မိမိကိုယ်ကို ဗဟိုပြုခြင်း ပြဿ နာ နှင့် အိမ်ထောင်ရေး

မိမိကိုယ်မိမိ ဗဟိုပြုခြင်းဟာ အိမ်ထောင်ရေးအများစုမှာ အပျက်ကိုဦးတည်နေတဲ့ ပြဿနာတစ်ရပ်ဖြစ်နေစေသလို အိမ်ထောင်တိုင်းမှာ အမြဲတမ်းတည်ရှိနေတဲ့ ရန်သူပါပဲ။ ဒါဟာ ကင်ဆာလိုမျိုး အိမ်ထောင်ရေး မြစ်ပွားနာဖြစ်တဲ့အတွက် အမြန်ကုသဖို့ လိုပါတယ်။

“အချစ်ဆိုတာ စိတ်ရှည်တယ်။ ကြင်နာတယ်။ အချစ်မှာ ကြွားဝါခြင်းမရှိသလို ဂုဏ်မောက်ခြင်းလည်း မရှိပါဘူး။ အချစ်ဟာ မရိုင်းပြသလို ကိုယ်ကျိုးအတွက်လည်း မဟုတ်ပါဘူး။ အချစ်ဟာ မိမိကိုယ် မိမိဗဟိုပြု ဦးတည်မနေဘူး။” မိမိကိုယ်မိမိ ဗဟိုပြုတဲ့ သူတွေမှာ စိတ်မရှည်ခြင်း၊ အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ ပြောစကားတွေထဲမှာ  ကြင်နာမှု အရိပ်အယောင် မပါခြင်း၊ သူတစ်ပါးရဲ့ ပိုမိုကောင်းမွန်တဲ့ အခြေ အနေတွေကို အားကျသိမ်ငယ်ခြင်း၊ အတိတ်က အနာဟောင်းကို တူးဆွခြင်း၊  သူတစ်ပါးကို အပြုအမှုနဲ့ဖြစ်စေ၊ စကားနဲ့ဖြစ်စေ နာကျင်စေခြင်း တို့ပါပဲ။

ထုတ်လုပ်သူ၊ စာရေးဆရာ၊ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Dana Adam Shapiro ရဲ့ အိမ်ထောင်ကွဲသူများနဲ့ အမေးအဖြေပြုလုပ်ခြင်းမှာ မိမိကိုယ်မိမိ ဗဟိုပြုခြင်းဟာ အိမ်ထောင်ရေးပြိုကွဲရခြင်းကို အဓိကဖြစ်စေတယ်ဆိုတာ တွေ့ခဲ့ ရပါတယ်။ ခင်ပွန်း၊ ဇနီးသည်ရဲ့ မိမိကိုယ်မိမိ ဗဟိုပြုခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အိမ်ထောင်ဖက်ဆီက တန်ပြန်တဲ့ စိတ်မရှည်မှု၊ ရက်စက်မှု၊ အေးစက်မှုတွေကို ရရှိလာစေပါလိမ့်မယ်။ 

အိမ်ထောင်တစ်ခုမှာ မိမိကိုယ်ကို ဗဟိုမပြုဘဲ  ကိုယ့်လိုအပ်ချက်ထက် ခင်ပွန်း၊ ဇနီး လိုအပ်မှုကို ရှေ့တန်းတင်ရမယ့် စိတ်ဝိဥာဉ် တစ်ခုလိုအပ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးမှာ အမှန်တကယ် ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတာကတော့ စွန့်လွှတ် အနစ်နာခံမှုပါပဲ။ မိမိထက် ကိုယ့်ခင်ပွန်း၊ ဇနီးသည်ရဲ့ ပျော်ရွှင်မှုကို  ဦးစားပေးလိုက်ပြီးနောက် ရရှိလာတဲ့ ကိုယ့်ပျော်ရွှင်မှုပါ။

တစ်ချို့က မေးပါလိမ့်မယ်။ “ကျွန်တော်/ကျွန်မ လိုအပ်ချက်ထက် ခင်ပွန်း/ဇနီးသည်ရဲ့ ပျော်ရွှင်မှုကို  အရေးပေးခဲ့ရင် ကိုယ့်အတွက် ဘာရမလည်း” အဖြေကတော့ “ပျော်ရွှင်မှု” ပါပဲ။ ဇနီး၊ ခင်ပွန်းကို ပျော်ရွှင်ခွင့်ပေးလိုက်ခြင်း၊ ထိုက်ထိုက်တန်တန် သူ့အပေါ် ချစ်ပြလိုက်ခြင်းကနေ ပြန်လည်ရရှိလာတဲ့ ပျော်ရွှင်မှုပါပဲ။

“ငါ… စွဲ (Me- Marriage) အိမ်ထောင်ရေး ယဉ်ကျေးမှုတွေ လွှမ်းမိုးနေတဲ့ ယနေ့ခေတ်မှာတော့ အထက်က ပြောပြခဲ့တဲ့... ကိုယ့်ခင်ပွန်း/ ဇနီးသည်ရဲ့ ပျော်ရွှင်မှုကို မိမိပျော်ရွှင်မှုထက် ဦးစားပေးခြင်း... အဆိုဟာ အဖိနှိပ်ခံဖြစ်နေပါပြီ။

အိမ်ထောင်ရေး ပြဿနာကြုံတိုင်း ပထမဦးစွာ ရှာဖွေကြည့်ရမယ့် အရာကတော့ ဘယ်လောက်အတိုင်းအတာအထိ မိမိကိုယ်မိမိ ဗဟိုပြုနေသလဲ၊ ကိုယ့်ခင်ပွန်း၊ ဇနီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုစိတ် ရှိသလည်း ဆိုတာပါ။ အိမ်ထောင်ရယ်လို့ဖြစ်လာရင် မိမိကိုယ်မိမိ မပိုင်တော့ပါဘူး။ ဒါကို စစ်ထဲဝင်ခြင်း ဥပမာနဲ့ ခိုင်းနှိုင်းလိုပါတယ်။  စာဖတ်သူအနေနဲ့ စစ်တပ်ထဲဝင်လိုက်ပြီဆိုတာနဲ့ ကိုယ့် အချိန်ဇယား၊ ကိုယ့် အားလပ်ရက်၊ ကိုယ်ဘယ်အချိန် အစာစားမလည်း၊ ဘာစားမလည်းကအစ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ကိုင်လို့ မရတော့ပါဘူး။ ဒီသဘောပါပဲ။ မိသားစုတစ်ခုဖြစ်လာဖို့၊ ပိုမိုစည်းလုံးတဲ့ အ၀န်းအ၀ိုင်းလေးဖြစ်လာဖို့ဆိုရင် စာဖတ်သူရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အခွင့်အရေးတွေကို ခ၀ါချရပါမယ်။ ဒါကတော့ အိမ်ထောင်ရေးမှာ အလွန်တရာ အခြေခံကျတဲ့ အုတ်မြစ်ပါပဲ။

ဒီအချက်ဟာ အဖိနှိပ်ခံသဘောသက် ရောက်နိုင်ပါတယ်။ ဒါပေမယ့်လည်း အိမ်ထောင်ရေး၊ ဆက်ဆံရေးတိုင်းအတွက်တော့ အလုပ်ဖြစ်ပါတယ်။

ကျွန်မတို့ သယ်ဆောင်လာခဲ့တဲ့ ဒဏ်ရာတွေ
ကျွန်မတို့အနေနဲ့ မိမိကိုယ် မိမိ ဗဟိုပြုနေသူလားဆိုတာကို မမြင်နိုင်တဲ့ အကြောင်းအရာများစွာရှိပါတယ်။ အဲဒီအကြောင်းအရာများစွာထဲက အရေးကြီးတဲ့ အရာတစ်ခုကတော့ တစ်ချိန်က မိဘ၊ ချစ်သူ၊ အရင်အိမ်ထောင်က ယောက်ျား/ 
မိန်းမရဲ့ နိုင်ထက်စီးနင်းကို ဆက်ဆံခံခဲ့ရတဲ့ ဒဏ်ကြောင့်ပါပဲ။ သားသမီးကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် နှုတ်နဲ ချိုးနှိမ်ပြီး အပြစ်ပေး အနိုင် ကျင့်တဲ့ မိဘ။ ကိုယ့်အပေါ် သစ္စာဖောက်ခဲ့တဲ့ ချစ်သူ၊ ရည်းစားတွေကြောင့်ပါပဲ။ ဒီ “ဒဏ်ရာဒဏ်ချက်” တွေဟာ ဆန့်ကျင်ဘက် လိင်တစ်ယောက်ကို ယုံကြည်ဖို့ အင်မတန်ခက်ခဲစေသလို၊ ကိုယ့်ဘာသာကိုယ် သံသယဖြစ်နေစေခြင်း၊ အပြစ်ရှိသလိုခံစားနေရခြင်း၊ နာကျဉ်းခြင်းနဲ့ စိတ်ထိခိုက်ခြင်းတို့ ပေါင်းစပ်စုဝေးထားချက်တွေကနေ ဖြစ်တည်လာတာပါ။ 

မိမိကိုယ်ကို ဗဟိုပြုသူ (self-centered person) 
ဟုတ်မဟုတ် အောက်ပါမေးခွန်းလေးတွေ ဖြေကြည့်ရအောင် 
၁။    အဘွားအိုတစ်ဦး အထုတ်အပိုးတွေနဲ့ မနိုင်မနင်း လမ်းလျှောက်လာတာတွေ့ရင် သင် ဘာလုပ်ပါမလဲ။
       ဒါ ကျွန်မ/ကျွန်တော့် ပြဿနာမှ မဟုတ်တာ။ ဘာကြောင့် အရေးစိုက်ရမလဲ။
       သူမကို ကူညီမယ်။
       ကြည့်နေရုံပါ။

၂။    တစ်စုံတစ်ယောက်ရဲ့ ပိုက်ဆံအိတ် မြေကြီး ပေါ်ကျနေတာ မြင်ရင် သင်ဘာလုပ်မလဲ။
       တစ်ခုခုသော ဆုချီးမြင့်မှုရလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်ပေးမယ်။
       တစ်စုံတစ်ခု ရယူလိုခြင်းမရှိဘဲ ပြန်ပေးမယ်။
       ပိုက်ဆံတစ်ချို့ကို နှိုက်ယူထားပြီး ပြန်ပေးမယ်။

၃။    ဈေးဝယ်ထွက်တဲ့အခါ ဘယ်သူတွေအတွက် ၀ယ်သလဲ။
       ကိုယ့်အတွက်ပဲ ကိုယ်ဝယ်တယ်။
       တစ်ခြားသူတွေအတွက် ၀ယ်တယ်။
       ကိုယ့်အတွက်ရော တစ်ခြားသူတွေအတွက်ရော ၀ယ်တယ်။

၎။    တံခါးကို သူများဝင်နိုင်ဖို့အတွက် ကိုင်ထားပေးတတ်ပါတယ်။ (ဆိုင်များတွင် တွေ့ရသော PUSH တွန်းပါ စာတန်းပါသည့် မှန်တံခါးများ)
       ကိုယ်ဝင်ပြီးတာနဲ့ ပိတ်ပါတယ်။ တစ်ခြားသူနောက်က လိုက်ဝင်တာ မ၀င်တာ ကိုယ့်ကိစ္စ မဟုတ်ပါဘူး။
       ဟုတ်ကဲ့။ ကိုယ်ဝင်ပြီးတာနဲ့ တစ်ခြားသူကပ်ပါလာရင် သူတို့အတွက် တံခါးကို ကိုင်ထားတတ်ပါတယ်။
       ဒါကတော့ ကျွန်မ/ကျွန်တော်ရဲ့ အဲဒီနေ့ စိတ်အခြေအနေပေါ် မူတည်ပါတယ်။

၅။    သူတစ်ပါး လှပအောင် ၀တ်စားလာရင် အရမ်းလှတာပဲ စသဖြင့် ပြောတတ်ပါသလား?
       မပြောပါဘူး။ သူများကိုယ့်ကို အရမ်းလှတာပဲ စသဖြင့် လောကွတ်ပြုရင်တော့ ကြိုက်ပါတယ်။
       တစ်ပါးသူကို လောကွတ်ပြုရတာရော ကိုယ့်ကို လောကွတ်ပြုတာကိုရော ကြိုက်ပါတယ်။

၆။    ကိုယ့်မှာရှိတဲ့ အရာကို သူများတွေနဲ့ မျှဝေသုံးစွဲဖူးပါသလား။
       ဘယ်တော့မှ မျှဝေမသုံးစွဲပါဘူး။
      ရှိတာကို ချက်ချင်း မျှဝေပါတယ်။
      တစ်ခြားသူကို မျှဝေခိုင်းပါတယ်။

၇။    တစ်စုံတစ်ယောက်နဲ့ တစ်စုံတစ်ရာ စိတ်သဘောမတူညီဘူးဆိုရင် သင်ဘာလုပ်ပါသလဲ။
        ကိုယ့်ဘက်ပါအောင် နားချပါတယ်။
       သူသဘောမတူဘူးဆိုရင်လည်း အဆင်ပြေပါတယ်။
       ဘာစကားမှ မပြောတော့ဘူး။

၈။    မိမိကိုယ်ကို ရှေ့တန်းတင်ပါသလား။
       ဟုတ်ကဲ့ မိမိကိုယ်ကို ရှေ့တန်းတင်ပါတယ်။
       ဒီလို ပြုလုပ်ခြင်းက တစ်ကိုယ်ကောင်းဆန်ပါတယ်။

၉။    လူမှုရေးအသင်းအဖွဲ့တစ်ခုကို လှူဒါန်းဖို့ ခိုင်းလာခဲ့ရင်။
       မလှူပါဘူး။
       ဟုတ်ကဲ့ လှူပါမယ်။
       တစ်ခြားသူဆီက အကူအညီတောင်းပါလို့ ပြောပါမယ်။
အထက်က လေ့ကျင့်ခန်းလေးကို ပြုလုပ်ပြီးပြီဆိုရင်တော့ မိမိကိုယ်မိမိ ဗဟိုပြုသူလားဆိုတာ ခန့်မှန်းနိုင်ပါတယ်။
ဒီလို ကိုယ့်ကိုယ်ကို ဦးစားပေးမှု စိတ်အခံရှိတဲ့သူတွေ အချိန်တန် အိမ်ထောင်ပြုကြတဲ့အခါ မလွှဲမရှောင်သာတဲ့ ပဠိပက္ခတွေနဲ့တွေ့ရော တစ်ချိန်က နာကျင့်ခဲ့ရတဲ့ မှတ်ဥာဏ်တွေဟာ မိမိကိုယ်ကို ဗဟိုပြုမယ့် ငါစွဲတွေ နိုးထလာပြီး အိမ်ထောင်ရေးမုန်တိုင်းတွေ မကြာခဏ ဆင်နွှဲကြပါတော့တယ်။
 
ကိုယ့်အိမ်ထောင်ဘက်က မိမိကိုယ် ဗဟိုပြုသူဖြစ်နေရင် ဘယ်လိုလုပ်မလည်း
လူတိုင်းဟာ နူးညံ့စွာ၊ လေးစားစွာ ဆက်ဆံခံရဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ရှိနေခဲ့တဲ့သူပေါ့။ ဒီလိုလူမျိုးတွေက ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာကို ဆတ်ဆတ်ထိမခံနိုင်ကြဘူးဆိုတာကို သဘောပေါက်ပါ။ သူတို့ တိတ်တခိုးတောင့်တနေသူဟာ သူတို့အပေါ် စစ်မှန်တဲ့စိတ်ထားနဲ့ ပဲ့ပြင်သွန်သင်ပေးမယ့် သူတို့ ဘ၀မှ တစ်ခါမှ မရှိဘူးခဲ့တဲ့ သူမျိုးပါ။

၁။    သူဘ၀မှာ ဘယ်လိုတွေ တွေ့ကြုံခဲ့ရသလည်းဆိုတာ သိအောင် လုပ်ပါ။
မိမိကိုယ် ရှေ့တန်းတင် ဗဟိုပြုနေတဲ့သူတစ်ယောက်ကို အပြစ်မြင်ဝေဖန်ကဲ့ရဲ့နေမယ့်အစား သူကို ဒီလိုဖြစ်အောင် ဘယ်လိုတွေ ဆက်ဆံ 
ခံခဲ့ရလည်း သိအောင်လုပ်ပါ။  ကိုယ့်လိုစိတ်ပိုင်းဆိုင်ရာ ဖေးမမှုတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ သူအနေနဲ့ သူ့ဘ၀ကို နားလည်ပေးပါ။

၂။    သူ့အပြုအမူဟာ ကိုယ့်ကို အနှောင့်အယှက် ဖြစ်နေစေတယ်လို့ ပြောပါ
ရိုသေလေးစားမှုနဲ့ အကောင်းမြင်တဲ့စိတ်ကို ဦးတည်ပြီး နှစ်ဦးသားဆက်ဆံရေးဟာ အဆင်ပြေနေပေမယ့် ရှေ့ဆက်ကြိုးစားဖို့ လိုနေသေးတယ် 
လို့ပြောပါ။ ဘာကြောင့် ဒီလိုဖြစ်ရလည်းဆိုတာကိုလည်း အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းနဲ့ ပြောဆိုပါ။ 

ထောက်ပြပြောဆိုပါ
အိမ်ထောင်ဖက်က ကြင်ကြင်နာနာနဲ့ ထောက်ပြပြောဆိုမယ်ဆိုရင် များသောအားဖြင့် မိမိကိုယ်မိမိ ဗဟိုပြုသူတွေဟာ သူတို့ရဲ့ဆိုးရွားစွာ ပြုမူတတ်မှုကြောင့် ဘယ်လိုရလဒ်တွေ ဖြစ်သွားစေခဲ့လည်းဆိုတာ သတိထားမိပြီး ဒီအပြုအမူတွေကို ဆင်ခြင်လာတတ်ပါတယ်။

သတိပေးပါ
အချိန်ကြာလာတာနဲ့အမျှ သူရဲ့ဗဟိုပြုမှု စိတ်ထားလျော့နဲလာပါသော်လည်း တစ်ခါတစ်ရံ အခြေအနေတစ်ခုမှာ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်လည်း လစ်လျှူရှုမထားဘဲ သတိပေးပါ။

တိုးတက်လာမှုကို မကြာခဏ စစ်ဆေးပါ
ကိုယ့်အိမ်ထောင်ဖက်ရဲ့ ဗဟိုပြုခြင်း စိတ်နေစိတ်ထားတွေ လျော့နဲလာပြီလား စစ်ဆေးပါ။ လျော့နဲလာပြီဆိုရင် သူရဲ့အဲဒီအပြုအမူအတွက် ချီးမွမ်းပြောဆိုပါ။

မာန်တင်းပါ
ကိုယ်က စိတ်ရှည်ရှည်နဲ့ သူရဲ့ စိတ်သဘောထားကို ပြင်ပေးပေမယ့်လည်း ပြင်ဆင်လိုစိတ် မရှိတဲ့သူဆိုရင်တော့ နှစ်ဦးသားဆက်ဆံရေးအတွက် ပြတ်ပြတ်သားသား ဖြေရှင်းဖို့ လိုအပ်တဲ့အချိန်မှာ ဖြေရှင်းလိုက်ပါ။ သူ့ရဲ့ အများမနှစ်သက်စရာ အပြုအမူတွေကို အကြင်နာနဲ့ ပဲ့ပြင်သွန်သင်ပေးမယ့်သူဟာ သင်ပါဆိုတာ နားလည်ခဲ့မယ်ရင် စစ်မှန်တဲ့ မေတ္တာအတွက် ရောင်ပြန်ဟပ်လာပါလိမ့်မယ်။

Timothy Keller ရဲ့ The meaning of Marriage မှ Self -Ceneredness ကို သဲဦးငယ် ကိုးကားကောက်နှုတ်တင်ပြသည်။