ကြံရည်ရောင် ဘရာစီယာ

ပူပြင်းတောက်ပတဲ့ နေရောင်ခြည်အောက်မှာ မပွင့်နိုင်တဲ့ အဖူးတွေနဲ့ ပိတောက်ပင်ကြီးတစ်ပင်ဟာ တိုက်ရဲ့နောက်ဖက်အိမ်က ခြံဝင်းထောင့်မှာရှိတယ်။ ကိုယ်နေတဲ့ တိုက်ခန်း ၅ ထပ်က ကြည့်ရင် ပိတောက်ပင်ကြီးရဲ့ အလယ်လောက်နဲ့မှ အတည့်မြင်ရလောက်အောင်ကြီးတဲ့ အပင်ကြီးပါ။

နောက်လေးငါးဆယ်ရက်ကြာရင် သင်္ကြန် ရောက်တော့မှာမို့ မိုးကလည်းရွာချင်သလိုလိုနဲ့ အုံ့ဆိုင်းနေပါတယ်။ ဒီရာသီဥတုကတော့ ခံစားရအခက်ဆုံးရာသီချိန်နဲ့ အပူဒဏ်ပါပဲ။ အုံ့ဆိုင်းလာချိန် ခဏလေးလည်း မီးမြှိုက်ထားသလိုပဲ ပူတယ်။ ဒီလို အုံ့ပျလာပြီဆိုမှဖြင့် လေကလည်း သစ်ရွက်ကလေး တစ်ရွက်တောင် မလှုပ်နိုင်အောင် ငြိမ်သက်နေတတ်ပြန်ရော။ သင်္ကြန်မိုးလေးရွာလိုက်မှသာ ဒီအပူကငြိမ်းပြီး အခုအရုပ်ဆိုးနေတဲ့ ပိတောက်ပင်ကြီး ဟာလည်း တစ်ပင်လုံးဝါထိန်ချက်ချင်း မျက်လှည့်ပြသလို လှပလာတော့မှာလို့ နောက်ဖေးဝရန်တာမှာ ယပ်တောင်လေးတစ်ချောင်းနဲ့ တွေးနေမိပါတယ်။

မီးက ပျက်နေတယ်လေ။ အခန်းထံမှာ အဲရ်ကွန်းဖွင့်ပြီး နေချင်လို့မရလေတော့ လေကလေးရလိုရငြား နောက်ဖေးဝရန်တာကိုပဲ ထွက်ထိုင်ရ တော့တာပေါ့။ ခေါင်းပေါ်မှာကတော့ မနက်က လျှော်လှမ်းထားတဲ့ အင်္ကျီနဲ့ တီရှပ်လေးငါးထည်က တိုးလို့တွဲလောင်း။ နေ့တစ်ဝက်မကျိုးသေးဘူး။ လုံးဝခြောက်သွေ့နေပြီ နွေရဲ့ ပူချက်ကတော့ ပြင်းပါဘိခြင်း။

နောက်ဖက်က အိမ်ကတော့ တစ်ထပ်တိုက်ပုလေးပါ။ ခြံထောင့် ပိတောက်ပင်ကြီးရဲ့ ဘေးကွက်လပ်မှာ ကြိုးတန်းနဲ့အပြည့် အဝတ်တွေလှန်းထားတာကို တွေ့ရတယ်။ ယောက်ျားအဝတ်အစားက နည်းပါတယ်။ အများစုက မိန်းမအင်္ကျီတွေပဲ။ ရေတွက်ကြည့်တာ ထူးထူးခြားခြား ဘရာစီယာက ချည်း ၁၂ ထည်ပါတယ်။ အဖြူ၊ အညို၊ အနက် အစုံပဲ။

အဲဒီ အဝတ်ကြိုးတန်းကိုငေးရင်း ငယ်တုန်းက အညာမှာနေခဲ့ရတဲ့ ကလေးဘဝကို ပြန်သတိရမိပါတယ်။ အညာမှာလည်း ခုလိုပဲ ခြံဝင်းကကျယ်တော့ အဝတ်ကြိုးတန်းကို အပြင်နေပူပူမှာထားပြီး လှန်းကြရတာပဲ။ အမေက အဝတ်တွေလျှော်ပြီးတာနဲ့ အဝတ်လှမ်းရမယ့် တာဝန်က အငယ်ဖြစ်တဲ့ ကျွန်တော်ပဲလေ။ အဲဒီအခါလည်း အခုလိုပဲ ဘရာစီယာတွေပါတာပေါ့။ အိမ်မှာက အမေရယ်၊ အစ်မ ၃ ယောက်ရယ်ဆိုတော့ ခုလိုပဲဘရာစီယာတွေဟာ တစ်ခါတစ်ခါလျှော်ရင် ဘယ်နည်းလိမ့်မလဲ။

အဲဒီလို ဘရာစီယာတွေကို ကြိုးတန်းမှာလှန်းရတဲ့အလုပ်ကို ကျွန်တော်ဟာ ဘယ်တော့မှ မလုပ်ချင်ခဲ့ပါဘူး။ သူဟာ တခြား ပုဆိုးတွေ၊ အင်္ကျီတွေ လှန်းရတာနဲ့ မတူဘူးလေ။ အဝတ်ချိန်တွေကနေ သူပြုတ်မကျလေအောင်၊ ပခုံးသိုင်းကြိုးလေးတွေကို ကလစ်နဲ့သေချာညှပ်လှန်းရတယ်။ ဒီဟာက ကရိကထပိုတဲ့အပြင် ယောက်ျားလေးဖြစ်နေတော့ ကျွန်တော်က မလုပ်ချင်တာနဲ့ တူပါရဲ့။ ဒီဘရာစီယာတွေကိုမြင်တိုင်း ရင်ထဲကိုမပျက်မကွက်ရောက်လာတာကတော့ (လောလောဆယ်မှာတော့) နောက်ဆုံးထားခဲ့တဲ့ ရည်းစားကောင်မလေး။ သူ့ နာမည်က “မေ”တဲ့။

အဝတ်ကြိုးတန်းမှာ ဘရာစီယာတွေ သွားလှန်းရတိုင်း၊ ညနေဖက်ခြောက်လို့ သွားရုတ်ရတိုင်းမှာ ကျွန်တော်ဟာ၊ ဒီဟာတွေကို ယူလာကိုင်လာရတာ မကြိုက်ကြောင်း၊ မလုပ်ချင်ကြောင်းကို အမေတို့ အမတို့သိအောင် အမူအရာအားဖြင့် ပြသလေ့ရှိပါတယ်။

အဲလိုအခါ အမေကများသောအားဖြင့် မသိယောင်ဆောင်နေတတ်ပေမယ့် တစ်ခါကတော့ ဟောဒီလိုခေါင်းကိုခေါက်ပြီး ပြောဖူးပါတယ်။

“ဘာ... နင်က ယောက်ျားလေးမို့လို့ ဘရာစီယာတွေကို မကိုင်ချင်ဘူး၊ မလှန်းချင်ဘူး၊ ဟုတ်လား။ ဟင်း... ဟင်း... ခုတော့ ဒီလိုပေါ့ကွယ်။ နောက်များတော့ နင်ဆိုတဲ့ကောင်ဟာ ဘရာစီယာကို ကိုင်ချင်လွန်းလို့ တားမနိုင်ဆီးမရဖြစ်တဲ့အချိန်ကိုရောက်လာဦးမှာပါ သားရယ်၊ သိပ်မကြာပါဘူး” တဲ့။

မဲ့ခါရွဲ့ခါရယ်မောရင်း အဲဒီလိုပြောတာက အိမ်ကရက်ကန်းအလုပ်သမားတွေရယ်၊ အမလတ်ရယ်ရှေ့မှာပါ။ ကျွန်တော်ကရှက်ပြီး လက်ထဲက ဘရာစီယာတွေအပါအဝင် အဝတ်တွေကို မီးပူထိုးရမယ့် စားပွဲပေါ်ပစ်တင်ပြီး အိမ်ထဲဝင်ပြေးသွားတော့ သူတို့က ရယ်မောကျန်ရစ်ကြတယ်။

အမေက အညာသူပီပီ စကားပြောရင် ဟောဟောဒိုင်းဒိုင်း ခပ်ကြမ်းကြမ်းပြောလေ့ရှိတယ်။ အသံကလည်း ကျယ်ပါဘိခြင်း။ အခုလည်း သူ့အသံကို ဘေးအိမ်တွေကပါ ကြားတာမို့ နောက်နေ့  တွေမှာ အဝတ်ထွက်လှန်းရင် ဘေးအိမ်တွေက ကျွန်တော့်ကို လှမ်းလှမ်းစတာခံရပြီလေ။ “ဟေ့... စိုးနိုင်...၊ ဒီနေ့ ဘရာစီယာ ဘယ်နှစ်ထည်လဲကွ” ဆိုတာမျိုးပေါ့ဗျာ။ လူပျိုဖော် မဝင့်တဝင် ကောင်လေးတစ်ယောက်အဖို့၊ ဘာကိုရှက်မှန်းမသိ အရှက်သည်းခဲ့ရဖူးပါတယ်။

အဲဒီ ဘရာစီယာများဟာ တကယ်တော့ အဝတ်ကြိုးတန်းမှာတင် ကြုံရဆုံရတာ မဟုတ်ပါဘူး။ တော်တော်ပဲ ရေစက်ရှိပါတယ်။ အိမ်က ရက်ကန်း ရုံအပြင် အပ်ချုပ်လုပ်ငန်းလည်း လုပ်တော့ ချုပ်တဲ့ထဲမှာ ဘရာစီယာနဲ့ ဘော်လီက အဓိကဖြစ်နေပြန်ရောဗျ။

ကျွန်တော်တို့ ငယ်စဉ်ချိန်ခါတုန်းက အဲဒီ ဘရာစီယာတို့ ဘော်လီတို့ဟာ ခုလိုကြုံရာဆိုင်မှာ အဆင့်သင့်၊ ပေါပေါများများရှိနေတာ၊ တင်ရောင်းနေတာမျိုး မဟုတ်ပါဘူး။ အပ်ချုပ်ဆိုင်တွေနဲ့ မကင်းနိုင်သေးတဲ့ ခေတ်။ အညာမှာဆိုတော့ ဘရာစီယာဝတ်သူထက်၊ ဘော်လီနဲ့ ရှင်မီးအင်္ကျီတွေ ဝတ်သူကတော့ ပိုများပါတယ်။ 

ကတ်ထူပြားပုံစံတွေနဲ့ ပိတ်စတွေပေါ်မှာ ဘော်လီခွက်တွေ၊ ကိုယ်ထည်တွေကို ခဲခြစ်ခိုင်းတာ၊ ကတ်ကြေးနဲ့ ညှပ်တာတွေ ကူလုပ်ရတဲ့အခါ စိတ်ကအကြီးကြီး ညစ်မိခဲ့တယ်။ အထူးသဖြင့် အိမ်ကို အတန်းထဲက သူငယ်ချင်းတွေလာတဲ့အခါ အလိုလိုရှိုးတန်းရှန့်တန်ဖြစ်မိတယ်။ ယောက်ျားတစ်ယောက်နဲ့၊ အဲဒီမချုပ်ရသေးတဲ့ ဘော်လီအင်္ကျီ ဖြတ်စအပိုင်းတွေဟာ ဘာမှ မဆိုင်သလို ခံစားချက်က ဘာကြောင့်ရနေမှန်းလည်း မပြောတတ်ပါဘူး။ အိမ်က အလုပ်ကို ကူလုပ်နေတာလို့ သိပေမယ့် ဒီဟာတွေကို မကိုင်ချင် မတွယ်ချင် မုန်းတီးမိတာ ခဏခဏ။

မုန်းတီးတဲ့ကြားကပဲ အဲဒီဘော်လီနဲ့ ဘရာစီယာတွေအကြောင်းကို၊ ကျွန်တော်ဟာ တော်တော်သိသူတစ်ယောက်ဖြစ်လာပါတယ်။ ကျောဖက်က ဘော်လီချိန်တွေမှာ ချိတ်ကို ဘယ်လိုထည့်ချုပ်တာလဲ၊ ချိတ်ကြီးနဲ့ ချိတ်လတ်၊ ချိတ်သေးတွေအ ကြောင်း၊ သံချိတ်နဲ့ ကြေးဝါချိတ်ကွာပုံအကြောင်း၊ ချိတ်ကို ဓါးတိုနဲ့ ဓါးရှည်မှာ ဘယ်နှစ်ခုစီထည့်တာလဲ၊ အစိတ်အကျဲ ဘယ်လောက်ထားသလဲဆိုတာတွေ အကုန်သိ၊ ရန်ကုန်သိမ်ကြီးဈေးကလာတဲ့ ချုပ်ထည် ၁၀ ထည်စည်းတွေကြောင်းလည်းသိ၊ ကျောချိတ်မထားဘဲ ရှေ့မှာချိတ်လာလို့ရတာလည်းသိ၊ သိဆို ရိုးရိုးကော်ကြယ်သီးတွေနဲ့ တပ်ဝတ်တဲ့ ခပ်ပေါပေါ ရှင်မီးအင်္ကျီကအစ၊ တစ်ခုတည်း နှစ်ခုတည်းပါတဲ့ ချိတ်ကလေးကိုတောင် မမြင်ရအောင် ဝှက်ပြီး တပ်ထားတဲ့ လက်သန်းကြိုး ဘရာစီယာတွေအထိကို ပတ်သက်ခဲ့ရပေသကိုးနော်။

ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲရင်း ရင့်ကျက်လာတဲ့အရွယ်၊ အမေလည်း ကွယ်လွန်တာ နှစ်အတော်ကြာပြီဖြစ်တဲ့အရွယ်မှာတော့ ကျွန်တော်ဟာ ငယ်စဉ်က အမေအော်ကြီးဟစ်ကျယ် ပြောဖူးခဲ့တဲ့ ဘရာစီယာဆိုင်ရာ မှတ်ချက်ကို ပြန်ကြားရင်း၊ သြော်... အမေ့စကား မှန်လိုက်တာလို့ လွမ်းစိတ်နဲ့ တွေးတောမိပါတယ်။

ဟုတ်တာပေါ့။ အခုတော့ ကျွန်တော့်လက်ဟာ ဘရာစိယာကို ကိုင်တွယ်ရမှာ မရဲ့မဝံ့ရှက်ရွံ့နေတာတွေ ဘယ်မှာရှိတော့လို့တုန်း။ လူကလည်း အရင်ရွှေဘိုမှာနေတဲ့ မဲမဲပိန်ပိန် ကုပ်ချောင်းချောင်း အညာသား တောသားလေး မဟုတ်တော့ဘူးလေ။ ရန်ကုန်မှာနေတယ်။ ရုပ်မလှပေမယ့် ဘော်ဒီလှရင်လည်း ကောင်မလေးတွေက သဘောကျတတ် တယ်ဆိုတာသိပြီး Gym မှန်မှန်သွား၊ သေချာ ဂရုစိုက် ဝတ်စားတတ်တဲ့ ငနဲတစ်ကောင် ဖြစ်လာပြီကိုးဗျ။

ခုလက်ရှိရည်းစား “မေ”နဲ့ စတွေ့တာလည်း ပြောမယ်ဆို ဘရာစီယာအကြောင်းက ပါသေး တယ်။ မေနဲ့က ကျား၊ မ ၂ ချိန်ခွဲထားတဲ့ Gym မှာ အဝင်အထွက်ဆုံနေကြရင်းနဲ့က ကြိုက်သွားတာလေ။ ဘော်ဒီအလွန်လှပသော မေဟာ ရင်အလှ ခါးအလှ ပေါ်လွင်အောင် သေချာချုပ်ထားတဲ့ မြန်မာအင်္ကျီ ပါးပါးကျပ်ကျပ်ကလေးတွေချည်း ဝတ်တတ်တယ်။ အဲဒီတော့ မေဝတ်တဲ့ ဘရာစီယာလေးတွေဟာလည်း မကြည့်ချင် မြင်လျှက်သားဆိုသလိုပေါ့ဗျာ။ အကောင်းစားမှန်း သိသာတာလေးတွေချည်း သူကဝတ်လေ့ရှိတာဗျ။

ဒီနေ့က အသားရောင်၊ နောက်နေ့ကျ အနက်၊ ဒီတစ်ခါကတော့ ကြိုးပျောက်လေးပါလား။ ဟော... လက်တစ်လုံးစာ Single hook လေး ဝတ်ပြန်ပြီ စသဖြင့် နေ့တိုင်းလိုပဲ ကျွန်တော်က သတိပြုကြည့်မိပါတယ်။ ကိုယ်က ဒီဘရာစီယာမျိုးစုံနဲ့ ငယ်စဉ်ကတည်းက ထိတွေ့ရင်းနှီးခဲ့တဲ့ သူပေကိုး။

တကယ်တော့ အထက်မှာ ကျွန်တော်က မကြည့်ချင်မြင်လျှက်သားဆိုခဲ့တာ မမှန်ကန်ပါဘူး။ ယောက်ျားသဘာဝ၊ ကြည့်ချင်မြင်ချင်လို့ကို “ကြည့်ချင်မြင်လျှက်သားဖြစ်တာလို့ ဆိုမှမှန်မှာပါ။ Gym မှန်မှန်ကစားတဲ့ မိန်းကလေးဆိုတော့ မေ့ကိုယ်လုံးလေးက ရင်ရော တင်ရော ဘာမှအပြစ်ဆိုဖွယ်မရှိ ခါးသေးရင်ချီ ပဒုမ္မနီ။ သူဝတ်တဲ့ ဘရာစီယာမျိုးစုံ အမိုက်စားလေးတွေနဲ့ လိုက်ဖက်လှပ၏ပေါ့ဗျာ။ စိတ်ထဲက အမှတ်ပေးမိတာပဲ။

အဲဒီလိုငမ်းတဲ့ မျက်စိနဲ့တစ်ဖုံ၊ အကြောင်းမရှိ အကြောင်းရှာ အဝင်အထွက်နှုတ်ဆက်၊ အအေးဆိုင်လေး ဘာလေးအတူထိုင်ခြင်းနဲ့ တစ်နည်းနဲ့၊ သိပ်မကြာခင်မှာပဲ မေနဲ့ ကျွန်တော်ချစ်သူဖြစ်လာ ကြပါတယ်။ ဖြစ်လာမယ်ဆိုတာကိုလည်း ကျွန် တော်က ပိုင်ပိုင်နိုင်နိုင် တွက်ဆခဲ့နိုင်သူပါ။

“ကိုစိုးနိုင်က ကစားတာကြာပြီထင်တယ်၊ ဘော်ဒီက ကျစ်လျစ်နေတာပဲ မတ်ဆယ်လ်ဒက်ဖနေရှင်း အတော်ကောင်းနေပြီ။ Six Packs တောင် အတော်မိုက်နေပြီဆိုတဲ့ မှတ်ချက်တစ်ခုစီကို ကျွန်တော်ဆိုတဲ့ ကောင်က ကောင်းကောင်းသရုပ်ခွဲ တတ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ မျက်လုံးအကြည့်၊ စကားအသွားအလာတွေကို ကြည့်ပြီး သူဟာ ကိုယ့်ပိုက်ကွန်ထဲရောက်လာမှာလား၊ မရောက်လာဘူးလား၊ သူ့ဟာသူ ပိုက်ကွန်ထဲတိုးဝင်လာမှာလား၊ ကိုယ်က ကွန်ပစ်ဖမ်းရမှာလားဆိုတာ ကောင်းကောင်းသိတာပေါ့။

ကျွန်တော်ဆိုတဲ့ ကောင်က သူတို့ဝတ်တဲ့ အတွင်းခံဘရာစီယာတွေတောင် ရင်သားပုံစံအမျိုးမျိုးအတွက် အကြီးအသေး၊ ပုံမာ ပုံပျော့ အမျိုးစုံ ဒီဇိုင်းစုံအောင် ကတ်ထူပြားတွေနဲ့ ပုံညှပ်ထုတ်ပေးဖူးတဲ့ကောင်၊ မိန်းမတစ်ယောက်မြင်တာနဲ့ ဘရာစီယာ ဘယ်နံပါတ်၊ ဘယ် Size ဘာအမျိုးအစား ဝတ်သင့်တယ်ဆိုတာ တန်းပြီးပြောနိုင်တဲ့ ကောင်ပါဗျာ။

အပူဒဏ်သက်သာရာ ရလိုရငြား အခု နောက်ဖေးဝရန်တာမှာ ထွက်ပြီး ထိုင်နေမိတဲ့ ဒီတိုက်ခန်းဟာ ကျွန်တော့်ရဲ့ ကွန်းခိုရာ လူပျိုရိပ်သာဆိုပါတော့။ ဘဝရဲ့အချိန်အတော်များများဟာ ဒီနေရာလေးမှာပဲ ကုန်ဆုံးတယ်။ ကျွန်တော်ဟာ သူများတကာလို ခရီးသွားတာ၊ အပေါင်းအသင်းနဲ့ ဟိုလည် ဒီလည်၊ ဆိုင်တကာ ထိုင်ဆိုတာမျိုးတွေလည်း ဝါသနာမပါတော့ ရုံးသွားချိန် Gym သွားချိန်နဲ့၊ မနီးမဝေးမှာနေတဲ့ အစ်မများအိမ်ကို (ထမင်းသွား စာရင်း၊ အဝတ်လျှော်စရာသွားပို့ရင်း)ရောက်တဲ့ အချိန်လောက်ပဲ အပြင်ထွက်တတ်တာ။

မကြာလှသေးတဲ့ ဆောင်းအကုန် နွေအကူး၊ သာယာတဲ့နေ့လေးတစ်နေ့မှာ မေဟာ ကျွန်တော့်  ဖိတ်ခေါ်မှုနဲ့ ဒီအခန်းကို လိုက်လာခဲ့ဖူးတယ်။ “အကို့အခန်းကို လိုက်လည်ပါလားမေ”လို့ ကျွန်တော်က ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်တော့ မေက ရှက်သွေးဖြာနေတဲ့ မျက်နှာလေးကို ချက်ချင်းပဲ ပြန်လည်ပြင်ဆင်ရင်း ရယ်ရယ်မောမောဆိုပါတယ်။

“အင်း... ယောက်ျားလေးတစ်ယောက်တည်း တိုက်ခန်းတစ်ခန်းမှာ ဘယ်လိုများနေမှာပါလိမ့်ဆိုတာကိုတော့ စိတ်ဝင်စားသားပဲ၊ လိုက်ကြည့်ရဦးမယ်၊ အကိုက ဝတ်ထားစားထားရင်တော့ စမတ်ကျနေတာပဲ၊ အိမ်ထဲမှာတော့ နတ်ဘုံလား၊ အမှိုက် ပုံလားဆိုတာကို မေက သိချင်တယ်ရှင့်”တဲ့။

ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ခေသူမှ မဟုတ်တာလေ။ သူလိုက်လာမယ်ဆိုတာသိတဲ့ နောက်တော့ ဟောဒီလို ချက်ချင်းတုန့်ပြန်ပြီး သူ့ခါးလေးကိုဆွဲဖက်လို့ ကိုယ့်ရင်ခွင်ထဲ ထည့်ထားလိုက်တာပေါ့။

“ကြည့်ထားရမှာပေါ့ မေရယ်၊ နောက်ကျရင် မေက အိမ်ရှင်မအဖြစ်နဲ့ နေရမယ့်နေရာပဲဟာ၊ သိပ်ကြည့်ထားသင့်တာပေါ့”

မေက ဘာမှမပြောဘဲ နှုတ်ခမ်းထောင့်ကို တွန့်ကွေးပြီး မျက်စောင်းချီလို့ မော့ကြည့်နေပါ တယ်။

အဲဒီနေ့က မေဟာ ကျွန်တော့်အခန်းလေးကိုရောက်၊ သန့်ရှင်းသပ်ရပ်တဲ့ ဘုရားခန်း၊ ဧည့်ခန်းနဲ့ မီးဖိုချောင်တွေကို လှည့်ပတ်ကြည့်၊ စကားမရှိ စကားရှာ လှည့်ပတ်ဟိုပြောဒီပြော။ ကိုစိုးနိုင်က မဆိုးဘူး၊ ယောက်ျားလေးပေမယ့် အိမ်သန့်ရှင်း အောင်နေတတ်သားပဲ ဆိုတာကို သုံးလေးခါပြော ရင်း နောက်ဆုံးနေရာ ကျွန်တော့်အိပ်ခန်းထဲကို ရောက်တဲ့အချိန်မှာတော့ မကုန်သေးတဲ့ဆောင်းကြောင့် အလင်းရောင်ဟာ အတော်နည်းသွားပြီ။ ခန်းဆီးတပ်ထားတဲ့ ပြတင်းတွေကြောင့် အခန်းလေးဟာ မှောင်နေတာပေါ့။

“မီးခလုတ် ဘယ်မှာလဲဟင်” လို့ မေးရင်း ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တဲ့ မေရဲ့ လက်ကအေးစက်နေသလို အသံကလည်း စိတ်လှုပ်ရှားနေတာကို မနည်းထိန်းပြီး ပြောနေရတဲ့အသံဆိုတာ ကျွန်တော်သိတယ်။

နောက်မှ ဖွင့်မယ်လို့ တိုးတိုးပြောရင်း မျက် နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်တယ်။ ကိုယ်လုံးချင်းပူးကပ်နေအောင် တမင်တင်းတင်းဖက်ရင်း ငုံ့ပြီး နဖူးလေးကိုနမ်းတဲ့အခါ မေဟာ ဘာအသံမှ ထွက်မလာတော့ဘဲ မျက်နှာလေးမော့လာပါတယ်။ ဒါဆိုရင် နှုတ်ခမ်းလေးကို နမ်းလို့ရပြီဆိုတဲ့ အသိနဲ့ ရှေ့ဆက်ရင်း နောက်ကျောက အင်္ကျီဇစ်ကို ဆွဲတင်လိုက်ပါတယ်။ သူဟာ ဒီနေ့ကျောဇစ်နဲ့ အင်္ကျီဝတ်လာတယ်ဆိုတာ၊ တက္ကစီပေါ်မှာကတည်းက ကြိုကြည့်ထားပြီးသားလေ။ ပြီးတော့ တစ်ဆက်တည်းပဲ ဘရာစီယာချိတ်ကို တစ်ချက်တည်းနဲ့ ဖြုတ်လိုက်ပါတယ်။

အဲဒီအခိုက်မှာ မေဟာ ငါးစက္ကန့်လောက် မလှုပ်မယှက်နဲ့ ငြိမ်နေလေတော့ ဆက်ပြီးဇစ်တွဲပြီးသား အင်္ကျီနဲ့ချိတ်ဖြုတ်ပြီးသား ဘရာစီယာကို တစ်တွဲတည်းပင့်ပြီး ချွတ်လိုက်တော့မယ်အလုပ်မှာ မေဟာ သတိဝင်လာဟန်နဲ့ ကျွန်တော့်ကိုတွန်းလိုက် ပါတယ်။ သူ့ ကိုယ်လုံးဟာ ရုတ်တရက်တောင့်တင်းသွားတယ်။

“နေပါဦး ကိုစိုးနိုင်... ရှင်က ဘာလို့ ကျွန်မ ဘရာစီယာချိတ်ကို တစ်ချက်တည်းနဲ့ ကျင်ကျင်လည်လည် ဖြုတ်တတ်ရတာလဲ။ ရှင့် ကြည့်ရတာ ဒီလိုဖြုတ်နေကျ၊ သိပ်ကျွမ်းကျင်လွန်းနေသလိုပဲ”

မေ့ဆီက မမျှော်လင့်တဲ့ အဲဒီစကားသံကြောင့် ကျွန်တော်လည်း ရုတ်တရက် ဘာပြန်ဖြေရမလဲလို့ စကားစရှာမရဘူး။ မှောင်နေတဲ့ အခန်းလေးထဲမှာ ကျွန်တော်တို့ နှစ်ယောက်ဟာ မျက်နှာချင်း ဆိုင်ရပ်ပြီး ကျောက်ရုပ်တွေလို ခဏလေး ငြိမ်နေမိ ကြတယ်။ နောက်တော့ ရယ်ရယ်မောမောပဲ သူ့ကို ကျွန်တော်ပြန်အဖြေပေးပါတယ်။

“မေ ဝတ်ထားတဲ့ ဘရာစီယာက Wacoal ထဲကပဲလေ။ နှစ်ချိတ်ပါတဲ့ဟာဆိုတာ အကိုက သိထားတာကိုး မေရဲ့။ အစ်ကိုက ငယ်ကတည်းက အိမ်က အပ်ချုပ်ဆိုင်မှာ အမေတို့ချုပ်တဲ့ ဘော်လီ၊ ဘရာစီယာ အကုန်ကူညှပ်ပေးလာရတော့လေ။ ဒီဟာတွေ ဘယ်လိုပုံရှိတယ် ချိတ်တွေ ဘယ်လိုတပ်ထားတယ်ဆိုတာတော့ မသိဘဲနေမလား မေရာ...”

မေက သူ့ခါးကို သိုင်းဖက်ထားဆဲပဲဖြစ်တဲ့ ကျွန်တော့်လက်တွေထဲက ဆောင့်ရုန်းထွက်ရင်း လှောင်ရယ်သလို ရယ်ပါတယ်။

“ဟင်း... ဟင်း ဟင်း... ရှင်က ဝါကိုးလ်ဘရာ စီယာတံဆိပ်လည်း သိပြန်တာပဲနော်။ ဒီမှာ မေ ပြောမယ်၊ ရှင့်ဇာတိတောမြို့လေးမှာက ဝါကိုးလ်လို အဆင့်ဘရာစီယာတွေ ထုတ်နေတာလား ချုပ်နေတာလား၊ ဟုတ်လား၊ မေ ထင်တာပြောရရင် တော့ ရှင်ဟာ အဲဒီမှာ ကျွမ်းကျင်လာခဲ့တာတော့ ဟုတ်ဟန်မတူပါဘူး။ ဒီအခန်းလေးထဲမှာပဲ ဘရာစီယာတံဆိပ်အမျိုးမျိုးကို ခုလိုကျော်လေးသိုင်းဖက် ရင်း ဖြုတ်တာကို ကျွမ်းကျင်သွားတယ်ထင်တာပါပဲ”

ပြောပြောဆိုဆိုပဲ မေဟာ ဘရာစီယာကို လက်နောက်ပြန်ချိတ်ြ  ပန်တပ် အင်္ကျီနောက်ဇစ် ကို ပြန်ဆွဲချရင်း အခန်းအပြင်ကို ပြန်ထွက်ပါလေရော။

ကျွန်တော်က သူ့ကိုတတွတ်တွတ်ဖြေရှင်းရင်း ဧည့်ခန်းဖက်ကို ပြန်လိုက်လာရပါတယ်။ ပခုံးကို လိုက်ဆွဲတော့ သူက လက်ကိုပုတ်ချတယ်လေ။

“စဉ်းစားကြည့်ပါ မေရယ်၊ အပ်ချုပ်ဆိုင်မှာ ကြီးပြင်းလာတဲ့လူတစ်ဦးအဖို့ ဘရာစီယာတွေမှာ  တပ်တဲ့ချိတ်အမျိုးမျိုးကို လက်နဲ့ထိတာနဲ့သိတာ ဖြုတ်နိုင်တပ်နိုင်နေတာဟာ ဘာများထူးဆန်းလို့လဲ ကွာ၊ ချုပ်တဲ့အခါ ဝါကိုးလ်တို့၊ ကာဗီကိတ် ယူကေ တို့ ကလောဒက်တို့ စတဲ့နာမည်ကြီးတံဆိပ်တွေက Cup Design တွေ လက်ရာတွေကို မှီငြမ်းရသေးတာ သိမထားလို့ဖြစ်မလား၊ အမေတို့က ချုပ်ရုံပဲ ချုပ်တတ်တာ၊ ဒီဇိုင်းပိုင်း Cutting ပိုင်းတီထွင်မှု ပုံကျမှုတွေ သိပ်နားလည်တာ မဟုတ်တော့ အကို တို့မောင်နှမတွေကပဲ ဒီနိုင်ငံခြားတံဆိပ်တွေအ ကြောင်း လေ့လာပြီး ပြန်ပြောကြရတာလေ။ ဝါကိုးလ်ဆိုရင် ဖရေယာတို့ ဆာဘီနာတို့ မတူတာ တွေအမေ့ကို အကိုတို့ကပဲ ပြသပေးရတာပါ”

ကျွန်တော်ဟာ မေ့ကို ကရားရေလွှတ် တတွတ်တွတ်ဆိုတာလိုပဲ အရှည်ကြီးရှင်းပြပါတယ်။ သို့ပေမယ့် မေဟာ ကျွန်တော့်ရဲ့ ဘရာစီယာရှင်းတမ်းကို ဘာမှစိတ်ဝင်စားဟန်မပြ ခပ်မဆိတ်ပါပဲ။ ဆံပင်နဲ့ အင်္ကျီကို သပ်ရပ်အောင် ပြုပြင်ပြီး သကာ လစားပွဲပေါ်က သူ့လက်ပွေ့အိတ်ကလေးကိုသာ ဖျတ်ကနဲကောက်ယူပြီး ကျွန်တော့်ကိုနှုတ်တောင် မဆက်ဘဲ တံခါးဖွင့် ဆင်းသွားပါတော့တယ်။

ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးကို ပုံကြီးချဲ့ပြဿနာရှာတတ်တဲ့ မိန်းမတွေကို ကျွန်တော်မကြိုက်ပါဘူး။ မေဟာ သက်သက်မယ့် ကျွန်တော့်ကို အပြစ်ရှာချင်လို့သာ ဒီလိုလုပ်တယ်လို့ စိတ်ကယူဆ၊ နာကျင်ခံစားမိတဲ့အတွက် သူ့ကို ဖုန်းပြန် မဆက်ပါဘူး။ ကျွန်တော်မှ မမှားခဲ့တာလေ။ Gym သွားတဲ့အခါလည်း အဝင်အထွက် မဆုံမိအောင်ကို တမင်ရှောင်နေလိုက်ပါတယ်။

နှစ်ယောက်သား တပူးတွဲတွဲ အားကစားခန်းမနားက အအေးဆိုင်မှာ ထိုင်နေကျကနေ ရုတ်တရက် ဒီလိုဖြစ်သွားတော့ ကစားဖော်အစ်ကိုကြီး တစ်ယောက်က သတိပေးပါတယ်။

“ဟေ့ကောင် စိုးနိုင်... ၊ မင်းက ငတုံးပဲ၊ မိန်းမဆိုတဲ့ အမျိုးက စိတ်ကောက်တတ်တာချည်းပဲ... စိတ်ကောက်ပြီးရင်လည်း သူတို့ကိုချော့မှ ကြိုက်တယ်လေ... ကောင်မလေးက မင်းပြန်ချော့မှာကို စောင့်နေတာ၊ မင်းက ခုလိုတင်းခံနေတော့ ပြတ် သွားရုံပဲ ရှိတော့မျာပေါ့ကွ”

အဲဒီနေ့က အဲဒီအစ်ကိုကြီးစကားကို ကျွန် တော်အင်းအဲမလုပ် နားထောင်ရင်း ပြုံးရုံးသာပြုံး နေခဲ့ပါတယ်။ ဟုတ်တယ်လေ၊ ပြတ်သွားတာ့ ဘာဖြစ်လဲ မတတ်နိုင်ဘူး၊ ယောက်ျားတစ်ယောက် ဘရာစီယာချိတ်ကို ကျွမ်းကျင်စွာ ဖြုတ်တတ်တာဟာ အရည်အချင်းတစ်ခုအဖြစ် ချီးကျူးတောင် ချီးကျူးရမှာ မဟုတ်ဘူးလားလို့ စိတ်ထဲကပဲ ပြောခဲ့မိပါတယ်။ အခုလည်း နောက်ဖေးဝရန်တာမှာ ထိုင်ရင်း စိတ်ထဲမှာ ဒီလိုပဲပြန်တွေးနေမိပါတယ်။

ခုဆို ငေးကြည့်နေမိတဲ့ ပိတောက်ပင်ကြီးရဲ့ အရိပ်က အဝတ်ကြိုးတန်းပေါ်ကိုတောင် ရောက်နေပါပြီ။ အိမ်အကူဖြစ်ဟန်တူတဲ့ ကလေးမလေးတစ်ယောက်ဟာ ကြိုးတန်းပေါ်က ဘလောက်စ်နဲ့ ဘရာစီယာတွေကို ဖြုတ်သိမ်းနေတယ်။ အဲဒီထဲ မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကြံရည်ရောင် ဘရာစီယာလေးတစ်ထည်ကို ကျွန်တော်က မျက်စိရှင်ရှင်နဲ့ သတိပြုမိပါတယ်။

ဟာ... ဒီအရောင်ပဲ... ဟိုနေ့က မေဝတ်ထားတာ ဇာအင်္ကျီပါးပါးလေးအောက်က Wacoal ဘ ရာစီယာလေး၊ ကြံရည်ရောင်လေးပဲ။ ထပ်သတိရရင်းနဲ့ အိပ်ခန်းတံခါးအပြင်ကို ဆောင့်ကြီးအောင့်ကြီး ထွက်၊ အိတ်ကို ကောက်ကိုင်ပြီး နှုတ်တောင် မဆက်ဘဲ မျက်နှာထားတင်းတင်းနဲ့ တံခါးဖွင့်၊ ပြန်ဆင်းသွားတဲ့ မေ့ကို ပြန်သတိရရင်း ပိုစိတ်ဆိုးလာမိသလိုပါပဲ။ အထအနကောင်တဲ့ မိန်းမ၊ အလကား မိန်းမ...။

ဒီကိစ္စမျာ ကျွန်တော် သင်ခန်းစာ အကြီးကြီးရတယ်။ နောက်ဆိုရင် ဆင်ခြင်ရမယ်။ မိန်းမတစ် ယောက်ရဲ့ ဘရာစီယာချိတ်ကို ဘယ်တော့မှ ကိုယ့်လက်နဲ့ ကိုယ်မဖြုတ်တော့ဘူး။ သူ့ဟာသူပဲ ဖြုတ်လိမ့်မယ်။ ကိုယ်ကဖြုတ်ပေးရင် စေတနာက ဝေဒနာဖြစ်ရတယ်လေ။ ကိုယ်က ဘာမှမသိ၊ ဘာမှ မလုပ်တတ်တဲ့ အစိမ်းလေး၊ အရိုင်းလေးလိုပဲ နေလိုက်တော့မယ်။

ဘရာစီယာတွေအကြောင်းကို ကောင်းကောင်းသိပြီး တရင်းတနှီးပတ်သက်ခဲ့ဖူးတယ်ဆိုတာ ဒီနေ့ကစ ဘယ်သူမှ အသိမခံတော့ဘူး။

အောင်နိုင်စန်း