Love Poem

“နွေကြွေနှင်း”

လေတိုက်လို့လား
ကြွေလိုက်လို့လား
လေကြွေလေးပဲ မြတ်နိုးနေရ
မစိုရုံလေး ရွာတဲ့မိုးထဲ
ခြောက်အက်အက်ရင်ခွင်တစ်စုံသာ
အပူရှပ်လို့
အို... လေပြေ
တကယ်ကြွေမယ့်နှင်းပဲ
နွေရာသီဆီ ပို့ပေးပါ။    

                    လင်းပိုင်မှူး

“မျက်ရည်”

ဝမ်းနည်းမှုကို ဆေးကြောဖို့
ပျော်ရွှင်မှုတွေ ခပ်ယူတယ်
ယင်းထသလို ပျို့ပျို့နေတဲ့ မျက်ဝန်း
ရေပျံတွင်း တစ်တွင်းလို
အဖြေဟာ ကိုယ်မဖြေတတ်တဲ့ မေးခွန်းတွေနဲ့
တွယ်တာမဲ့ညတွေမှာ
ခေါင်းအုံးလေး မိုးမိသွားတယ်။    ။

                    ရဲထက်

“စိတ်မပါ လက်မပါ မျက်လုံးတွေနဲ့ စိတ်ပျက် လက်ပျက်တွေ့ရမယ့် မြင်ကွင်း”

စိတ်မပါ လက်မပါ အလှန်ခံရတဲ့ စာအုပ်တစ်လုပ လို
ရောက်ရာအရပ်က ငါ့ကိုဖတ်ပါ။
စိတ်မပါ လက်မပါ အဖောက်ခံရတဲ့ စာအိတ်တစ်အိတ်လို
လိပ်စာမကြည့်ပဲ ငါ့ကို ဖြဲပါ။
စိတ်မပါ လက်မပါ မှာသောက်တဲ့ ကော်ဖီတစ်ခွက်လို
အမှတ်သည်းခြေရှိရှိ ငါ့ကို ခါပါ။
စိတ်မပါ လက်မပါ မီးညှိလိုက်တဲ့ စီးကရက် အခိုးအငွေ့တွေလို
ငါ့ရဲ့ အဆုပ်ကို ရှိုက်ပါ။
စိတ်မပါ လက်မပါ သီဆိုဖူးတဲ့ သီချင်းတစ်ပုဒ်ရဲ့သံစဉ်လို
ငါ့ရဲ့ ဘဝကို ညည်းပါ။
စိတ်မပါ လက်မပါ ချစ်ခဲ့ဖူးတဲ့ အသည်းဗလာတစ်ခုလို
ငါ့ရဲ့ မေတ္တာတရားကို မြည်းပါ။
စိတ်မပါ လက်မါ မျက်လုံးတွေနဲ့ မြင်ကွင်းတစ်ခုကို ကြည့်လိုက်တယ်ဆိုရင်ပဲ
စိတ်လိုက်မာန်ပါ သေဆုံးနေတဲ့ လူတစ်ယောက်ကို
စိတ်ပျက် လက်ပျက်တွေ့ရလိမ့်မယ်...။    ။

                      နေယု (မတ္တရာ)

“အလွမ်းအပိုင်းအစများ၏ အချစ်အရင်းအမြစ်”

တစ်မနက်ခင်းလုံး ဖွင့်ကြည့်မှ
တွေ့ရတာက အဖူးအငုံအဆင့်
ရောက်သင့်လို့ သွားခဲ့တဲ့ခရီး
တောက်သင့်လို့ မွှေးခဲ့တဲ့မီး
မဆုံးတမ်း ဆွတ်ပျံ့ခဲ့ပြီပဲ
မနေ့က စိတ်ကူးတွေ ကျန်ခဲ့ပြီ
ပဲ့ကြွေသံ တစ်ပိုင်းတစ်စနဲ့
ဓားရေးပြကွက်တွေလည်း ထားခဲ့
ညစ်သင့်လို့ နွမ်းခဲ့တဲ့စိတ်
ပစ်သင့်လို့ လွှင့်ခဲ့တဲ့အိတ်
အတိတ်ကိုပြန် အသက်သွင်းမရတော့
အရာရာက ပုံမှန်အတိုင်း
နေထွက်က နေဝင်သွား
လေညှင်းတစ်ပွေ့မှာ
အသစ်တွေ့သင့်သလောက်တွေ့ခဲ့ပြီ
အချစ်မေ့သင့်သလောက် မေ့ခဲ့ပြီ
ဒီလို ဝန်ခံရဲပါရဲ့...။    ။

                     ဇေယျာလင်းဝေ

“အဆန်ခရီး၌ စုန်စီးလိုက်ပါရန် အသင့်”

ဘဝက အဆန်ပါဆိုမှ
အရှုံးပေးပြီး ခေါင်းငုံ့ပြန်တတ်တဲ့
ကိုယ့်အကျင့် သန္ဓေက
သိပ်ခေါင်းမာနေခဲ့

အမှန်ဆို
ဘယ်နှစ်ကြိမ်မြောက် ပြန်ဆုံဆုံ
ကိုယ့်စိတ်ကိုကိုယ် လိပ်ပြာလုံချင်ရုံလေးသာ
မြတ်နိုးမိဖူးတာမို့

ပျော်ပါ ပါးပါ ပြဿဒါးရယ်
သူများ နှလုံးသားပေါ် စင်္ကြန်တက်လျှောက်မိမှာနဲ့ စာရင်
ကိုယ့် ပြက္ခဒိန်လေးမှာ ရက်ရာဇာတွေ လစ်လပ်သွားတာက
ပို အဓိပ္ပာယ်ရှိပါတော့ရဲ့။    ။
                    ခါး (Tgi)