တစ်ခါတစ်ရံ၌ အချစ်သည်

မယ်ခိုင်

အချစ်ဆိုတာ ပူလောင်သည့် မီးတောက်ငယ် တစ်ခုမှန်းလည်း ကျွန်မသိသည်။ အချစ်သည် မီး တောက်ငယ်မကလို့ မီးပုံကြီးဖြစ်လင့်ကစား ကျွန်မ သည် စမ်းရေအေးလို့ ထင်နေဦးမှာအမှန်ပါ...။

နှစ်များစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူ့အသံသည် ကျွန်မအတွက် မနေ့တစ်နေ့က ကြားခဲ့ရသလိုပင် ကျွန်မအာရုံကို လန်းဆန်းစေဆဲပါ။ သူ့အကြည့်များကို ရင်ဆိုင်ခဲ့ရသည်မှာ စက္ကန့်ပိုင်း၊ နာရီပိုင်းကလိုပင် ယခုချိန်ထိ ကျွန်မနှလုံးသားကို နွေးထွေးစမြဲ ဖြစ်သည်။ မိုးဖွဲလေးတွေကျသော နေ့များဆိုလျှင် ကျွန်မမျက်လုံးများကို မှိတ်လိုက်တိုင်း သူနှင့်ဆုံခဲ့သည့် ကျုံးရေပြင်ကျယ်ကြီးကို မြင်ယောင်နေဆဲပါ။ 

ထိုနေ့က သူသည်မိုးပြာရောင်မိုးကာအင်္ကျီကြီးကို ခြုံ၍ ကျွန်မကို မိုးရေထဲ၌ စိုက်ကြည့်နေခဲ့သည်။ သူ့ကို ကျွန်မစိတ်ထဲရင်းနှီးနေသလို ခံစားရသည်။ သူ့ကို ကျွန်မဘယ်လောက်ထိ ငေးလိုက်သလဲဆိုတာ ကျွန်မ မသိပါ။ သူက ပစ်ပေးလာသော မိုးကာအင်္ကျီကိုပင် ကျွန်မ မိအောင်မဖမ်းလိုက်နိုင်တဲ့ထိပါပဲ။ ကျွန်မကို ကျောခိုင်းသွားသော သူ့ကျောပြင်သည် ကျွန်မနှလုံးသားကို ညှို့ငင်သိမ်းသွင်းလိုက် ပြီဖြစ်၏။

သို့သော် သူ့ဘဝနှင့် ကျွန်မဘဝသည် မိုးနဲ့ မြေကွာခြားမှန်း ကျွန်မသိခဲ့ရသည်။ သူက CK ရေေ မွှးကို အနံ့ပေါင်းစုံဆွတ်နေချိန်တွင် ကျွန်မသည် (၁၅၀၀)တန်နံ့သာနံ့ကိုပင် အနိုင့်အနိုင်ဝယ်သုံးနေရသည်။ သူက စူပါဆလွန်းကားလေးကို ကိုယ်တိုင်မောင်းပြီး ကျောင်းတက်နေပေမဲ့ ကျွန်မကတော့ ဆိတ်ငါးကောင်တံဆိပ် စက်ဘီးလေးကို သံချေး တက်သောနေရာ၌ ဆေးသုတ်ကာ ဟန်မပျက်စီးနေရသူပါ။ သူသည် ဝေလငါးကြီးဆိုပါစို့ ကျွန်မသည် ခရုငယ်တစ်ကောင်မျှ အနေအထားရှိသည်။ ကျွန်မသည် သူ့ရှေ့၌ ခြင်္သေ့မင်းရှေ့ရောက်နေသော ရှဥ့်ငပေါတစ်ကောင်ပမာ သူ့အကြည့်များအောက်တွင် အကြိမ်ကြိမ်အညံ့ခံခဲ့ရဖူးသည်။ သူအလိုမကျလျှင် ကျွန်မကိုမျက်နှာသေဖြင့် ကြည့်တတ်ပြီး ကျွန်မ၏ စကားအချို့ကို သူနှစ်သက်ချိန်၍ သူ့မျက်လုံးများသည် အရည်တွေရွှမ်းလဲ့နေတတ်သည်။ နူးညံ့စွာပြုံးပြတတ်သည်။ သူ့အပြုံးကို မြင်ရခဲလှသည်မို့ သူမသိအောင်... သူ့ကို ခိုးငေးခဲ့ဖူးသည်။

ကျွန်မကို ရွှန်းလဲ့ရီဝေစွာ ကြည့်နေသော သူ့ အကြည့်များကို ကျွန်မတုန့်ပြန်မကြည့်နိုင်ခဲ့ပါ။ ကျွန်မကို သူချစ်နေပါတယ်ဟုလည်း ကိုယ့်ကိုယ်ကို အထင်မကြီးနိုင်ခဲ့ပါ။ သူသည်ကျွန်မရဲ့ လက်ဖျားလေးများကို ဆုတ်ကိုင်ပြီး ချစ်ဖို့ကောင်းတယ်ဟု တစ်ကြိမ်မျှသာ ပြောဖူးသော်လည်း ကျွန်မနှလုံးသားထဲ အကြိမ်ထောင်သောင်းမက ပဲ့တင်ထပ်ခဲ့ ရသည်။ ထိုနေ့လေးကို ကျွန်မတစ်သက်မမေ့နိုင်ခဲ့ပါ။

ထိုနေ့က မိုးများရွာနေသည်။ ကျွန်မသည် မိုးခြိမ်းသံနှင့် လျှပ်စီးကို အသည်းခိုက်မတတ် ကြောက်လန့်တတ်သော်လည်း သူ့စကားသံကို ကြားလိုက်ရသော တခဏ၌ မိုးခြိမ်းသံကိုရော လျှပ်စီးကိုပါမေ့သွားခဲ့သည်။ ကျွန်မနှလုံးသားထဲ၌  မိုးခြိမ်းသံသည် သူ့အသံလောက် ပါဝါမရှိတော့ပေ။ လျှပ်ရောင်သည် သူ့မျက်ဝန်းလောက် မတောက်ပ တော့ပေ။ သူ့ကိုချစ်တယ်ဟု အဆက်အစပ်မရှိ အော်ပြောချင်စိတ်ကို မိန်းမတစ်ယောက်၏ သိက္ခာ က အကြိမ်ကြိမ်ထိန်းချုပ်ခဲ့သည်။ ချစ်ဖို့ကောင်း တယ်ဆိုတဲ့နေရာမှာ “ချစ်တယ်”လို့ ပြောလိုက်ပါ တော့လားဟုလည်း အားမလိုအားမရ ဖြစ်ခဲ့ဖူးသည်။

သူသည် တက္ကသိုလ်ကျောင်းသားဆိုသော်ငြား  ကလေးဆန်သူတစ်ယောက်ပါ။ ချစ်သူတွေ မဟုတ်ကြသော်လည်း ရံဖန်ရံခါ ကျွန်မကို စိတ်ကောက်တတ်သည်။ သူကလွဲရင် တခြားသူတစ်ေ ယာက်ကို ပေါက်ကရပြောနေတတ်တာမျိုး သူ မကြိုက်ပါ။ ကျွန်မသည် သူ့စိတ်ကိုနိုးဆွလိုသောကြောင့် ပညာသားပါပါပင် သူ့အချစ်ဆုံး သူငယ်ချင်းနှင့် တမင်တကာရင်းနှီးအောင် နေပြခဲ့သည်။ ကျွန်မ အမှားကြီး မှားခဲ့ရသည်။ ကံကြမ္မာသည် ကျွန်မကို မျက်နှာသာမပေးခဲ့ပါ။ ကျွန်မ၏ ပစ်မှတ်သည် လွဲချော်သွားခဲ့ပြီး သူ့သူငယ်ချင်းသည် သူ့ရှေ့၌ပင် ကျွန်မကို ချစ်ခွင့်ပန်ခဲ့လေသည်။ ကျွန်မ တုန်ယင်ချောက်ချားခဲ့ရသည်။ မှားပြီဆိုတာ သိလိုက်သော်လည်း ထိုအမှားကို ကျွန်မပြင်ဆင်ချိန်မရတော့ပါ။ ဘာကြောင့်လဲဆိုတော့ သူ့အပြုံးကြောင့် ဖြစ်သည်။ သူရှက်နေ၍လား... မခံမရပ်ဖြစ်နေတာပဲလား... သဘောရိုးနှင့် ရိုးရိုးသားသားပြောတာပဲလားဆိုတာ ခုချိန်ထိ ကျွန်မသဲသဲကွဲကွဲမသိပေမဲ့ သူက “ကြိုက်လိုက် ဒီကောင့်အနေအထားက ငြင်းစရာတစ်ကွက်မှ မရှိဘူး”ဆိုသော စကားတစ်လုံးကို ပြောခဲ့လေသည်။

ကျွန်မသည် ထိုနေရာ၌ ရှုံးပွဲချငိုကြွေးလိုက်ချင်သည်။ ကျွန်မနှလုံးသားတစ်ခုလုံး နာကျင်သွားသည်။ “ရက်စက်လိုက်တာ... ငါ့စိတ်ကို မသိရလေခြင်း”ဟုလည်း နှောင်ကျင်မိသည်။ ကျွန်မနှလုံးသား နာကျင်သွားသလို သူ့နှလုံးသားကိုလည်း နာကျင်စေလို၍ သူ့သူငယ်ချင်းနှင့် ကျွန်မတွဲပစ်လိုက်သည်။

ထိုနေ့မှစ၍ သူ့အပြုံးများသည် သူ့နှုတ်ခမ်းဖျား၌ ပျောက်ဆုံးသွားရလေသည်။ သူသည် ကျွန်မရှိရာအဆောင်သို့လည်း မလာတော့ပေ။ ကျွန်မကိုလည်း “ရုပ်ဆိုးမလေး”ဟု အရင်လိုမနောက်ပြောင်ေ တာ့ပေ။ သူ ကျွန်မကို မုန်းသွားပြီလားဆိုသော သံသယစိတ်သည် ကျွန်မကိုအရှင်လတ်လတ်မီး သဂြိုလ်လိုက်သလို ကျွန်မခံစားခဲ့ရသည်။ ကျွန်မ ရင်ထဲသို့ နောင်တတို့တိုးဝင်စပြုလာသည်။ လက်ရှိတွဲနေသောကောင်လေးထက် ကျွန်မ... သူ့ကိုသာ မျှော်နေမိသည်။

တစ်နေ့သ၌ သူသည် သူ့သူငယ်ချင်းနှင့်အတူ ကျွန်မရှိအဆောင်သို့ ရောက်လာခဲ့သည်။ သူရော သူ့သူငယ်ချင်းပါ မျက်နှာမကောင်းကြပေ။ ဘာဖြစ်ထားမှန်းတော့ ကျွန်မမသိပါ။ နောက်နေ့၌ သူရောက်လာပြန်သည်။ သူက ကျွန်မကို အပြင် သို့ခေါ်ထုတ်သည်။ သူနှင့်နှစ်ယောက်တည်း အပြင်သွားရတော့မှာမို့ ကျွန်မရူးမတတ် ပျော်ရွှင်ခဲ့ရသည်။

x​ x x x x

ညနေစောင်းမို့ လေပြည်ညှင်းသည် ကျွန်မ ဆံနွယ်များကို ကျီစယ်နေလေသည်။ ကျွန်မသည် လေညာမှာထိုင်နေခဲ့သူမို့ ကျွန်မဆံနွယ်များက သူ့ မျက်နှာကို ရိုက်ခတ်နေသည်။ ထိုအခါသူက ကျွန်မ ဆံနွယ်များကို သပ်သိမ်းကာ ဆံနွယ်ကိုနားရွက် ကြား ညှပ်ပေးလေသည်။ ကျွန်မရင်ခုန်လိုက်တာ... သူ့ကို ပြန်မကြည့်ရဲလောက်အောင်ပါပဲ။ သူသည် ကျွန်မကို စကားတစ်ခွန်းမှ မပြောဘဲ စိမ်းညှို့နေေ သာ ဗေဒါပင်ပေါက်ကလေးများကိုသာ ငေးကြည့်နေသည်။ ကျွန်မလည်း သူ့ကိုစကားတစ်လုံးမျှမ ပြောပါ။ ကျွန်မတို့နှစ်ယောက်ကြား စကားသံမရှိေ သ်ာငြား စကားလုံးတွေအများကြီး ပြောပြီးသွား  ပြီဟု ကျွန်မနားလည်လိုက်သည်။ သူ့ထံမှ ချစ်တယ်ဆိုသော စကားလုံးကို အထပ်ထပ်ကြားနေရသလို ကျွန်မ ခံစားရသည်။ တစ်ဆက်တည်းမှာပင် သူ ကျွန်မအပေါ် ချစ်ခွင့်မပန်သည့်အကြောင်းအရင်းကို ကျွန်မအလိုလိုနားလည်သွားမိသည်။ သူသည် ကျွန်မကိုမယုံကြည်နိုင်ခြင်းသာ ဖြစ်လိမ့်မည်။ ကျွန်မက စကားကို ခပ်ပေါ့ပေါ့ပြောပြီး နောက် ပြောင်  တတ်သည်။ ကိုယ့်အပေါ် ပရိုပို့စ်လုပ်လာသူများအား ငြင်းရသည်ကို အရသာတွေ့တတ်သော မိန်းကလေးဖြစ်၏။ သူသည်မာနကြီးသည်။ လှပပြီး ချမ်းသာသော ဂုဏ်ရည်တူမိန်းကလေးများကိုပင် ဂရုစိုက်တတ်သူမဟုတ်ပါ။ သူ့ကို သူငယ်ချင်း မိန်းကလေးများ စကားပြောလာလျှင်ပင် သူပြန်ပြော  ချင်မှပြောသည့် လူစားမျိုးဖြစ်သည်။ သူ့လို မာနမင်းသားက... ကျွန်မငြင်းလိုက်မည့်အရေးကို မုန်းပုံပေါ်သည်။

ကျွန်မ သူ့ကို ဆွဲကိုင်လှုပ်ကာ “ငါ့မျက်လုံးကို နင်မမြင်ဘူးလား... ငါ့အပြုအမှုကို နင်မသိဘူးလား” ဟုသာ အသံကျယ်ကြီးဖြင့် ရန်တွေ့ဖြစ်ချင်သည်။ အကယ်၍သာ ကျွန်မသည် အသက်လေးဆယ်ကျော် ယခုချိန်ရောက်သည်ထိ သူ့ကိုစွဲစွဲမြဲမြဲ
ချစ်နေဦးမယ်ဆိုသည့် အနာဂတ်ကိုသာ ထိုအချိန်က သိမြင်ခဲ့ပါလျှင် ထိုနေ့က သူ... မပြောခဲ့သည့် စကားကို သူ့ကိုယ်စား ကျွန်မကပဲ သူ့ကိုပြောမိမှာ အမှန်ပါ...။ ထိုအချိန်က အနာဂတ်ကိုကြိုမသိသော ကျွန်မသည် ပစ္စုပ္ပန်၌သာ ရင်ခုန်နေခဲ့မိသည်။

ညမှောင်ရီပျိုးသောအခါ သူက ကျွန်မကို လိုက်ပို့မည်ဟု ပြောခဲ့သည်။ ကျွန်မအံ့သြသည်။ စကားတစ်လုံးမျှ မပြောဘဲ ခေါ်လာသောကြောင့် ကျွန်မကို အရူးလုပ်နေသလားဟု ရန်တွေ့မိသည်။ ထိုအခါသူက မပြောမဆိုပင် ကျွန်မမျက်နှာအနီး သို့ သူ့မျက်နှာကြီး တိုးကပ်လာခဲ့သည်။ ကျွန်မ ရင်ထဲကျွမ်းထိုးကောင် အကောင်တစ်သိန်းနီးပါး ပြောင်းဆန်ကုန်သည်။ သူ့အသက်ရှူသံသည် မည် မျှပင်တိုးစေကာမှု ကျွန်မအတိုင်းသားကြားနေရ သည်။ သူ့နှာခေါင်းမှ မူမမှန်သော ဝင်သက်ထွက် သက်ကိုလည်း ကျွန်မခံစားနေမိသည်။ ကျွန်မရဲ့ ရင်ခုန်သံကိုလည်း ကျွန်မထိန်းချုပ်ဖို့ခက်နေသည်။ ထို့ကြောင့် အခြေအနေသိပ်မဆိုးခင် သတိကို အသိသွင်းကာ ကျွန်မရှောင်လွဲလိုက်နိုင်သည်။

ထိုနေ့ညနေခင်း တခဏက ကျွန်မကို နောင်တ တရားတွေပေးလိမ့်မည်ဟု ထိုအချိန်က ကျွန်မ မထင်ခဲ့သည်မှာ ကျွန်မရဲ့အမှားကြီးတစ်ရပ်ပင်။ ထိုအချိန်ကသာ ကျွန်မ မရှောင်လွဲခဲ့ပါလျှင် သူနှင့် ကျွန်မရဲ့အနေအထားသည် တစ်ခုခုပြောင်းလဲသွား နိုင်သည်။ ယခုတော့ သူက ကျွန်မရဲ့အချစ်ကိုအထင်လွဲပြီး ကျွန်မကို ဦးအောင်ချန်ထားခဲ့ပါပြီ...။ “အချစ်ဆိုတာ အတူရှိချိန် မသိသာပေမဲ့ ခွဲခွာချိန်မှ အတိမ်အနက်ကို နားလည်သွားတယ်”ဆိုသည့် စကားသည် ကျွန်မအတွက်များ သီးသန့်ထုတ်ထားသလားဟု ထင်မိသည်။

သူ... ကျွန်မကို စွန့်ခွာသွားပြီးသောအခါ သူ့ သူငယ်ချင်းနှင့် စကားပြောရသည်မှာလည်း ကျွန်မ အတွက် အဆင်မပြေတော့ပါ။ သူ့သူငယ်ချင်းက လည်း ကျွန်မအပေါ်ခံစားချက်နည်းတယ်ဟု ကျွန်မ စိတ်ထဲထင်နေသည်။ ထိုအချိန်တွင် သူ့ကို တမ်းတ ခဲ့ပေမဲ့ သူသည် ကျွန်မနှင့်ရေခြားမြေခြားကို အပြီး  တိုင်ထွက်သွားပြီဖြစ်၏။ သူထွက်သွားသည်ကိုပင် ကျွန်မ မသိလိုက်တော့သည့်အဖြစ် ရောက်ရှိခဲ့ရသည်။ ကျွန်မငိုခဲ့ရသည်။

ကျွန်မကို နှုတ်မဆက်ဘဲ ထွက်သွားတဲ့သူကို ကျွန်မ မုန်းပါသည်။ တစ်ချိန်တည်းမှာပဲ ကျွန်မသူ့ ကို ချစ်နေမိသည်။ အကယ်၍သာ ကျွန်မရဲ့ရင်ခုန်သံကို ကျွန်မအစကတည်းက သိခဲ့ပါလျှင် သူ့အနမ်းကို ကျွန်မငြင်းမိမှာ မဟုတ်ပေ။ အခုတော့ မပြော ဖစ်ခဲ့သော စကားတစ်လုံးကို ကျွန်မရင်ထဲအနင့် ကြီးသယ်ပိုးထားရလေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

နေ့ကို ရက်စားသွားရင် ဒါတွေကို မေ့သွား မှာပါဆိုပြီး သီအိုရီကို ယုံကြည့်ခဲ့မိပေမဲ့ ကျွန်မသည် လူယုံသတ်ခြင်းကို ခံခဲ့ရပါသည်။ ရက်ကို လစားလေ ကျွန်မရင်ထဲက အချစ်ထုသည်က ပိုကြီးလာ လေခံစားရသည်။ သူကလွဲလျှင် ယောက်ျားသား တွေအားလုံးက ကျွန်မအတွက် ဖွဲနှင့်ဆန်ကွဲသာ ဖြစ်ခဲ့ရသည်။ ယောက်ျားသားတွေက ချစ်ဖို့ကောင်းတဲ့လူဟု ကျွန်မစိတ်ထဲမထင်တော့ပေ။ ကြုံဆုံလာသော ချစ်ခွင့်ပန်ခံရခြင်းများသည် ကျွန်မအတွက် အပျင်းပြေကဗျာတစ်ပုဒ်ဟုသာ သတ်မှတ်ခဲ့မိ သည်။

အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ၏အချစ်ကို ကျွန်မကြောက်လာမိသည်။ သူ့ကိုမျှော်နေခဲ့ပေမဲ့ သူရောက်လာခဲ့မှာကိုလည်း ကြောက်သည်။ သူ ရောက်လာခဲ့လို့ ကျွန်မမျှော်လင့်ထားသလို မဖြစ်မှာကိုလည်း စိုးရိမ်မိသည်။

ကျွန်မချစ်သလို... သူ ကျွန်မကို မချစ်မှာလည်း ကြောက်သည်။ “အဲဒီအချိန်တည်းက ငါ နင့်ကိုမချစ်ခဲ့ပါဘူး... ငါစိတ်လွတ်နေခဲ့တာပါ”ဟု ဝန်ခံခဲ့လျှင် ကျွန်မရူးရပါလိမ့်မည်။ ကျွန်မသူ့ကို တွေ့ချင်ပါသည်။ တွေ့ရမှာလည်း ကြောက်နေတဲ့ ကျွန်မက သူဘယ်မှာရှိနေသလဲဆိုတာကို မစုံစမ်းရဲတော့ပါ။

မာနကြီးသော သူကလည်း ကျွန်မရဲ့တည်နေရာကို တကူးတက စုံစမ်းပြီးလာတော့မှာ မဟုတ်ဘူးဟု ကျွန်မထင်သည်။ သူ့ကို ကျွန်မချစ်သည်။ သို့သော် ကျွန်မသူ့ကို မပိုင်ဆိုင်ချင်တော့ပါ။ သူ့ကိုဘဝထဲ ဆွဲခေါ်လာမိမည်ဆိုပါက ဘဝထဲအဆင် မပြေမှုအချို့နဲ့ ကြုံလာရတဲ့အခါ သူ့အပေါ်မေတ္တာပြယ်မိမှာကို ကျွန်မကြောက်သည်။

x x x x x

ကျွန်မရင်ထဲသူသည် နက်ရှိုင်းစွာ၊ သိမ်မွေ့စွာ၊ နက်နက်နဲနဲရှိနေလေသည်။ သူ့ကိုချစ်တဲ့အကြောင်းတွေကို သီကုံးပြီး သူ့ကိုမသိသော ကျွန်မ သူငယ်ချင်းကို ရင်ဖွင့်တဲ့အခါ ကျွန်မသူငယ်ချင်းက ကျွန်မကို အံ့သြဟန်မပြခဲ့ပါ... ဘာကြောင့်လဲဆို တော့ ကျွန်မသူငယ်ချင်းကလည်း “ရင်ထဲမှာ တိတ်တိတ်လေးချစ်ရတဲ့ လူရှိခဲ့တယ်တဲ့” ကျွန်မအံ့သြခဲ့ရသည်။ ဘာကြောင့်လဲဆိုတော့ ကျွန်မသူငယ်ချင်းသည် ကလေးတစ်ယောက်အမေဖြစ်နေပြီး သာယာသောမိသားစုဘဝကို တည်ဆောက်နေသူဖြစ် နေသည်။

ကျွန်မ မကျေနပ်ပါ။ ထို့ကြောင့် သူငယ်ချင်း နောက်တစ်ဦးကို ကျွန်မရင်ဖွင့်ခဲ့ပြန်သည်။ ထိုသူငယ်ချင်းကလည်း ရိုးရိုးသားသားပင် ကျွန်မကို ရှေးနည်းတူစွာ ဝန်ခံသွားလေသည်။ ထိုသို့ လူသိမခံသည့် လျှို့ဝှက်အချစ်သည် ကျွန်မတို့မိန်းမသားတွေ ရင်ထဲမှာရှိသလားဆိုသည့် မသင်္ကာစိတ်ကြောင့် သူငယ်ချင်း ယောက်ျားလေးတွေကြား ကျွန်မဝင် ရောက်စပ်စုမိတော့သည်။

အိမ်ထောင်ရှင် အမျိုးသားဖြစ်နေသော ကျွန်မ၏ သူငယ်ချင်းသုံးယောက်သည် သောက်ရင်းစားရင်းပင် ကျွန်မအရှေ့၌ အချစ်အကြောင်း ဝန်ခံသွားသည်။ သို့သော် သူတို့ခံယူထားသည်က “ရည်းစားဦးဆိုတာ လက်ထပ်ဖို့မဟုတ်ဘူး... လွမ်းဖို့တဲ့” ကျွန်မရင်ကွဲဝမ်းနည်းခံးစားလိုက်ရပါသည်။ သူလည်း ကျွန်မကို လွမ်းဖို့သက်သက်ချန်ထားခဲ့လေသလား...။

ကျွန်မသူ့ကို ချစ်ခဲ့တဲ့အချိန်တွေကို ကျွန်မ မနှမြောမိပါ။ ကျွန်မသူ့ကိုချစ်ခဲ့သည်မှာ သူ့အချစ်ကို မျှော်လင့်နေ၍ မဟုတ်ပါ။ သူနှင့် ပေါင်းဆုံရဖို့လည်း မဟုတ်ပါ။ ကျွန်မသူ့ကို ချစ်သည်။ ကျွန်မရဲ့ အချစ်ကို သူသိသည်ဖြစ်စေ... မသိသည်ဖြစ်စေ ကျွန်မသူ့ကိုချစ်မိသည်။ ကျွန်မခံယူမိသည့် အချစ်ဆိုသောအရာသည် ပိုင်ဆိုင်ခြင်းမဟုတ်၊ ပေးဆပ်ခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းမဟုတ်ပါ...။ အချစ်သည် ရိုးစင်းသည်။ ပကာသနကင်းသည်။ “အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုတာပါ”ဟုသာ ကျွန်မရင်ထဲ ရိုးသားစွာ ခံယူထားမိသည်။ သူနှင့် ကျွန်မပြန်ဆုံသည်ဖြစ်စေ... ပြန်မဆုံသည်ဖြစ်စေ... ကျွန်မ၏ ထာဝရ၌သူသည်...။