“အချစ်စမ်းသူတို့ရဲ့ သင်္ကြန်”

ဆုမြတ်မွန်မွန်

“ဒီနှစ် သင်္ကြန်... တရားစခန်းဝင်မည်”
ထမင်းစားနေရင်းမှ အဲဒီစကားကို မိန်းမက ကြက်ရင်အုပ်အား ဇွန်းခက်ရင်းနှင့် အဖဲ့မပျက် အေးအေးဆေးဆေး ပြောလိုက်သော်လည်း သူ့နား ထဲတွင် အကျယ်ကြီးမြည်ဟီးသလို ဖြစ်သွားသည်။ မယုံနိုင်အောင်ကို အံ့သြသွားသော်ငြား၊ အံသြမှု နောက်မှာ ဝမ်းသာစိတ်က လှိုက်ခနဲတက်သွားသော်လည်း ဝမ်းသာတာကို ပြ၍မရဘူးဆိုတာ ကြုံဖူးသော အတွေ့အကြုံများအရ သိနေသည်။ ဒါကြောင့် ဟန်မပျက်ပဲ မှင်သေသေနှင့် ပြန်မေးရသည်။

“ဘာဖြစ်လို့ ဝင်မှာလဲ...၊ တစ်နှစ်လုံး အလုပ်တွေ လုပ်လာတာ ဒီအချိန် relax လုပ်ရမှာ မဟုတ်ဘူးလား”

“တစ်နှစ်လုံး လောဘ... ဒေါသ... မောဟတွေနဲ့ ငွေရှာလာရတာလေ...။ ဒါကြောင့် တရားစခန်းမှာပဲ relax လုပ်ချင်တာ... အနဲဆုံးတော့ စိတ်အေးချမ်းရမှာပဲ”

သူက... ဘာမှ ဆက်မပြောတော့ဘူးဟူသော သဘောနှင့် လက်ဖဝါးနှစ်ဖက်ဖြန့်ကာ ပခုံး တစ်ဖက်သာ တွန့်ပြလိုက်သည်။ ထမင်းသာ ဆက်စားနေသော်လည်း သူ့ စိတ်ထဲတွင် ဟုတ်ပါ့မလားဟူသော အတွေးတွေသာ ကြီးစိုးနေသည်။ သင်္ကြန် တွင်းမှာ မိန်းမသွားလေရာနောက်သို့ လိုက်ပါနေရပါက သူ စိတ်ချမ်းသာမည့်ကိစ္စလေးတွေ ဘယ်လိုခွင်ဖန်ရပါ့ဟု ခုတလော စဉ်းစားအကြံထုတ်နေရသမျှ... မိန်းမထံမှ သတင်းကောင်းကို ယခုလို ရုတ်တရက်ကြီး သိလိုက်ရသောအခါ ပျော်ရမှာတောင် တစ်ခုခုလိုနေသလို ခံစားနေရသည်။ ညစာကို အစားနည်းသော မိန်းမက သူ့ထက်အရင်စားပြီးကာ စားပွဲမှ ထဖို့ဟန်ပြင်သည်။ ဒီတော့မှ သူက ကမန်းကတန်းပြောဖို့ သတိရသည်။

“မင်း သွားတော့ ကိုယ်ဘယ်လိုနေရမှာလဲ...”

မိန်းမက သူ့ကို တည့်တည့်စိုက်ကြည့်လာသည်။ အဲဒီလိုစိုက်ကြည့်လျှင် သူ မနေတတ် မထိုင်တတ် အလွန်ဖြစ်ရသည်။ ဖြစ်ဆို သူ့ရဲ့လွဲချော်မှု မှန်သမျှ မိန်းမနဲ့ ထိပ်တိုက်တိုးခဲ့ရတာချည်းပဲမို့... အဲဒီလို ကြည့်လေတိုင်း သူ မလုံမလဲနှင့် မသိစိတ် မှာ သိမ်ငယ်ခဲ့ရတာ မကျေမနပ်ဖြစ်ခဲ့ရတာ သူ့ ကိုယ်သူပဲ သိလေသည်။

“အဆင်မပြေဖြစ်မယ် ထင်လို့လား”

“အဲ... အဲလိုတော့ မထင်ပါဘူး”

“ပြီးရောပေါ့... ရှင်လည်း relax ဖြစ်မယ် ထင်ပါတယ်”

မိန်းမက ခပ်ပြုံးပြုံးပြောက ထွက်သွားသော်လည်း သူ့ရင်ထဲတွင် မတင်မကျဖြစ်ကျန်ရစ်သည်။ တကယ်ဆို မိန်းမ မရှိရင် မဖြစ်ဘူးလေ။ ဘာညာနှင့် သူ့ကို မဖောဘူးလားဟု မေးကောင်းမေးနိုင်သည်။ အဲလို ဖောတာက သူ့အတွက် မိုင်းနပ်စ် ပို ဖြစ်စေသည်ဆိုတာ သူသိလာရ မကြာသေး။ သူ့ မိန်းမသည် ကြောက်စရာကောင်းလောက်အောင် ထိုးထွင်းသိမြင်ခြင်း၌ တတ်ကျွမ်းလေသည်။ ဘယ်လိုမှ လိုက်ဖက်မညီလှသော သူတို့နှစ်ဦးဟာ... ဘာကြောင့်များ လက်ထပ်ဖြစ်ခဲ့ကြပါလိမ့်ဟု တွေးတွေးနေမိသည်မှာလည်း ခုနောက်ပိုင်းတွင် အကြိမ်ရေစိပ်လာခဲ့ပြီတည်း။   ။

x x x x x

တကယ်တော့ သူ့ မိန်းမဖြစ်လာမည့် “သစ္စာတည်”ဆိုသော ကောင်မလေးနှင့် တွေ့ဆုံခဲ့သည်မှာ တစ်ခုသော သင်္ကြန်ချိန်ခါမှာ ဖြစ်သည်။ သူ့ အဖေက သစ္စာတည်ရဲ့ ဖခင်ထံမှာ အလုပ်လုပ်ဖို့ နယ်ကနေ အပြီးရွေ့လာတာဖြစ်ပြီး အဲဒီနေ့က သင်္ကြန်လည်ဖို့ သစ္စာတည် လည်မည့်ကားပေါ် သူ့ ကို ထည့်ပေးလိုက်တာဖြစ်သည်။ အဲဒီအရွယ်လေးထဲက မာန်တစ်မျိုး ကပ်ငြိနေသော သစ္စာတည်ကို သူရှိန်ခဲ့ရတာဖြစ်သည်။ သူ့အဖေကိုယ်တိုင်က သစ္စာတည်ရဲ့ အဖေကို မီးသေရသလို သူကိုယ်တိုင်လည်း တွေ့စထဲက ရှိန်ခဲ့ရသည့်ကောင်မလေးကို နောက်ပိုင်းကြီးလာတော့လည်း မလွန်ဆန်ခဲ့နိုင်ပါ။ သူ ငယ်စဉ်ထဲက အောင်မြင့်သည့် စီးပွားရေးသမားဖြစ်နေသည့် သစ္စာတည်ရဲ့ အဖေမှာ သူတို့ကြီးပြင်း အရွယ်ရောက်ချိန်မှာတော့ တော်တော်မြင့်မားသည့် အနေအထားဖြစ်နေပြီ။ သူ့ အဖေသည်လည်း လုံးချင်းအိမ်၊ ကား၊ ငွေကြေး အဆောင်အယောင်များ စသဖြင့် နောင်ရေး စိတ်အေးရအောင်အထိ သစ္စာတည်ရဲ့ အဖေက ဖန်တီးပေးခဲ့သည်။ သူမတို့ မိသားစုက သူတို့ မိသားစုရဲ့ ကျေးဇူးရှင်စာရင်းဝင်နေချိန်မှာ သစ္စာတည်ဆိုတာလည်း သူယောင်လို့တောင် ပစ်မှားရဲသော မိန်းမ မဟုတ်ခဲ့ပါ။ မစားကောင်းသော အသီးပမာ သတ်မှတ်ထားချိန်မှာ သူမ အဖေကိုယ်တိုင်က သူ့သမီးနှင့် သူ့ကို လက်ထပ်ပေးချင်တယ်။ ဘယ်လိုသဘောရလဲဟု သူ့ အဖေကို ခေါ်ပြေခဲ့ချိန်တွင် သူမအဖေကိုယ်တိုင်က သူ့သမီးနှင့် သူ့ကို လက်ထပ်ပေးချင်းတယ်။ ဘယ်လိုသဘောရလဲဟု သူ့ အဖေကို ခေါ်ပြောခဲ့ချိန်တွင် အဖေကား သားဆန္ဒကို မေးပါဦးမယ်ဟုတောင် မပြောခဲ့ပဲ တုန်တုန်ရီရီ ခေါင်းငြိမ့်ခဲ့သည်တဲ့။ သစ္စာတည်ရဲ့ဖခင် ဘယ်လောက်ချမ်းသာ ကြွယ်ဝသည်ကို သိနေသော သူ့အဖေဟာ တစ်ဦးတည်းသော သမီးသစ္စာတည်နှင့် လက်ထပ်ဖို့ ကမ်းလှမ်းခံရသော ခမည်းခမက်ဘဝ၌ အပြန်လမ်းမှာ ဒူးတောင်မခိုင်ပဲ ယိုင်ချင်ခဲ့သတဲ့။ ဒီလိုနှင့် သူ့တို့ လက်ထပ်ဖြစ်ခဲ့သည်ဆိုပါတော့။ ကိုယ့်ကိုချစ်လားဟု မမေးခဲ့သော၊ ကျွန်မကို ချစ်လားဟု မမေးခဲ့သော၊ ဘယ်သူ့ ဘယ်သူကမှ ချစ်တယ်ဟု မပြောခဲ့ကြသော ထို့အတူ ရန်လည်း မဖြစ်ဖူးကြသော သူတို့ အိမ်ထောင်သက်တမ်းမှာ သင်္ကြန်ငါးခါတိုင်ခဲ့ပြီ။

ပျော်ပျော်နေတတ်သော အထူးသဖြင့် ဦးနှောက်စားရသည့် အလုပ်တွေကို ဝါသနာမပါသော သူနှင့် ခရိုနီပေါက်စတပိုင်းဖြစ်နေသော သစ္စာတည်တို့ရဲ့ အိမ်ထောင်ရေးတွင် သစ္စာတည်ကသာ ဦး ဆောင်သူဖြစ်နေတာလည်း ဆန်းတော့ မဆန်းပါ ချေ။ အနုပညာပိုးကလေး မဆိုစလောက်ပါသော ကဗျာတွေ၊ စာတွေ ဝါသနာထုံသော ဂစ်တာကို မတောက်တခေါက် တီးတတ်သော။ သီချင်းတွေ  ရုပ်ရှင်တွေကို စိတ်ဝင်စားသော သူဟာ ဦးနှောက် အင်မတန်သုံးရသော သစ္စာတည်ရဲ့ စီးပွားရေးလုပ် ငန်းများကို စိတ်အားမထက်သန်လှပါ။ ဒါကြောင့် သူမက ရှင် ဝါသနာပါတဲ့ စီးပွားရေးလုပ်ကြည့်စမ်းပါဟု ဆိုလာသောအခါ စာအုပ်ဆိုင်နှင့် အခွေဆိုင်ကို အပျံစားတွဲဖွင့်ချင်တယ်ဟုဆိုမိတုန်းက သနားသလို စိုက်ကြည့်ခဲ့သော အကြည့်များကို မမေ့သော်လည်း ထူးပြီး မနာကျင်တော့ပါချေ။ ပေးလာသော အခြေအနေပေါ်မှာ စိတ်ချမ်းသာအောင်နေတာ အကောင်းဆုံးဖြစ်မည်ဟု သူ့ဖာသာ ခံယူထားလိုက်တော့သည်။ စိတ်ချမ်းသာစရာကို ပျော်သလိုရှာရင်းသူ့ဆီ တိုးဝင်လာသော စိတ်ချမ်းသာစရာလေးတွေ ကို ထိတွေ့ဆော့ကစားစပြုနေပြီ ဆိုပါတော့။

ဒါပေမယ့်... သစ္စာတည်ရဲ့ အရိပ်သုံးပါးကို လည်း ကြည့်ရသေးလေရာ သူ့မှာ အရမ်းလည်း ခြေလှမ်းမသွက်ရဲ။ ဒီအချိန်မှာ မိန်းမက သင်္ကြန်ကို တရားစခန်းဝင်မည်ဟု ပြောလာသောအခါ မယ် သီလနှင့် ဘယ်လိုမအပ်စပ်ဟု ထင်ရသော်လည်း သူ တားနိုင်သော ကိစ္စမဟုတ်ချေ။ ဒါပေမယ့်...

သစ္စာတည်ကို တရားစခန်း မဝင်ပါနဲ့ဟု မ တားမြတ်နိုင်သလို ဘာလုပ်ပါဟုလည်း ပြောနိုင် စွမ်းမရှိဘူးဆိုတာ ဘဝပေးအခြေအနေအရ သူ သိ ပြီးသား ဖြစ်နေခဲ့ပါသည်။

x x x x x

“ဘယ်လို... ဒီသင်္ကြန်မှာ မဏ္ဍပ်ထိုင်မယ်... ဟုတ်လား”

မီက... ဝမ်းသာအားရဖြစ်မှုနှင့်အတူ မယုံနိုင်သလို အံ့သြသည့် အမူအယာလေးနှင့်ပါ မေးလာလျှင် သူက ရှင်းသန့်ပြေပြစ်ဖြစ်နေသည့် မီ့ မျက်နှာလေးကို ငေးကာ ခေါင်းငြိမ့်ပြရသည်။ ဟေးခနဲဖြစ်သွားသော မီက... သူ့လက်မောင်းကို မနာအောင် စည်းချက်ကျကျ ခပ်သွက်သွက်လာထုပြီးမှ “ပျော်ထှာ”ဟု ထပ်အော်ပြန်သည်။ မီ လုပ်နေသော ပုံလေးတွေက ချစ်စရာကောင်းသော ပုံလေးတွေဖို့ သူက သဘောကျပြုံးကြည့်နေမိသည်။ မိန်းမတစ်ယောက်မှာ ဘယ်အရွယ်ပဲရောက်ရောက် သူ့ အရွယ်နှင့် လျော်ညီသော ချစ်စရာသွင်ပြင်တွေ ရှိတတ်ကြသည်ဟု သူ ထင်သည်။ ဟိုး အဘွားကြီး ဖြစ်နေလည်း ချစ်စရာကောင်းသော သွင်ပြင်တစ်ခုရှိမှာပါပဲ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ သစ္စာတည်ရဲ့ ချစ်စရာ့သွင်ပြင်ဆိုတာ သူ့တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးပါ။

“ဘယ်ကနေ ဘယ်လို စိတ်ကူးပေါက်သွားတာလဲ... ပြောတော့ အိမ်က လေဒီနဲ့ ခရီးထွက်ချင်ထွက်ရမှာဆို”

“သူ... တရားစခန်း ဝင်မလို့တဲ့”

“ဘယ်လို... တရားစခန်းဝင်မယ် ဟုတ်လား”

မီက... ပခုံးတွန့်ကာ နှုတ်ခမ်းမဲ့ပြသည်။ မီ နှင့် သူက ဘာလဲ... ဘယ်လဲဟု မေးကြလိမ့်မည်။ မီနှင့် သူသည် ဘာမှလဲ မလဲသလို ဘယ်မှလည်းမသွားပါ။ သူ့မှာ အိမ်ထောင်ရှိမှန်း မီ သိသလို သူ ကလည်း သူ့အကြောင်းကို ဘာမှ ထိန်ချန်မထားခဲ့။ ဒင်နာတစ်ခုမှာ ဆုံခဲ့သော မီနှင့် သူဟာ Online မှ တဆင့် ရင်းနှီးမှုပိုလာခဲ့ပြီး မီ့ကိစ္စတော်တော်များများကို သူတတ်နိုင်တဲ့ဘောင်ထဲက အကူအညီပေးခဲ့သည်။ သို့သော် အခွင့်အရေးက ပြန်မယူခဲ့။ ဒါသည်ပင်လျှင် သူ့အနားကို မီ ပို၍တွယ်ငြိစေသည့် အကြောင်းလားတော့ မပြောတတ်ချေ။ သေချာတာကတော့ သူနှင့် မီသည် သာမာန်ဆက်ဆံရေးမျိုးမက ဒါပေမယ့်လည်း မီ့ကို ဘာအခွင့်အရေးမှ မယူစဖူး။ စကားပြောသည်။ မုန့်စားသည်။ မီ့ကိစ္စတွေ ကူညီသည်။ သစ္စာတည်အတွက် သူဟာ သူရဲကောင်းမဖြစ်သော်လည်း မီ့အတွက် သူရဲကောင်း ဖြစ်နေပုံရလေသည်။ အဲဒီ့အတွက် မကျေနပ်ဘူးလားဆိုရသော် ကျေနပ်ရ၏။ ခါတိုင်းဆိုလျှင် သင်္ကြန်မှာ Over Sea ထွက်နေကြ။ သူ့ မိန်းမဟာ ဘာစိတ်ကူးပေါက်ပြီး တရားစခန်းဝင်သလဲတော့ မသိပေမယ့် သင်္ကြန်မှာ လူငယ်ဖီလင် အရသာအပြည့်ခံစားချင်သော သူ့အတွက်တော့ ဝမ်းသာချင်စရာ ကိစ္စပဲတည်း။

“ဒါဆို... မီတို့ သင်္ကြန်ရေ အတူတူချိုးလို့ ရ ပြီဟေ့”

မီ့ စကားကို သူက လန့်သွားဟန်ဖြင့် မျက်လုံးပြူးပြမိသည်။ မီ ဆိုလိုသောစကားမှာ ခုခေတ်ပေါ် မဏ္ဍပ်တွေရဲ့ ဒီဇိုင်းအတိုင်း မဏ္ဍပ်ပေါ်မှာ ရေဖြန်းထားပြီး ရေပန်းအောက်မှာ ကခုန်တာကို ဆိုလိုဟန်ရှိပါသည်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်သင်္ကြန်သည် သူ့ အတွက်တော့ အမှတ်တရများစွာ ယူလာပေးဦးမည်ဟုထင်သည်။ အဲဒီ့အမှတ်တရတွေထဲမှာ အမှတ်တရထဲ မပါဝင်မည့် သူ့မိန်းမ သစ္စာတည်ကိုယ်တိုင်က အမှတ်တရတို့ မြစ်ဖျားခံရာဆိုလျှင် အသင် နားမရှုပ်လောက်ဘူးဟု ထင်ပါသည်။   ။

x x x x x 

သင်္ကြန်ဆိုသည်မှာ ဘယ်လိုတွေ အမြူးဓာတ်လွင့်ပျံ့စေတတ်သလဲတော့မသိ။ သင်္ကြန်ပွဲတော် ကို ဆင်နွှဲသူရော၊ မဆင်နွှဲပဲ နေသူတွေရော သင်္ကြန်ရောက်ပြီဆိုရင်တော့ စိတ်တို့က သာမာန်အချိန်နှင့် မတူတာတော့ အမှန်ပင်။ သင်္ကြန်ကို မပျော်တတ် ပါဘူးဆိုသူတွေတောင် သင်္ကြန်ပိတ်ရက်ရှည်တွေ အတွက် စိတ်ချမ်းသာပျော်ရွှင်ရတယ်ဆိုတာတော့ ငြင်းနိုင်ကြမှာ မဟုတ်ချေ။ သင်္ကြန်ကို သစ္စာတည် နှင့် ရပါပြီဆိုကတည်းက မပျော်ခဲ့ရသော သူ့အ တွက် သုံးနှစ်ရှိခဲ့ပြီဖြစ်လေရာ ဒီနှစ်ကတော့ သင်္ကြန်နှင့်မတူ မီ ပါ ဘေးနားက ရှိလေသည်ဆိုတော့ ပြောဖွယ်မရှိတော့ ရေဆော့တာကနည်းနည်း၊ သောက် လိုက်စားလိုက် ကခုန်တာကများများ ဖြစ်နေသည်။ သူ ပျော်တာထက် သူ့ထက်အပျော်လွန်နေတာက မီ ဖြစ်သည်။ ယခင်က သူ ဆင်ခြင်သည့်အတွက် မီ က အလိုက်သင့်နေထိုင်ခဲ့သော်လည်း အခု မီက တော့ အဲဒီလိုမဟုတ်။ ခါတိုင်းထက် သိသာစွာ အပြုအမူတွေ ပိုနေသည်။ ကရင်း ခုန်ရင်း သူ့လည်ပင်းကို သိုင်းဖက်ရင်းမှ နမ်းဖို့ကြိုးစားလာတာမျိုးကို သူ နည်းနည်းမူးနေသည့်ကြားမှ ပေါ်တင်မကျအောင် ရှောင်ဖယ်ရသည်။ တစ်ခါ နှစ်ခါ မဟုတ်တော့ မီက ပေါ်တင်မေးပြီ။

“နောင်... မီ့ကို ဘာလို့ စိမ်းတာလဲ”

“ဘာကိုပြောတာလဲ မီ။ ကိုယ်နဲ့ မီ... တစ်ချိန်လုံးရှိနေတာပဲ”

“ရူးချင်ယောင်ဆောင်မနေပါနဲ့ နောင်ရာ... မီ... ဒီ့ထက် ဒဲ့ပြောရမှားလား”

“ကိုယ်... မီ့ ဆီက... ဘာအခွင့်အရေးမှ မယူချင်ဘူး”

“ဘာလို့လဲ”

“ကိုယ်က အိမ်ထောင်သည်လေ”

“အဲဒါ သိတယ်လေ...။ အဲဒါက ပြဿနာရှိလို့လား”

“ပြဿနာတစ်ခုပေါ့ မီရဲ့...”

“ရှင့် မိန်းမကိုတော့ ကြောက်တာ မဟုတ်ပါဘူးနော်...”

“ကြောက်တော့ မကြောက်ပါဘူး...”

“ဒါဆို ဘာလဲ... မီက ရှင့်ကို အန္တရာယ်ပေးမယ် ထင်လို့လား”

“အဲဒီလိုလည်း မဟုတ်ပါဘူး...။ ပြောရခက်တယ် မီရာ...။ ဒါပေမယ့် သေချာတာတစ်ခုကတော့... ကိုယ် ဒီအနေအထားလေးကိုပဲ အရမ်းနှစ်သက်တယ်... ဒီလိုလေးက ကိုယ့်ရင်ကို အအေးချမ်းဆုံးပဲ...”

သူ့ကို မီက အရူးတစ်ယောက်လို နှာခေါင်းရှုံ့ကြည့်ကာ ထိုင်ရာမှ ထရပ်သည်။ အဲဒီနောက် ထွက်သွားတော့မလိုပြင်ရင်းမှ သူ့ အနားပြန်တိုးကပ်ကာ... “ရှင့် မိန်းမနဲ့ အဆင်မပြေတာ ကြည့်ရတာ... ရှင် ဂေးများလား မသိနော်... ဟက်” မီ့ စကား 
က သူ့ယောက်ျားမာနကို ဆွသလိုဖြစ်သော်လည်း သူ မခံချင်ဖြစ်၍ မရပါ။ မီ့ကိုသာ ပခုံးတွန့်ပြလိုက်လျှင် မီက စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားတော့သည်။ ဒီလိုနှင့် သင်္ကြန်တစ်ရက်ကုန်ခဲ့သည်။   ။

x x x x x 

အရင်ကဆို အိမ်မှာ အလုပ်သမားနှင့် ဒရိုင်ဘာအပါအဝင် ဝန်ထမ်းတွေ ခြောက်ယောက်၊ ခုနှစ်ယောက်ခန့်ရှိသော်လည်း ဒီသင်္ကြန်မှာ သစ္စာတည် က တရားစခန်းဝင်မယ်ပြောပြီး ဝန်ထမ်းတွေကိုပါ အိမ်ပြန်ခွင့်ပေးလိုက်လေရာ အိမ်ကြီးတစ်ခုလုံး သူ တစ်ယောက်ထဲ ကျန်ခဲ့တာဖြစ်သည်။ ဒါပေမယ့် စားရေးသောက်ရေးကတော့ ပူစရာမလိုပါချေ။  လမ်းထိပ်က Restaurant ကို ဖုန်းဆက်မှာလိုက် တာနှင့် နာရီဝက်အတွင်း ရောက်ပြီးသားဖြစ်သည်။ အရင်ထဲကလည်း မိသားစုတွေ နေထိုင်သည့်အိမ် ဟု သဘောမဆောင်ခဲ့သော ဒီအိမ်ကြီးမှာ အလုပ် သမားတွေကလည်း သူ့ဟာနဲ့သူ ကိုယ်ယောင် ဖျောက်နေကြသဖြင့် အမြဲ တိတ်တိတ်ဆိတ်ဆိတ် ရှိကြလေရာ အခုတစ်အိမ်လုံးမှာ သူတစ်ယောက် ထဲ ရှိသော်လည်း ဘာမှ ထူးထူးခြားခြား မကွာသွား ဟု ထင်ရသည်။ သူ့ မိန်းမတော့ တရားစခန်းမှာ ဘယ်လိုတရားထူးတွေ ရနေလဲတော့မသိ။ သူကေ တာ့ အိမ်မှာ အတော်ငြိမ်းချမ်းနေသည်။ ငြိမ်းချမ်ြး ခင်းသည် တရားထူးရှာသော ပုဂ္ဂိုလ်တွေလို ငြိမ်း ချမ်းအေးမြမှုအစစ် မဟုတ်သော်လည်း တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်း ချမ်းနေရခြင်းသည် ဘယ်လောက်စိတ်ချမ်းသာရ သလဲလို့ နေကြည့်မှသိတာဖြစ်သည်။ ဒါကြောင့် သင်္ကြန်ကို အကြိုနေ့ညနေနဲ့ အကျနေ့တစ်နေကုန် ကဲပြီးသောအခါ နောက်ရက်ကျ အိပ်ယာက စောစောမနိုးတော့ အိပ်ယာနိုးချိန်က ဆယ်နာရီဖြစ်နေသောအခါ သူ မဏ္ဍပ်လည်း မသွားတော့ပဲ ကော်ဖီတစ်ခွက်နဲ့အတူ TV က ပြသော သင်္ကြန်မြင်ကွင်းကိုသာ ရူစားနေလိုက်သည်။ အဲဒီအချိန်မှာပဲ ဘဲလ် တီးသံကြားရ၍ CCTV က လှမ်းကြည့်လိုက်လျှင် မျက်လုံးပြူးသွားသည်။ သို့သော် ရောက်နေသည့် သူကတော့ သူကြည့်နေမှာကို သိသည့်အလား လက်ကလေးတောင်ပြလိုက်သေးသည်။ သူက သက်ပြင်းတစ်ချက်ရှိုက်ရင်း အိမ်ထဲမှာပဲ Remote Control ဖြင့် ခြံတံခါးကို ဖွင့်ပေးလိုက်သည်။ ခဏ နေတော့ အိမ်တံခါးဝမှာ မီ ပေါ်လာလေသည်။ ဘာလာလုပ်တာလဲဟူသော သူ့ မေးခွန်းကိုတောင် မမေးရသေးခင် ကြိုသိနေသည့်အလား လက်ထဲက စတီးလ်ချိုင့်ကို မြှောက်ပြသည်။

“အိမ်မှာ မေမေက မုန့်ဟင်းခါးချက်လို့... အဲ ဒါ မုန့်ဟင်းခါ ခရေဇီကြီးဆီ ဆပ်ပရိုက်လာလုပ်တာ...”

မုန့်ဟင်းခါးခရေဇီဖြစ်သော်ငြား ဒီတစ်ခါတော့ မုန့်ဟင်းခါးတောင် မစားချင်တော့အောင်ြ ဖစ်သွားတယ်ဆိုတာ ဘယ်လိုပြောရမလဲ။ သူ့ အိမ်  အထိရောက်လာသော ဒီလောက်ထိပတ်သက်ဖို့ ကြိုးစားသော မီ့ကို လန့်တာထက် စိတ်ပျက်သွားမိသည်။

“ဘာ စားပြီးပြီလဲ... အခု စားလိုက်ပါလား... ဟင်းရည်က ပူတုန်းပဲ...”

“နေ... ပါစေ... ထားလိုက်ပါ... အင်း ထိုင်လေ မီ...”

“မထိုင်ပါဘူး... ဘယ်သူမှ မရှိဘူးဆို... မစားရသေးရင်လည်း ချိုင့်ကို မီးဖိုခန်းထဲ သွားပို့လိုက်မယ်”

သူက ဘာမှပြောချင်စိတ် မရှိတော့ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။ မုန့်ဟင်းခါးချိုင့်သွားထားသော မီက ချက်ချင်းပြန်မထွက်လာပဲ... ခဏကြာမှ ကော်ဖီနှစ်ခွက်ကိုင်ကာ ပြန်ရောက်လာသည်။

“အိမ်ရှင်က ကော်ဖီလေးတောင် တိုက်ဖော် မရတော့လည်း ကိုယ်တိုင်ဖျော်လာရတာပေါ့... ရော့...”

“ကိုယ်က အိမ်မှာ တစ်ယောက်ထဲ အေးအေးဆေးဆေးနေဖို့ စိတ်ကူးထားတာ... မီ ရောက်လာလိမ့်မယ် ထင်မထားဘူး”

“ဘာလဲ မီက လာရှုပ်တယ် ထင်နေတာလား...”

“သူ့ အကန့်လေးတွေနဲ့ သူ ထားရင်တော့ ကောင်းတာပေါ့ မီ ရယ်”

သူ့စကားကို မီက စူးခနဲ စိုက်ကြည့်လာသည်။ ရုတ်တရက် ဘာမှပြန်မပြောပုံထောက်... မီ့ ခေါင်းထဲသို့ တစ်ခုခုဝင်သွားပြီး ပြန်ပြောရမည့် စကားလုံး  ကို စဉ်းစားနေတာ ဖြစ်နိုင်သည်။

“ဘာလဲ... မီက အကန့်မရှိဘူးလို့ ပြောချင်တာလား”

“မီ... ဒီ အိမ်ကို ရောက်မလာသင့်ဘူး”

အေးစက်စက် သူ့စကားကြောင့် မီ့ မျက်လုံးတွေကလည်း ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားသွားပမာ လက်ခနဲဖြာသွားသည်။

“ကောင်းပြီ... နောင်နောင်... ရှင့်ကို မီ အပြတ်သားဆုံးပဲ ပြောတော့မယ်။ ရှင်နဲ့ မီ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ချည်နှောင်မှုတွေမပါပဲ နေခဲ့ကြတယ်ဆိုပေမယ့် ပတ်ဝန်းကျင်အမြင်ကတော့... ဒီလို မရှိနိုင်ဘူး... ဒီ့ထက်မကလို့ပဲ ထင်ကြမှာပဲ”

“ဒီတော့...”

မီ့ ပုံစံကတော့ တိုက်ကွက်စဖွင့်လိုက်သော သိုင်းသမားတစ်ယောက်နှယ်။ သူ့ခေါင်းထဲတွင်လည်း အချက်ပေးခေါင်းလောင်းသံတွေ ဆူညံသွားသည်။ မီ့ကို အိမ်ထဲအထိ ဝင်ခွင့်ပေးလိုက်တာ မှားသွားပြီလား။ ဒါပေမယ့် အိမ်မှာ CCTV တွေရှိ၍ တော်သေးသည်။

“ဟင်း... ဟင်း... ရှင့်စိတ်ထဲ မီ့ကို အရမ်းတော့အထင်တသေး လျော့မတွက်ပါနဲ့လေ။ ရှင့်ကို တစ်ခုပဲမေးမှာပါ။ ရှင်နဲ့ မီရဲ့ ဆက်ဆံရေးကို မိတ်ဆွေမက ရည်းစားမကျတဲ့ ဆက်ဆံရေးကနေ တက်မလား။ ဒါမှမဟုတ် မီတို့ ဘာမှမပတ်သက်တော့ပဲ Good Bye လုပ်ကြမလား”

“အခုချက်ချင်း ဆုံးဖြတ်ရမှာလား”

“ဒါပေါ့... ရှင့် အိမ်အထိ ရောက်နေတဲ့ မိန်းကလေးတစ်ယောက်အပေါ်... ရှင့်ရဲ့ ဟန်မဆောင်နိုင်သော ဆက်ဆံရေးတစ်ခုအတွက်က ခုချက်ချင်း ပဲ... Yes or No ရှင် ဆုံးဖြတ်ရတော့မှာပဲ” 

သူက သဘောတကျနှင့်ပင် ဟက်ခနဲတောင် ရယ်လိုက်မိသည်။ ပြီးတော့ မီ့ကို ပြုံးစစနှင့် စိုက်ကြည့်မိကာ...

“ဒါဆိုရင်တော့ ကိုယ်က မြန်မာပြည်သိန်းတန်တွေ ဆန်ရတော့မှာပဲ...”

မီက သူ့ကို စူးခနဲ ဆောင့်ခနဲ ထပ်စိုက်ကြည့်လာသည်။ သူ့ ဆိုလိုရင်းကို သဘောမပေါက်သေး။ သူက ပခုံးတွန့်မိရင်းမှ...

“Sorry ပါ သမီးရယ်။ အန်ကယ်ကတော့ No ပါ...”

မီက သူ့ကို စူးစူးဝါးဝါး တစ်ချက်စိုက်ကြည့် ရင်း တက်တစ်ချက်ခေါက်ကာ အိမ်ထဲမှ ဝုန်းခနဲ ထွက်သွားတော့သည်။ ဒီတော့မှပဲ မီထားခဲ့သော မုန့်ဟင်းခါးကို ဖြောင့်ဖြောင့်စားနိုင်တော့မည်ဟုတွေးရင်း သူ သဘောတကျရယ်မိသွားလေသည်။ မိန်းကလေးတစ်ယောက်နှင့် အီစကလီငြိစဉ်တစ်ခုဟာ အိုးဘဲဥ၊ ငါးဖယ်နန်းချင်းဖြင့် အရသာကောင်းလှသော မုန့်ဟင်းခါးစားရင်း အေးအေးဆေးဆေး ပြီးဆုံးသွားရလိမ့်ဟု ထင်တောင်မထားခဲ့။ အမေးဇင်းပါပဲ။ တော်ပါပြီကွာ စိတ်ပျော်ချင်လို့ အပျော် တွဲမိပါတယ်။ အုံးစားစရာတွေ လာပေးနေတယ်။ ကိုယ့်ဖာသာယူထားတဲ့ မိန်းမနဲ့ပဲ အဆင်ပြေအောင်နေတာ ကောင်းပါတယ်။   ။

x x x x x 

“ နင် ကျေနပ်တယ် မဟုတ်လား မယ်တည်။ ပျော်နေတယ်မလား ပြောစမ်း”

မေမီရဲ့ မေးခွန်းကို တည်က နှုတ်ခမ်းလေး တွန့်ရုံ ပြုံးကာ ခမ်းလှမ်းလှမ်းက Boss ရေမွှေးကြော်ငြာအသစ်ကို ငေးကြည့်နေမိသည်။ နောင်နောင်က Boss ရေမွှေးခရေဇီဖြစ်လေရာ... ဒီ အသစ်ဆိုလည်း သူကြိုက်မယ်ထင်သည်။ ပြီးရင် ဝယ်
သွားရမည်။ နေပါဦး တရားစခန်းဝင်မယ်ဆိုပြီး ဘန်ကောက်ရောက်နေသော တည့်ကို ဘယ်က ဝယ်လာတာလဲဆို ဘယ်လိုဖြေမလဲ။ ဒါပေမယ့် ဒါက သိပ်အရေးကြီးကိစ္စတော့ မဟုတ်ပါ။

“နင့် အလုပ်တွေ အောင်မြင်နေတာလည်း မပြောနဲ့။ နင့်အကွက်တွေကလည်း မထင်အောင် ဟုတ်နေလွန်းတယ်”

“ဟက်... နင်ကလည်း အချင်းချင်းတွေ လာမြှောက်နေပြန်ပြီ”

“မြှောက်တာ မဟုတ်ပါဘူး... နင် ဒါတွေကို ဘယ်လိုတွေးမိတာလဲ တည်”

“လူတွေမှာ ကာကွယ်ဆေးထိုးကြတယ်ဆိုတာ နင်သိမှာပေါ့။ နင်လည်း B ပိုးကာကွယ်ဆေး ထိုးသလို ငါလည်း ထိုးထားတယ်လေ။ အေး... ကာကွယ်ဆေးဆိုတာ ဘာလဲ? တကယ်တော့ ကာကွယ်ဆေးဆိုတာ အဲဒီပိုးအနုစားကိုပဲ တို့ကိုယ်ထဲ ထည့်ပေးလိုက်တာပဲ မဟုတ်ဘူးလား။ အခုလည်း ဒီသဘောပဲ မီ... တို့ အိမ်ထောင်ရေးဟာ သိပ်နွေးနွေးထွေးထွေး မရှိလှဘူးလေ။ ပြီးတော့ နောင်နောင်ဟာ ပိုက်ဆံရှိတယ်။ ကပ်လာနိုင်တဲ့ မိန်းကလေးတွေရှိသလို သူ့ အနေနဲ့လည်း လက်တည့်စမ်းချင် စိတ်ရှိမှာပဲ။ ဒီ့အတွက် သူ့ဖာသာသူ ရှာတွေ့လာမယ့်အချိန်ကို စောင့်တာထက် ကိုယ်က အခြေအနေတစ်ခုဖန်တီးပေးပြီး ကိုယ့်ခြံထဲက လူဖြစ်အောင် လုပ်လိုက်တာ ပိုကောင်းမယ်လို့ ငါ စဉ်းစားမိတယ်လေ...”

“ဟင်း... ဒါ့ကြောင့် ငါကိုလည်းခြင်းထဲက ကြက်မကြီးလို သဘောထားပြီး... သရုပ်ဆောင်ခိုင်းခဲ့တာပေါ့လေ...”

“ဒါကတော့... နင်က လှပပြီး စွဲဆောင်မှုရှိတာကြောင့်ပါ။ မဟုတ်ရင်တော့ မသုံးပါဘူး”

“ခွေးစုတ်မ... သေဦးမယ်။ ငါ နှဲ့တာတောင်နဲ့မလာတဲ့ နင့် ယောက်ျားအတွက် နင် ဂုဏ်ယူနေတာပေါ့လေ...”

“ဟား ဟား ဂုဏ်မယူပါဘူးဟာ... သူက ငါ့ကို သစ္စာရှိချင်တာ... အိမ်ထောင်ရေး မဖောက်ပြန်ချင်တာထက်... သူ့ကိုယ်သူ ပိုချစ်တာ... သူ ဒုက္ခရောက်မယ့်ကိစ္စဆို မလုပ်တာလို့ပဲ ငါ သတ်မှတ်တယ်...”

“ဘယ်လို... ဘယ်လို...”

ဒီတစ်ခါ အမြဲတမ်း လိုက်မှီနေသည့် မီ ပင်လျှင် လိုက်မမှီနိုင် ဖြစ်သွားရသည်။ တည် နှင့် မီဟာ ဟိုးကလေးပိစိဘဝထဲက သူငယ်ချင်းတွေမို့ အတူကြီးပြင်းလာရချိန်မှာလည်း သူ ဘယ်လိုအတွေးအခေါ်၊ ကိုယ် ဘယ်လိုအတွေးအခေါ်ဆိုတာတွေ သိနေပြီးသားမို့ ဘာပြောလိုက်လျှင် ဘာကို ဆိုလိုချင်တယ်ဆိုတာ သဘောပေါက်ပြီးသား။ မီ က ဆယ့်လေးနှစ်သမီးမှာ ဖခင်ပြောင်းရွှေ့သွားသော အမေရိကားသို့ လိုက်ပါသွားခဲ့ရပြီး သူငယ်ချင်းနှစ်ယောက် ကွဲကွာခဲ့ရသော်လည်း တိုးတက်လာသော နည်းပညာတွေကြောင့် အဆက်အသွယ် မပြတ်ခဲ့ကြချေ။ နောက်ပိုင်း တည်က အမေရိကားမှ ကျောင်းလာတတ်သေးသောအခါ ပိုနီးကပ်ခဲ့ရပြန်သည်။ မိန်းကလေးဖြစ်သော်လည်း မိန်းမ သိပ်မဆန်သော တည့်ရဲ့ အတွေးအခေါ်တွေအတွက် အမြဲ ဦးညွှတ်ရသလို တည်ရဲ့ အိမ်ထောင်ရေးဒဿနမှာလည်း မီ ဝင်ကူညီခဲ့သည်။ တည့်ရဲ့ ဇာတ်ညွန်းအတိုင်း ဆိုပါတော့။

“နင့် စကားကို နားမလည်တော့ဘူး... အခု ဒီကိစ္စမှာ သူ ငါနဲ့ အကန့်ကို ရှေ့ဆက်မတိုးတော့တာ၊ ဖြတ်ချလိုက်တာဟာ နင့်အပေါ် သစ္စာရှိလို့ မဟုတ်ပဲ သူကိုယ်သူ ပိုသိတတ်လို့... ဟုတ်လား”

“ဟုတ်တယ်... ယောက်ျားတွေဟာ သူတို့ကို ချုပ်နှောင်တာကို အမုန်းဆုံး... သဘောမကျဆုံးပဲ မီ... နောင်နောင့်လို ယောက်ျားမျိုးက လွတ်လပ်မှုကို ပိုတောင်ကြိုက်သေးတယ်။ အဲဒီလိုကြိုက်လို့ပဲ နင်နဲ့ ပတ်သက်မှုကို ရှေ့မဆက်ခဲ့တာပဲ... ဒါတွေကို လိုတာထက် ပိုငြိမိရင် သူ့အတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာ သူ သိနေတာပဲ... သူ တော်တယ်လို့ ပြောရမယ်...”

“ဘုရားရေ... နင် ဘယ်တုန်းကမှ အထင်မကြီးခဲ့တဲ့ ယောက်ျားကို နင် ချီးကျူးနေတယ် ဟုတ်လား”

“အံမယ်... ငါ အထင်မကြီးဘူးလို့ မပြောခဲ့မိပါဘူးနော်...”

“ဒါဆို... အထင်ကြီးခဲ့တယ်ပေါ့... ဟုတ်လား”

“နင် တစ်ခါမှ မတွေးကြည့်ဖူးဘူးလား မီ... ငါ့လို မိန်းမတစ်ယောက်က သူ့ကို အချစ်မပါဘဲနဲ့ လက်ထပ်ခဲ့မယ်လို့ ထင်လား”

“OMG: ဒါဆို နင်... သူ့ကို ချစ်ခဲ့သေးတယ်ပေါ့ ဟုတ်လား”

“သူ့ကို ချစ်ခဲ့လို့ပဲ... ဖေဖေက အိမ်ထောင်ဘက်ရွေးခိုင်းတဲ့အခါ... သူ့ကို ရွေးပြခဲ့တာလေ...”

“ဟယ်... ဒါတွေကို သူ သိအောင် နင်ပြောဖို့ စိတ်ကူးမရှိတော့ဘူးလား တည်...”

“အစီအစဉ်ရှိပါတယ်... အခု စာမေးပွဲအောင်သွားပြီဆိုတော့ အစီအစဉ်ဆွဲရတော့မှာပေါ့...”

“အောင်ရုံပဲလား... ဂုဏ်ထူး မပါဘူးလား”

“ပါစရာလားဟဲ့... နင့်ကို အီစကလီ ပြန်လုပ်ခဲ့တာပဲဟာ... ဒါပေမယ့် ဒီလောက်တော့ ရှိမှာပေါ့လေ။ ယောက်ျားတွေရဲ့ သဘာဝကို ငါ နားလည်ထားတာပဲ...။ အိုခေ လေယာဉ်ပေါ်တက်လို့ ရလောက်ပြီထင်တယ် မီ...။ နင် သွားတော့လေ...”
မီက... ဘန်ကောက်ကတဆင့် အမေရိကား သို့ ပြန်တော့မှာဖြစ်သည်။ တည် ကတော့ တရားစခန်းဝင်မယ်ဆိုပေမယ့် အဲဒီနေ့ထဲက ဘန်ကောက်မှတဆင့် ချင်းမိုင်မှာ သင်္ကြန်ရက်တွေလာအနား ယူနေခဲ့တာဖြစ်ပါသည်။ ခုတော့ မီ့ကို လေဆိပ်မှာ နှုတ်ဆက်နေကြတာဖြစ်သည်။

“အေး... ငါသွားတော့မယ် တည်...။ ငါက တော့ နင့်ကို ကြည့်ပြီး အပျိုကြီးလုပ်ချင်စိတ် ပိုပေါက်တယ်”

“ဟား ဟား လုပ်လေ... ကောင်းသားပဲ”

တည် နှင့် မီက... ရင်ချင်းအပ်ပွေ့ဖက်နှုတ်ဆက်ပြီးနောက် မီက အင်မီဂရေးရှင်းဖြတ်ရန် အထဲသို့ ဝင်သွားလေပြီ။ မီ့ ကျောပြင်လေး ပျောက်ကွယ်သွားမှ တည်က လှည့်ထွက်လာခဲ့သည်။ မကြာခင် သင်္ကြန်ရက်ကုန်ဆုံးကာ နှစ်သစ်သို့ ကူးပြောင်းတော့မည်။ တည့် ကိုယ်ပေါ်တွင် သင်္ကြန်ရေတစ်စက်မှ မစိုခဲ့သော်လည်း နှစ်ဟောင်းက သံသယ အချို့ နှစ်သစ်ကို ပါမသွားဘဲ နှစ်သစ်လက်ဆောင်အဖြစ် နောင်နောင်ရဲ့ ဆုံးဖြတ်ချက်ကို သိလိုက်ရ၍ ဝမ်းသာမိသည်။ နောင်နောင်ကတော့ ဘာမှသိ မည်မဟုတ်။ သူ မသိသော နှစ်သစ်လက်ဆောင် တစ်ခု သူ့ဆီက တည် ရခဲ့သော်လည်း သူကတော့ တည့်ထံက ဘာမှ မရသေး။ နှစ်သစ်လက်ဆောင် အဖြစ် သူ့ကို တည် ဘာပေးရင်ကောင်းမလဲ။

ပွင့်လင်းမြင်သာတဲ့ အချစ်လား... ?

တန်ဖိုးကြီး Branded အသုံးအဆောင် တစ်ခုခုလား... ?

တည် ကိုယ်တိုင် ချက်ပြုတ်စီမံသော ထမင်းဝိုင်းတစ်ခုလား... ?

ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ထံက ဘာအလိုချင်ဆုံးလဲ... ? ဒါကိုတော့ တည် တကယ်ပဲ မသိသေးပါ။ ဒီ့အတွက် အဖြေကိုတော့ သူ့ မျက်လုံးတွေထဲမှာ တိတ်တခိုးရှာဖွေရလိမ့်ဦးမည်။ တိတ်တခိုး စောင့်ကြည့်အကဲခတ်ရဦးမည်။ ဒါကိုက အိမ်ထောင်ရေး၏ ရသတစ်ခုပဲ ဖြစ်လိမ့်မည်။

သင်္ကြန်ဆိုတာ မဏ္ဍပပေါ်ရောက်နေသူအဖို့ အမြူးဓာတ်ခံလေးရှိနေသောကြောင့် မလှတာကိုလည်း လှတယ်ထင်ရသော၊ မကြိုက်တာကိုလည်း ကြိုက်တယ်ထင်ရသော၊ အပေါင်းလက္ခဏာဆောင်သည့် ဖီလင်တက်တတ်ပေရာ ဒီလို အနေအထားမှာတောင်... မျောပါမသွားသော ယောက်ျားအတွက် တည် ထိုက်ထိုက်တန်တန်တော့ ဂုဏ်ပြုချင်သေးသည်။

ဒါကိုပင် အချစ်စမ်းသူတို့ရဲ့ သင်္ကြန်လို့ပဲ နာမည်တပ်ရတော့လေမား... မပြောတတ်တော့ပါချေ...။        ။