့ တစ်ယောက်နှစ်နှစ်ကာကာ ချိတ်ဆက်ထားတဲ့ ချိတ်ဆက်မှုရှိလာဖို့ အရေးကြီးပါတယ်။ အဲဒီ့ချိတ်ဆက်မှုကသာ အိမ်ထောင်ရေးကို ကယ်တင်နိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
၁၁။ အိမ်ထောင်ရေးဟာ နှစ်ဦးလုံးအတွက် အရေးပါတဲ့ နေရာမှာ ရှိပါစေ။
ယောက်ျားက အိမ်ထောင်ရေးကို အလေးပေးပြီး မိန်းမက အိမ်ထောင်ရေးကို အလေးမထားတဲ့အခါ၊ မိန်းမက အိမ်ထောင်ရေးကို အလေးပေးပြီး ယောက်ျားက အိမ်ထောင်ရေးကို အလေးမထားတဲ့အခါ ကွာရှင်းပြတ်စဲခြင်းဟာ အဲဒီ့ အိမ်ထောင်
ရေးအနားကို လွယ်လွယ်နဲ့ ချဉ်းကပ်လာတော့တာပါပဲ။ အရာအားလုံးထက် ဒီအိမ်ထောင်ရေးကို အရေးပေးတယ်ဆိုတဲ့ သတိကပ်ထားတဲ့ ဆုံးဖြတ်ချက် နှစ်ဦးလုံးမှာရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ ကိုးကွယ်တဲ့ ဘာသာ၊ အကျင့်စာရိတ္တ၊ မိသားစု၊ ဓလေ့ထုံးတမ်းနဲ့သိပ်မဆိုင်ဘဲ တစ်ဦးချင်းစီရဲ့ တန်ဖိုးထားတတ်မှုစံနှုန်းနဲ့သာသက်ဆိုင်ပါတယ်။
 
၁၂။ အသက်ငယ်ငယ်မှာ လက်မထပ်ကြဘူး။ 
ဘယ်အရွယ်မှာ လက်ထပ်တာလဲဆိုတဲ့ အခြေခံအကြောင်းတရားက ကွာရှင်းပြတ်စဲရာမှာ ထည့်သွင်းစဉ်းစားကြရတဲ့ အချက်တစ်ခုပါ။ နှစ်ဆယ်စွန်းစွန်းမှာ လက်ထပ်ထားကြတဲ့ စုံတွဲတော်တော်များများဟာ လေးဆယ်ကျော်လာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရိုးအီသွားပြီး ကွာရှင်းပြတ်စဲဖို့ လမ်းကို ရွေးချယ်တတ်ကြပါတယ်။ 
 
၁၃။ ငွေကအရေးပါတယ်ဆိုတာသိပါ။
လင်မယားတွေ ကွာရှင်းကြတဲ့ အကြောင်းတရားတွေထဲမှာ ငွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။ တစ်ယောက်က ငွေကို ကျစ်ကျစ်ပါအောင်စုပြီး တစ်ယောက်က သုံးနေဖြုန်းနေတယ်ဆိုလည်း ဒီအိမ်ထောင်ရေးဟာ ဘက်မညီပါဘူး။ ငွေအပေါ်တန်ဖိုးထားတတ်တဲ့စံနှုန်းက ညီမှသာ အိမ်ထောင်ရေးက ရှေ့ဆက်နိုင်မှာပါ။ 
 
၁၄။ နှစ်ဦးစလုံး ကျန်းကျန်းမာမာရှိပါစေ။
ကျန်းမာတယ်ဆိုတဲ့နေရာမှာ ကိုယ်ရော၊ စိတ်ပါ ပါဝင်ပါတယ်။ အိမ်ထောင်ရေးဟာ အကောင်းဆုံးအခြေအနေမှာ ဖြတ်သန်းနေရတာတောင် ခက်ခက်ခဲခဲ ဖြတ်သန်းရတဲ့အမျိုးပါ။ ဒါကြောင့် အိမ်ထောင်ဖက်တစ်ယောက်ယောက်က စိတ်အားဖြင့် ကျန်းမာရေးချို့တဲ့နေမယ်၊ ကိုယ်အားဖြင့် ကျန်းမာရေးချို့တဲ့နေမယ်ဆို အခြားတစ်ဖက်က ဒီအိမ်ထောင်ရေးကို လက်လျှော့သွားနိုင်ပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် ကျန်းမာခြင်းက အိမ်ထောင်ရေးသုခတစ်ခုပါ။
Ref: 15 Signs Your Marriage Is Stronger Than You Think, According to Divorce Lawyers by JEN GLANTZ