မိုးရေပွင့်တွေအကြောင်း

အိပ်မက်တွေအကြောင်းပြောပြဖို့ နံနက်ခင်းတွေ အကုန်သေပေးရလိမ့်မယ်။

ဒိုင်ယာရီအဖုံးပေါ်က စာသားကိုဟန်ပါပါ ရွတ်ပြီး ခပ်ဟဟရီမောဖြစ်သည်။ တပေါင်းမင်း... တပေါင်းမင်း... အတော် ကဗျာဆန်ခဲ့တဲ့ကောင်။ လွန်ခဲ့သော၃ နှစ်ခန့်ကတော့ တပေါင်းမင်းဆိုသည်မှာ သူကြွေသက်မြေဆင်းခဲ့ရသော ကောင်မလေး တစ်ယောက်အကြောင်းကို ကဗျာမမီစာမပီ ဒိုင်ယာရီ တစ်အုပ်ရေးနိုင်အောင်ကို ခံစားချက်ပြင်း ထန်ခဲ့ဖူးသည်။ ခုတော့လည်း ဒီအဖုံးပေါ်က စာသားက အိပ်မက်တွေကိုဆန်လို့။

မိုးအေးသောတစ်နေ့မှာ ရုံးလည်း မပိတ်ခဲ့ဘူးဆိုလျှင်တော့ သူ၏ ရှုပ်ပွနေသော ဒီစားပွဲကို ရှင်းစရာအကြောင်းမရှိပါ။ ခုတော့ အပြင်ထွက်ရခက်အောင် သည်းနေသောမိုးရေက သူ့ကိုအခန်းတစ်ခန်းထဲ ပိတ်လှောင်လိုက်သလို ကိုယ့်စားပွဲကို ရှင်းစေခဲ့ပြီ။ ပထမဆုံး စတင်ရှင်းလင်းမိသည်က နှစ်အတန်ကြာမဖွင့်ဖြစ်ခဲ့သော အံဆွဲဖြစ်သည်။ အံဆွဲကိုဖွင့်လိုက်တော့ ဒီအံဆွဲဖွင့်ရန် အမြဲရှောင်ဖြစ်ခဲ့သော အကြောင်းတရားကိုတွေ့ရသည်။ 

အ၀ါရောင် ဒိုင်ယာရီလေးသည် အံဆွဲ တစ်နေရာတွင် လဲလျောင်းနေခဲ့သည်။ သူ့သက်ပြင်းက ပြင်းထန်သော မိုးသံထဲ ရောဖြာသွားသည်။ စိတ်ချလက်ချ အပြုံးဖြင့် ရဲတင်းစွာပင် ဒိုင်ယာရီကိုလှမ်းယူလိုက်သည်။ အံ့သြစရာ။ ဟိုတုန်းကတော့ ဒီစာအုပ်လေးတစ်အုပ်ကောက်ကိုင်ရုံနှင့် ဖျားနာတတ်အောင် နုနယ်ဖူးသည်။ ယောက်ျားတန်မဲ့ ဒီလောက်နုရသလားဟု ပေါက်ကွဲဖူးသည်။ အဲဒီ နောက်ပိုင်းဒီအံဆွဲရော ဒီစာအုပ်ပါ သူမေ့လျော့ခြင်းထဲ စိတ်ချလက်ချလျှောချခဲ့သည်။ ခုတော့ စာအုပ်သည် လက်ဟူသောခန္ဓာနှင့် ထိတွေ့ခြင်းထက် ဘာမှမပို။ လောကကြီး၏ ဖြစ်ပျက်မှုဝယ် သူ့ကြွေသက်မှုတွေသည်လည်း အချိန်ချော်ရည်တွေနဲ့အတူ မြောပါကုန်တာပဲ ဖြစ်လိမ့်မည်။ ၁၃… ၄၆... ၅၁… အလွတ်ရနေသော နံပါတ်အချို့ကို ခပ်သွက်သွက် ရေရွတ်လိုက်မိသည်။ ကျေနပ်စရာပါပဲ။ ခပ်ရဲရဲပေါ့ ။ ကြုံရာစာရွက်ကို လှန်ချလိုက်သည်။

စာမျက်နှာ ၆ 
ရူးမိုက်မိုက် ဒိုင်ယာလော့ခ်တစ်ခု အစပျိုးရာမှ သက်တန့်တစ်ခု… သူ့ဘ၀တွင် ပထမဆုံး ထွန်းသစ်ရသည်။ လှပသော မိုးရေစက်ကလေးများကိုဖုန်းဖြင့် ရိုက်လျက် Facebook ပေါ်သို့တင်ပြီး မိုးစက်ကလေးတွေအကြောင်းဟု ခေါင်းစဉ်တပ်မိတော့ တစ်စုံတစ်ယောက်က ကောမန့်လာပေးခဲ့သည်။ မဟုတ်ဘူး... မိုးရေပွင့်တွေ အကြောင်းတဲ့။

ချစ်ခြင်းကိုရဲတင်းပါလျက် မေတ္တာတရားအကြောင်း မ၀ံ့မရဲဖြစ်နေတတ်သူဆိုလျှင် စောလျင်စွာ နောက်ဆုတ်တတ်ဖို့ လိုပေသည်ဟူသော စာသားကို သူ့ Facebook မှာ မျက်နှာပြောင်ပြောင် ဖွင့်ဆိုပြန်တော့ သူမကချစ်ခြင်းအတွက် ဘယ်ခံ
တပ်မှ မလိုဟု ဝံ့ဝံ့စားစား ကောမန့်ပေးရင်း ရင်းနှီးခဲ့ပြန်သည်။  သူ၏ ဘာမှန်းမသိသော ဒိုင်ကိုသူမက ဘ၀ရှင်ဖွတ်ကျား မင်းတျားကြီး၏ ဘောက်ဆမဲ့ ဖွတ်ညက်ကြေမိန့်ခွန်းဟု ရီကျဲကျဲမှတ်ချက်ပေးရင်း ဒုတိယမ္ပိ ရင်ဘတ်ချင်း ငြိမိသည်။ 

စာသားအချို့ ဖတ်ပြီးသူပြုံးမိသည်။ ဟုတ်ပါရဲ့ ဇာတ်လမ်းအစတွေဟာ ရုပ်ရှင်တွေလိုပဲ အင်မတန် ရိုမန်တစ်ဖြစ်တတ်ကြပါတယ်။ ပြီးရင်တော့ ရင်ရွဲအောင် ငိုရပေတာပဲဗျ။ ကိုယ်တွေ့ကြုံပြောရရင် အချစ်မှာ ဒိုင်ယာရီမရေးဖို့ ကျွန်တော်ကတော့ အကြံပြုလိုတယ်။ ဒါပေမဲ့ ကျွန်တော်ဆက်ဖတ်ဖြစ်တယ်။ ကျွန်တော်ဟာ ကျွန်တော်မေ့ထား တဲ့ ကျွန်တော့်ကိုယ် ကျွန်တော် playback သံ အကောင်းဆုံးဖြစ်နေတဲ့မိုးသံနဲ့အတူ ပြန်လွမ်းသွားခဲ့တာမျိုး။

စာမျက်နှာ ၁၃
“နေခြည်ရဲ့ နွေးထွေးမှုကို မိုးရောက်မှ သိမှာ…”
ထူးခြားတဲ့ နှုတ်ဆက်ပုံနဲ့ ကောင်မလေးရဲ့ Messenger နှုတ်ခွန်းဆက်မှုကို ကျွန်တော်ဘယ်တော့မှ ဥပေက္ခာမပြုခဲ့ဖူးဘူး။ စောင့်မျှော်နေတယ်ဆိုရင် ပိုလို့တောင်မှန်လိမ့်မယ်။ 
“မိုးကိုမပေးဆပ်ဘဲ သက်တန့်လည်း မ တည်နိုင်ဘူး”
ဒီလို ကျွန်တော် ပြန်ဖြေတော့ သူပြန်ပြောတာ ဟဟတဲ့။ ဟုတ်တယ်။ ထင်တားတာထက် ရစ်သမ် ပိုညီခဲ့ခြင်းက အဲဒီရာသီကို ပိုချိုမြစေခဲ့တာအမှန်။
“အိပ်ပျော်နေပီလား” Messenger က သူမ လှမ်းပြောတော့သောကြာ ည ၉ နာရီ။
“No”
“ငါ ဆက်ဒိုးချင်လို့ သူငယ်ချင်းတွေက ပြန်သွားပီဟ။ လာခဲ့ပါလား…နောက်တနေရာ ဆက်သွားရအောင်”
ကျွန်တော်သိတယ်။ ဒီနေ့ကသောကြာနေ့ TGIF. ရန်ကုန်မြို့က လူငယ်တွေ လမ်းထွက်တဲ့ ည။ ကျွန်တော်တောင်ဘိုင်ကျလို့ အပြင်မထွက်နိုင်ခဲ့တာ။ သြော်... ခက်တော့နေပါပီ။
“အိမ်ပြန်တော့ ကိုယ် အိမ်ပြန်လိုက်ပို့ပေးမယ်။ ဘယ်မှာလဲပြော”
“အိမ်မပြန်ချင်ပါဘူးဆို”
“ဘယ်မှာလဲပြော လိုက်ပို့ပေးမယ်လို့”
“ထားလိုက် အိုခေသွားပီ။ အိမ်ကနီးနီးလေး ဒီနားတင် ပြန်တတ်တယ်”
“ဟေ့ဟေ့… အိမ်သေချာပြန်ဦး”
“စပါယ်ရှယ် နလပိန်းတုန်းကြီး”

အနိုင်နဲ့ အပိုင်တုတ်ပြီး active 1 mins ago ချက်ချင်းဖြစ်သွားရော။ သက်တန့်ဆိုတဲ့ ကောင်မလေးက အဲဒီလိုရယ်လေ။ ကျွန်တော်မှာသာ စပါယ်ရှယ်နလပိန်းတုံးကြီးအဖြစ် ကြွင်းကျန်ရစ်ရတာ။ နောက်တော့လည်း ပျော်တတ်တဲ့ 
ကျွန်တော်နဲ့ ပျော်နေတဲ့သူမ TGIF အချို့မှာ တွေ့ဖြစ်လာတယ်။ မိုးရွာတဲ့ညနေတွေမှာ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်အမော တစ်ယောက်ပြောရင်းအသောတွေဖြစ်လို့ ၀ါးလုံးကွဲရီမောခဲ့ကြတယ်။ အမှတ်တရဟာ ကမ္ဘာတစ်ခုစာထက်ကို ပိုသဲကွဲခဲ့တယ်။

စာမျက်နှာ ၂၁
ကျွန်တော်ကတော့ သက်တံဆိုသော မိုးတွင်းထဲမွေးသော ဒီကလေးမငယ်ကို အိုင်ထွန်းနေအောင် ချစ်မိနေပြီဆိုပါစို့။ နွေခေါင်ခေါင်ထဲ မွေးဖွားသော မောင်တပေါင်းနှင့် သက်တန့်ဆိုသော အမိလေးသည် နာမည်လေးတွင်မျှ မဆုံဆည်းနိုင်သော်ငြား နွေပူထဲ မုန်တိုင်းဝင်သည်ဆိုဆို ကျွန်တော့်၏ ပူပြင်းသောရာသီထဲသူ့ သက်တန့်လေးခုံးလျက် ရောင်စဉ်ခုနှစ်သွယ် ရှိလိုစေခဲ့သည်။ 

“မြေကြီးနှင့် ကောင်းကင်ကို ချိတ်နွယ်နိုင်တဲ့ မိုးတစ်စက်ဖစ်ခွင့်ရမလားဟင်...”

ထီးအမိုးက တစက်စက်ကျနေသော မိုးရေစက်တွေကို လက်ဖြင့်ခံရင်း သူမကခပ်ဆတ်ဆတ်ပြောတော့ သက်တန့်ကလေးက မိုးစက်ကလေးသာဖြစ်လိုမှန်း သူရိပ်စားမိခဲ့သည်။ သြော် သူမက မြေကြီးနှင့် ကောင်းကင်ကို ဆုံဆည်းစေချင်ခဲ့သူလား။ 

စာမျက်နှာအချို့ကို ဖိုသီဖတ်သီကျော်ကာသူလှန်လှော်ဖတ်ရင်း…။

စာမျက်နှာ ၃၃
မိုးရေစက်တွေကို စကားပြောတတ်တဲ့ မိန်းကလေးတယောက်ရှိခဲ့တယ်ဆို ယုံလိုက်ပါ။ ခုချိန်ဆို အိမ် တံစက်မြိတ်မှာ တွဲလွဲခိုနေတဲ့ မိုးရေစက်တွေ ဘယ်အပွင့် အရင်ကျမလဲဆိုတဲ့ အ လောင်းအစားလေး သူမ… ကစားနေလောက်ပြီ။ ခေတ္တခဏ မိုးခိုချိန်တွေမှာတောင် ထီးမိုးပေါ်ကတွဲလွဲခိုတဲ့ မိုးရေစက်လေးတွေကို သက်တံက အလွတ်မပေးခဲ့ဘူး။

“ကိုမင်း ဒီရေစက် ၂ ခု ဘယ်တစ်ခုအရင် ကျမယ်ထင်လဲ”
“ကိုယ်တော့ သက်တံ မျက်စိရှေ့က ဟာ လေးလို့ထင်တယ်”
“နိုး… ဒီဘက်ကဟာ အရင်ကျမှာ....” ကြည့်နေတုန်းမှာပဲ မိုးစက်ပွင့်လေး ဖြုတ်ခနည်း ကျကွဲသွားတယ်။
ဟေး... သူမ အော်ရီသံရယ်လေ။ ကြည့်စမ်း… ကျွန်တော်မှန်ပြီး သူမှားတယ်။ ဒါလည်း သက်တံဆိုတဲ့ကောင်မလေးက ပြုံးစိစိ။ သူမထပ်လောင်းတယ်။
“ကိုမင်း ညာဘက်ကလား ဘယ်ဘက်ကလား”
“ဘယ်ဘက်က...”
နောက်ထပ် အပွင့်ထပ်ကြွေတယ်။ ကျွန်တော်မှန်ပြန်တယ်။ သူမပိုပြုံးတယ်။ သူမ ပိုရှုံးတာပေါ့။ ကျွန်တော်က အဲဒီလောက်လေးတောင် အနိုင်မယူရက်တော့လို့ ရပ်ကြရအောင်ပြောလည်း သက်တံကတော့ ဆက်မေးဆဲပဲ။
“ကိုမင်း ဘယ်ဘက်ကလား ညာဘက်ကလား”
“ကိုမင်း ဘယ်ဘက်ကလား ညာဘက်ကလားဆို”
ကိုမင်း… ကိုမင်း… ကိုမင်း…။
အသံတွေတိုင်းမှာ စွတ်စိုမှုတွေရှိမယ်။ သိမ်ဖြူလမ်းမှာမိုးတွေ သည်းနေတုန်းပဲ။

စာမျက်နှာ၄၆
ဒီစာမျက်နှာ နံပါတ်ကို ကျွန်တော်မှတ်မိတယ်... အသက်ရှူကြပ်လို့ အဲဒီစာမျက်နှာကို မဖတ်မိဖို့ ခေတ္တရပ်နားထားရတယ်။ ဘာရေးထားတယ်ဆိုတာသိလို့ မဖတ်ချင်ဘူးလို့ ဖြစ်လာတဲ့စိတ်နဲ့ ထပ်တူဘယ်လိုခံစားရမယ်ဆိုတာသိလို့ ဖတ်ချင်တယ်လို့ ဖြစ်လာတဲ့ စိတ်... အဲဒီ စိတ်ကလေးအတွက်လည်း ၀မ်းနည်းမိပြန်တယ်။ ကျွန်တော်နဲ့ သူမဇာတ်လမ်းမှာ ဒီအခန်းဟာ ကျော်ဖတ်လို့ မရတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်တယ်။ အသက်ကို ၀အောင်ရှူတယ်။ ပိုချစ်တဲ့သူတိုင်း ပိုရှုံးမယ်။ ဆက်ဖတ်ရအောင်ပါ။

စာမျက်နှာ ၄၉
မိုးခြိမ်းသံ သိမ့်သိမ့်နဲ့ မိုးသည်းတဲ့နေ့။
“ခေါက်ထီးတစ်ချောင်းနဲ့တော့ နှစ်ယောက် လုံအောင်မဆောင်းဘူး”
အဲဒီလိုပြောရင်း ပြင်းထန်တဲ့မိုးစက်တွေမှ မကြောက်… ကျွန်တော်ထီးအောက်က ရုတ်တရက်ကြီး ဖယ်ခွာထွက်ပြေးတဲ့သူမကို နားမလည်နိုင် ခဲ့ဘူး...။ မိုးဘယ်လောက်သည်းသည်း ဘယ်လောက်ရွှဲရွှဲ မလုံမှန်းသိသော်ငြား အဲဒီခေါက်ထီးသေးလေးထဲမှာ သူမပခုံးလေးဖက်ရုံမျှ နွေးထွေးချင်ခဲ့ရုံပါ။ ဒါပေမဲ့ သူမထွက်ပြေးသွားခဲ့တယ်။ ကိုယ့်ကိုလုံစေပြီး ကိုယ့်ကိုကိုယ်ကျ ရွဲစိုစေဖို့ ရည်ရွယ်ခဲ့လေသလားလို့ နောက်တစ်နေ့ ကျွန်တော်မေးတော့ သူမဆိတ်ငြိမ်နေခဲ့တယ်။ ကျွန်တော့်မှာ သာဘာမှန်းမသိတဲ့ အကြောက်တရားနဲ့ ဒေဝေါ ကြီးကို စိုးရွံ့ရင်း...။ 

စာမျက်နှာ ၅၁
နောက်ဆုံးတစ်နေ့။ ကျွန်တော် ပိုက်ဆံအိတ်လေးကိုယူ စံပယ်ပန်းတွေ သူမ ၀ယ်ပေးဖူးတယ်။ အဲဒီ စံပယ်ခြောက်တွေလေ… ခုတော့ ရေစီးထဲမြောပါသွားပါပြီ။ နဘေးမှာ ကျန်ခဲ့တာ  မီးခိုးနံ့မျှပဲ။ ရက်စက်သောသူမ၏ နောက်ဆုံးဂီတ ကို ဒီမိုးသားထဲ လိမ့်ထည့်ရင်းရွာချ... ဒါဟာနောက်ဆုံးလမ်းခွဲဖြစ်ဖူးတယ်။ မုန်းစရာရှိ မုန်းလိုက်ပါတော့လား။ အခုတော့ ထီးကလေး ၁ ချောင်း ၂ ယောက်အတူဆောင်း မလုံလို့ ပစ်ပြေးတော့ ကောင်မလေးလည်းစိုသလို ကျွန်တော်လည်း ရွှဲတာပါပဲ။ ထီးအောက်က ထွက်ပြေးရုံနဲ့ ကျန်ရစ်သူမရွှဲ ကျန်ခဲ့တာမဟုတ်ဘူးဆိုတာ သက်တံကို သိစေချင်တာပါ။  ကျွန်တော့်ထီးက သူမဖြစ်ပြီး သူမအမိုးက ကျွန်တော်ဆိုတာ မိမိုးကသိအောင် ပြောမသွားဘူး။ သက်တံမရှိမှတော့ မိုးလည်းမဲ့ ရင်းအရာအားလုံးဟာ ၀ရုန်းသုန်းကား ရွှဲစိုကျန်ခဲ့ရတယ်။ သိမ်ဖြူလမ်းမှာ နောင်တတွေ အများကြီးပဲ။

မျှော်လင့်ထားသလိုပေါ့ အဆုံးသတ်က ခပ်မြမြ။ သူမဆီက Message မလာတော့ဘူး။ Call မ၀င်တော့ဘူး။ ဆိတ်​ငြိမ်ခြင်းအတိနဲ့ သူမပျိုးတဲ့ ရာသီဟာ လူမသိသူမသိသေဆုံးခဲ့ရတယ်။ နဂိုထဲ က ခြောက်သွေ့ပူလောင်ပြီးသားပါ သက်တံရယ်။ မင်းမို့  ထပ်မံမီးမြှိုက်လောင်ရက်တယ်။ ကျွန်တော့် ရဲ့ Hi ကို သူမပြန်လည်နှုတ်ဆက်ဖို့ ကမ္ဘာတစ်သန်းလောက်နီးနီး ဆုတောင်းခဲ့ရပေမဲ့ မပြည့်သော ဆုတောင်းခြင်းပဲရခဲ့တယ်။ Unknown User အဖြစ် Block ကာ ဖြတ်တောက်သွားပြီးနောက်…။  

စာမျက်နာ၅၃
အိပ်မက်တွေအကြောင်းပြောဖို့ နံနက်ခင်းတွေအကုန် သေပေးရလိမ့်မယ်။
ကိုယ့်အတွက်တော့ မင်းဟာ ပြန်မရတဲ့ မနက်ဖြန်။
ချစ်သောသက်တံရဲ့ မိုး… အမြဲဆက်လက် စိမ်းလန်းပါစေ။  ကိုယ့်လိုရွက်ကြွေလေးတွေ မင်းရဲ့တောမှာ အမြဲခြွေလို့ နင်းလျှောက်နိုင်ပါစေ။ 

လူတစ်ယောက်နှင့် တစ်ယောက်ဆုံဆည်းခြင်း ခွဲခွာခြင်းအတွက် စာမျက်နှာ ၅၀ ကျော်ပဲ လိုအပ်ခဲ့သည်လား။ စာမျက်နှာထက်များသော နင့်သီးမှုတွေအကြောင်းကတော့ ရင်ဘတ်ထဲမှာပဲအစိုင်အခဲကြီးစွာဖြင့် ကုဋေကုဋာရှိနေပေဦးမည်။ ဒါပါပဲ။ ဒီစာမျက်နှာတွေက ဒီလောက်မျှပါပဲ။ စာအုပ်လေးကိုဖတ်ခနဲ ပြန်ပိတ်ပြီး စိတ်ဒဏ်တွေအကြောင်းမတွေးမိဖို့ လျစ်လျူခြင်းဖြင့် နှလုံးသားကိုပစ်ချရသည်။ 

အံဆွဲထပ်ဆွဲကြည့်လိုက်တော့ အညိုရောင် လည်သာအိတ်လေး။ ဒီပိုက်ဆံအိတ်လေးကို ကျွန်တော် မသုံးဖြစ်ခဲ့တာကြာပီ။ လွန်ခဲ့တဲ့ ၃ နှစ် သူမနင့် ကျွန်တော်စာမျက်နှာ (၅၁) အတွက် နောက်ဆုံးတွေ့ခဲ့ချိန်က နောက်ဆုံးသုံးခဲ့သည်ဆိုပါတော့။ ခုတော့ အံဆွဲထဲ ၃ နှစ်တာ အိပ်မောကျသော ပိုက်ဆံအိတ်လေးက ပစ်ပါတော့လေဟု သံယောဇဉ် ဖြတ်ဟန်ဖြင့် မှောင်ကုတ်နေခဲ့သည်။ သူလည်း ဒီထဲ ဒီလောက် နှစ်ကြာရှည်ပျင်းရှာမှာပဲ...။ ကျွန်တော့်ကိုထားပြီး နောက်ထပ် ပိုင်ရှင်တစ်ယောက်ဆီသွားချင်ရှာမှာပဲ။ အကောင်းအတိုင်းရှိနေတဲ့ ဒီအိတ်လေးကို အမိုက်ပုံးထဲပစ်ထည့်လိုက်တာထက်စာရင် တစ်စုံတစ်ယောက်ကို ပေးလိုက်တာကမှ သူ့အတွက် ပိုလို့စိတ်သက်သာစေမယ်ထင်တယ်။ မတော်လို့ မိုးရေပွင့်တွေအကြောင်း သတိပြန်လည်ခဲ့လျှင် အဲဒီ တစ်စုံတစ်ယောက်ဆီက ပြန်တောင်းယူ ကြည့်နိုင်သေးတာပဲ မဟုတ်လား။ ဒါနဲ့  သူကအခုချိန်ထိသူမနဲ့ ပတ်သက်ရင် ဒီအိတ်လေးတောင် သံယောဇဉ် မပြတ်နိုင်သေးတာလား။ မဲ့ပြုံးဖြင့် ခေါင်းခါရမ်းမိသည်။ မချစ်လို့ ပစ်ပြေးသော ဒီမိန်းကလေးက သူ့အတွက် မိုးစက်ပွင့်တွေ မပွင့်ခဲ့ဘူးဆိုလျှင်တောင် သူကျေနပ်ခဲ့ပြီပဲ။ ကိုယ်ကိုကိုယ်နှစ်သိမ့်မှုဖြင့် ပိုက်ဆံအိတ်လေးထဲက ထည့်မိခဲ့သောကတ်တွေကို ပြန်ထုတ်ကြည့်နေမိသည်။ အော် အဲဒီတုန်းက သူအတော်အလုပ်လုပ်ခဲ့သည်။ မြောက်များစွာသော လိပ်စာကတ်တွေ။ လိပ်စာကတ်တွေ အဆုံးမှာ လိပ်ခေါက်နေသော စာခေါက်လေးတခု။ သေးကွေးလွန်းသဖြင့် သူပင် မနည်းဖြန့်ခေါက်ဖတ်ရသည်။

ဟင်…။ ဟိုတုန်းက... အမှတ်တရသည် အသိတွင် ပြန်လည်ဝေ့၀ဲလာသည်.။ 
နောက်ဆုံးနေ့။ စာမျက်နှာ(၅၁)။ အဲသည်နေ့က သူမက သူ့ဆီကနေ ပိုက်ဆံအိတ်တောင်းကာ စံပယ်ပန်းဖိုးလေး ရှင်းဖူးသောနေ့။  အံသြစိတ်ဖြင့် ရင်က လိုက်ခနဲဖြာသွားသည်။ ကြည့်စမ်း… ဒါ ကျွန်တော် မသိခဲ့တဲ့ သူမရဲ့ ဒိုင်ယာလောခ့်။ ဒါ … သက်တံ ရေးခဲ့တဲ့စာ...။ အံ့သြစိတ် မယုံမရဲစိတ်ဖြင့် စာရွက်တိုကို ဖြေဖတ်လိုက်တော့…
“ကို… ငါ ထီးတစ်ချောင်းကို ၂ ယောက်အတူ မဆောင်းလိုခဲ့ဘူး။ နင်နဲ့ငါ မိုးရေထဲမှာ ပြေးချင်ရုံလေးပဲ”
စာသားလေးက ဒီလောက်ပါပဲ။ စာအနွမ်းလေးကိုကိုင်လျက် အတိတ်သည် နင့်သီးစွာ။
ကျွန်တော်မှာသာ မိုးရေထဲ…နင့်သည်ထက် နင့်ရင်း…။ မိုးသည် ရွာဆဲ။

ကြယ်ရီလင်းစစ်