Love Poem

“ချစ်ခြင်းကောင်းကင်”

လမင်းဖြစ်ဖြစ်
နေမင်းဖြစ်ဖြစ်
ရင်ခုန်သံစစ်စစ်တွေနဲ့ ငါကတော့
အချစ်ကောင်းကင်ကို အဆင်သင့်ဖွင့်လို့...

ပူလိုလျှင် ပူ
အေးလိုလျှင် အေး
နင့်ရွေးချယ်မှုလေးအတိုင်းပဲ
မတုံ့မဆိုင်း ငါခံစားပစ်လိုက်ရဲပါတယ်...

အလင်းပြမလား ?
အမှောင်ချမလား ?
နင့်သဘောကျ ရှင်သန်ပြရင်း
နေ့စွဲတွေတိုင်းကိုပါ ငါ့အပြုံးတွေနဲ့ အလှဆင်ထား ပေးမလို့

တိမ်တွေနောက်မှာ ပုန်းရှောင်
ကြယ်ရောင်များစွာနဲ့ မျက်နှာပြောင်တိုက်
နင့်စိတ်ကြိုက်အကုန် လိုက်လျောပေးပြီး
အေးချမ်းခြင်းများစွာကို ယူဆောင်
ငါ့နှလုံးသားလေးကိုသာ ငါဘောင်ခတ်ထားလိုက် မှာပါ...
                                 ခါး (Tgi)

 

“ရင်ဘတ် f b”
 
အနမ်းဖွဲ့ မိုးတိမ်တွေ ကျိန်စာသင့်တုန်းလား
နှလုံးသားက အပြုစားခံဒဏ်ရာ
ကြံရာပါ လူနာဟာလည်း ဝေဒနာနဲ့...
အချစ်ငလျင် ပြင်းရင်တော့
အထိအခိုက်ကလေးရှိမှာပေါ့ကွယ်...
ဝေဒနာနဲ့ လူနာဟာလည်း ကြံရာပါ
အပြုစားခံနှလုံးသားက ဒဏ်ရာ
ကျိန်စာသင့်တုန်းလား အနမ်းဖွဲ့မိုးတိမ်တွေ...
လွယ်လွယ်လေးပါ အချစ်
မင်းမေတ္တာ တကယ်စစ်တယ်ဆို
Block တာ ပြန်ဖြည်ပေး
ကိုယ်ကပဲ ပြန် Add လိုက်ပါမယ်
မင်းဘက်က
လက်ခံပေးလိုက်ရုံမျှသာ...။
                                 ဇေယျာလင်းဝေ
 

“ကဗျာထဲက နှုတ်ခမ်းရာပြဌာန်းချက်”

နှင်းဆီရောင် အိပ်မက် ခပ်ဖွဖွထဲက
နှုတ်ခမ်းရာလေးတစ်ခုဟာ
နောက်ဆုံးတော့ ကဗျာထဲထိရောက်လာတယ်။
အဲဒီနှုတ်ခမ်းရာလေးမှာ
မျှော်လင့်ခြင်းအသစ်တွေ ပြဌာန်းထားပြီးတော့
ယုံကြည်ချက်နဲ့ ခရီးဆက်စေတယ်။
အဲဒီနှုတ်ခမ်းရာလေးမှာ
ရဲရဲတွဲထားတဲ့ လက်တွေပါတယ်
သဝန်တိုတတ်တဲ့ ကောင်လေးတစ်ယောက်ပါ တယ်
စိတ်ကောက်တတ်တဲ့ ကောင်မလေးတစ်ယောက် ပါတယ်
လွမ်းရင်ကျတဲ့ မျက်ရည်တွေလည်း ပါသေးတယ်။
အဲဒီနှုတ်ခမ်းရာလေးမှာ
မဟော်ဂနီရောင် ဆံရှည်တွေပါတယ်
ခပ်ဖြည်းဖြည်းမှိတ်ထားတဲ့ မျက်ဝန်းတွေပါတယ်
ဗီသိုဗင်မကြားခဲ့တဲ့ တေးသွားတွေပါတယ်။
အဲဒီနှုတ်ခမ်းရာလေးမှာ
ရင်ခုန်သံနဲ့ ပုံနှိပ်ထားတဲ့
ကျွန်တော်တို့ရဲ့ ဘဝတစ်ခုလုံးပါနေတယ်။
                                 ဒိုရာဂျူးနေ

 

“အမုန်းကြောင့် ညီမလေးမျက်ရည်ကျတာ ကျွန်တော်တွေ့ခဲ့ရတယ်”
 
ဒီထက့် ဒီ့ပြင်ကျကွဲဖို့ပဲရှိတဲ့ အကွဲအရှကို
"ခွမ်း"ခနဲ ထပ်မြည်အောင်
ဘာဖြစ်လို့ လိုချင်နေရတာလဲ
ရှင် ကတိမတည်ဘူး
ကျွန်မကို အိပ်မက်မက်တယ်
ရှင့်ရင်ဘတ်နဲ့ ရှင် အပင်ပန်းခဲ့တဲ့ပွဲမှာ
ကျွန်မကတော့ ဝလုံးလို လုံးဝပဲ
စစ်မရောက်ခင်ဖြစ်ဖြစ်
မြားကုန်တာပဲဖြစ်ဖြစ်
ရှင့်သတင်း ရှင် ပြန်ပြန်ပြောဖို့
ရှင့်ရဲ့အကြောင်း ကျွန်မ နားမကောင်းတာကြာပြီ
မလတ်ဆတ်မှုကို ပုပ်သိုးအောင်
ချောင်ပိတ်ရိုက်တဲ့အခါ
သတိရမှုနဲ့ ခုခံပါရစေ ဟုတ်လား
ရှင်ပဲ အပြောကောင်း
ကျွန်မ အကောင်းပြောနေတာ
ဒီခေတ်နဲ့ ဒီခေတ်
ရှင့်ခေတ်က ခစ်ခစ်ပဲရယ်ချင်တော့တယ်
ရှင့်ကို ကျွန်မ မြင်နေတယ်ထင်လား
ကျွန်မ ကျောပြင် ရှင့်အသွင်အပြင်
မှတ်တိုင်တစ်ခုလို ထားခဲ့ပြီ
လမ်းကျဉ်းကျဉ်းလေးထဲမှာတောင်
ကျွန်မရှင့်ကို ရှောင်နိုင်ခဲ့တာ
ပျောက်သောသူလည်း ရှာမနေချင်စမ်းပါနဲ့
နားလည်မှုက သိပ်အရေးကြီးတယ်ဆို
ရှင်နားလည်ပါ
ဒါ သိပ်အရေးကြီးတယ်
ရှင့်အတွက် ပေးစရာ မေတ္တာတရား
မရှိရေးချမရှိ ရေးချလိုက်ပြီ
ရှင်လက်ခံလိုက်ရတာတွေဟာ
ရှင်တောင်းဆိုခဲ့တဲ့ အရာတွေ
စိတ်ကူးပိုင်ရုံ ရှင်ငိုင်နေခဲ့ယုံပဲ ရှိမှာပေါ့
ပြောရင်းတောင်
ရှင့်ဘဝက အဟောင်းဆိုင်ထဲကိုရောက်သွားတယ်
ပြောရင်းတောင်
ကျွန်မစိတ် ရှင့်ကြောင့်ပျက်တယ်
ပြောရင်းတောင်
နားနှစ်ဖက်ပိတ် ခေါင်းယမ်းမိတယ်
ပြောရင်းတောင်
အသံကုန်ခြစ် ကုတ်ဖဲ့ချင်မိတယ်
ပြောရင်းတောင်
ပြောရင်းတောင်
ပြောရင်းတောင်
ကျွန်မ မျက်ရည်
ဒီမျက်ရည်
ဘာကြောင့်ကျတယ်ဆိုတာ
ပြောရင်းတောင်
မျက်ရည်ကျတယ်။
                                 နေယု (မတ္တရာ)