ဇနီး/ ခင်ပွန်းသည်ရဲ့ ဆွေးမျိုးမိဘများနဲ့ ဘယ်လို ဆက်ဆံနေထိုင်မလဲ

လူအများစုအနေနဲ့ သူတို့ရဲ့ ယောက်ခထီး၊ ယောက်ခမ၊ ယောင်းမ၊ ယောက်ဖ (in laws) တို့နဲ့ ဆက်ဆံရမှာကို ၀န်လေးတတ်ကြပါတယ်။ ဥပမာ ယောက်ခမတွေက ကိုယ့်ကိုလက်မခံဘူးလို့ ခံစားရနိုင်သလို ကိုယ် ဘာရယ်မဟုတ်ပြောမိတာ အထအန ကောက်နေမလားလို့လည်း စိုးရိမ်မိတတ်ပါတယ်။ တစ်ချို့ယောက်ခမတွေကကျတော့လည်း ကိုယ်ဘယ်မှာနေထိုင်တယ်ကအစ ကိုယ်သားသမီးကို ဘယ်လိုသွန်သင်ဆုံးမတယ်ထိ အရာရာမှာ ပါဝင်နေတယ်လို့ ခံစားမိတတ်ပါတယ်။
ကိုယ် (in laws) တွေနဲ့ ဆက်ဆံရေးမှာ အနည်းငယ် အခက်အခဲလေးရှိနေတာဟာ ခင်ပွန်းသည်နဲ့ဇနီးကြား ဆက်ဆံရေး အဆင်မပြေဘူးလို့ မဆိုလိုပါဘူး။

ပဋိပက္ခနဲ့ အလားသဏ္ဍာန်တူပါတယ်။ ပဋိပက္ခရှိခြင်းဟာ ဆက်ဆံရေးကို ပျက်စီးစေတာ မဟုတ်ဘဲ ဆိုးဝါးစွာကိုင်တွယ်မှ ဖြစ်နိုင်တာပါ။ ယောက်ခထီး၊ ယောက်ခမ၊ ချွေးမ၊ သားမက် ဆက်ဆံရေးကလည်း ဒီလိုပါပဲ။

ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ထူထောင်ထားသူတွေဟာ သူတို့ (in laws) တွေနဲ့ ဘယ်လို ဆက်ဆံနေထိုင်သင့်လည်းဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ကိုယ့် (in laws) တွေက ကိုယ်နဲ့ မတူနိုင်ဘဲ ကွဲပြား ခြားနားတဲ့သူတွေ ဖြစ်တယ်ဆိုတာ သတိပြုပါ
ကိုယ့်ယောက်ခထီး၊ ယောက်ခမတွေဟာ သူတို့နည်း သူတို့ဟန်နဲ့ နေထိုင်နေကြတဲ့ သူတွေဆိုတာ သတိပြုပါ။ မိသားစုတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ စတိုင်ဆိုတာ ရှိပါတယ်။
 
In laws တွေနဲ့ ဆက်ဆံရေးအဆင်ပြေဖို့ ကြိုးစား အားထုတ်မှုပြုလုပ်ပါ
ကိုယ့်ခင်ပွန်း၊ ဇနီးသည်ရဲ့ဘ၀မှာ သူတို့  အဖေ၊ အမေ၊ ညီ၊ ညီမရဲ့ အရေးပါမှုကို နားလည်ပါ။ လေးစားမှုနဲ့ ဆက်ဆံပါ။ မိသားစု အထိမ်းအမှတ်ပွဲလေးတွေမှာ ပါဝင်ဆင်နွှဲပါ။  မိသားစု ဓလေ့ထုံးစံတွေကို အမြဲတမ်းတော့ သဘောမတူနိုင်၊ နားမလည်နိုင်ပေမယ့်လို့လည်း ကြိုးစားကြည့်ပါ။

ဘောင်မကျော်အောင် လင်မယားကြား သတ်မှတ်ချက်တစ်ခုထားပါ
ကိုယ့် in laws တွေနဲ့ ပတ်သက်ပြီး ကိုယ်သဘောတူနိုင်တဲ့ အတိုင်းအတာ၊ လိုအပ်ချက်ကို လင်မယားကြား ပွင့်လင်းစွာ ပြောဆိုထားပါ။ ဥပမာ- ယောက်ခမကြီး အိမ်ကို မပြောမဆိုနဲ့ ရောက်လာတတ်တာကို သားဖြစ်သူ၊ သမီးဖြစ်သူ  အနေနဲ့ အဆင်ပြေနိုင်ပေမယ့် ကိုယ့်အတွက် အဆင်မပြေနိုင်ပါဘူး။ အလုပ်တွေ ရှုပ်နေရတဲ့ကြား သူတို့အတွက် ဟိုဟာ ပြင်ပေးရ၊ ဒီဟာ ပြင်ပေးရ ကိုယ့်အတွက် အဆင်မပြေနိုင်ပါဘူးဆိုတာ ရှင်းပြပါ။ ဒီတော့ မိသားစုဝင်တွေ အိမ်လာလည်မယ်ဆို ကြိုတင်ဖုန်းဆက်ဖို့ လိုအပ်တယ်ဆိုတဲ့ သဘောတူညီမှုကို ကိုယ့်ခင်ပွန်း၊ ဇနီးသည်နဲ့ ပြောဆိုထားပါ။

In laws တွေနဲ့ ကိုယ့်လင်မယားကြား ဆက်ဆံရေးကို ခွဲခြားထားပါ
တစ်ချို့ယောက်ခထီး၊ ယောက်ခမတွေနဲ့ ဆက်ဆံရတာ ခက်ခဲရှုပ်ထွေးတတ်ပါတယ်၊ သတိပြုရမယ့် အချက်က ကိုယ်က သူတို့ကို လက်ထပ်ထားတာ မဟုတ်ဘူးဆိုတာပါပဲ။ ဒီအခါမှာ ကိုယ့် in laws တွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေဖြစ် နေရင်တောင် ကိုယ့်ခင်ပွန်း၊ ဇနီးသည်ကို ပိုမိုအားထုတ်ကြင်နာလိုက်ပါ။ ယောက်ခမက ယောက်ခမ၊  ဇနီးသည်က ဇနီးသည်ပါပဲ။

In laws နဲ့ ကိုယ့်ခင်ပွန်း /ဇနီးသည်ကို ခွဲခြားပါ
ခင်ပွန်းသည်ရဲ့ အမေအနေနဲ့ ဆတ်ဆတ်ထိမခံ အပြစ်ပြောလွယ်သူတစ်ဦး ဖြစ်နေရင်တောင် သူ့အမေရဲ့ အပြုအမူဟာ သူ့သားကို ရောင်ပြန်ဟပ် မနေဘူးဆိုတာ သတိရပါ။

ဆက်ဆံပြောဆိုပါ
In laws တွေက သားသမီးအပေါ်ထားတဲ့ စိတ်နေသဘောထား ကိုယ့်ကို ပြောပြမယ်။ နားထောင်ပေးပါ။ တစ်ဦးခံစားချက်ကို တစ်ဦး နားလည် စာနာပေးပါ။

ဇနီး၊ ခင်ပွန်းသည်ရဲ့ ဆွေမျိုးအပေါ် သံယောဇဉ် ရှိမှုကို အလေးထားပါ
ကိုယ့်ခင်ပွန်းအနေနဲ့ သူ့အဖေကို နေ့စဉ်ဖုန်းဆက်ပြီး နေကောင်း၊ ကျန်းမာမေးရတာ သူ့အတွက် အရေးကြီးတယ်ဆိုရင် ဒါကို လက်ခံပေးဖို့၊ နားလည်ပေးဖို့ရန် သင့်အတွက် အရေးကြီးပါတယ်။

အသက်ပြင်းပြင်းရှူပါ
ကိုယ့်စိတ်ထဲခံစားနေရတာတွေ ပေါက်ကွဲမိတော့မယ်ဆိုရင်တော့ အသက်ပြင်းပြင်းရှူဖို့ ခဏအနားယူလိုက်ပါ။ ရေချိုးခန်းလိုမျိုး တိတ်ဆိတ်တဲ့နေရာကိုသွားပါ၊ ဒါမှမဟုတ် လမ်းလျှောက်လိုက်ပါ။ အသက်ပြင်းပြင်းရှူရင်း in laws တွေရဲ့ ကောင်းကွက်ကို အာရုံစိုက်လိုက်ပါ။ ဥပမာ- ငါ့သားသမီး သူတို့မြေးကို သူတို့ တကယ်ချစ်တာပဲ။ ဒီလိုချစ်တာကို ငါအနေနဲ့ မထိန်းချုပ်နိုင်သလို ပြောင်းလဲပစ်လို့ မရပါ့လားဆိုပြီး ကိုယ့်ကိုယ်ကို သတိပေးပါ။

ကိုယ့်ဇနီးသည် ခင်ပွန်းအတွက် in laws တွေဟာ အရေးကြီးသလို သူတို့ဟာလည်း ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ဒေသဆိုတာကို မမေ့ပစ်ပါနဲ့။

ဘာသာပြန် သဲဦးငယ်