ရောင်စုံ အသည်းများ… ကိုယ်တိုင်ပြုလုပ်သည်

အချစ်များနဲ့ ဖေဖော်ဝါရီမှာ… ကိုယ်တိုင်ပြုလုပ်ထားတဲ့ အသည်းလေးတွေ ချစ်သူဆီပေးနိုင်ဖို့ ဒီစာမျက်နှာလေးတွေကတဆင့် ကူညီပေးလိုက်ပါရစေ။ HAPPY VALENTINE’S DAY !!!

၁။    ဖောင်းကြွအသည်း
ပြုလုပ်နည်းကလည်း သိပ်မခက်သလို၊ ကုန်ကျစရိတ်လည်း သိပ်မများဘဲ ချစ်စရာကောင်းတဲ့ ဖောင်းကြွအသည်းလေးတွေ ဘယ်လိုလုပ်မလဲဆိုတော့…

လိုအပ်သောပစ္စည်း
ရောင်စုံစက္ကူ
ကပ်ကြေး 
ကော်

ပြုလုပ်ပုံအဆင့်ဆင့်
၁။    ကြိုက်နှစ်သက်ရာ အရောင်ရှိတဲ့ စက္ကူပေါ်မှာ အသည်းပုံလေးတွေ ပုံဖော်ပြီး ကပ်ကြေးဖြင့် ညှပ်ပါ။
၂။    အသည်းအလယ်တည့်တည့်မှ ကပ်ကြေးဖြင့် ခွဲကြောင်းရာလေးပေးပါ။
၃။    ခွဲကြောင်းရဲ့ တစ်ဖက်စီမှာ ကော်အနည်းငယ်သုပ်ပါ။ (ကော်များသွားလျှင်စက္ကူ ပျော့ဖတ်သွားနိုင်သည်)
၎။    ပုံတွင်ပြထားသည့်အတိုင်း ခပ်ခုံးခုံးလေးဖြစ်အောင်ပုံစံပေးပြီး ခွဲကြောင်းနှစ်စကို ပူးကပ်လိုက်ပါ။
၅။    ဖောင်းကြွအသည်းလေး တစ်ခုရပါပြီ။
ကတ်ထူစက္ကူပေါ်မှာ တန်ဆာဆင်တာပဲဖြစ်ဖြစ်၊ နံရံပေါ်မှာ တန်ဆာဆင်တာဖြစ်ဖြစ် မိမိစိတ်ကူးရှိသလို ပုံဖော်ပြီး ချစ်သူကို အံ့သြ၀မ်းသာအောင် လုပ်ပေးလိုက်ပါနော်….

၂။    အသည်း ခြင်းတောင်းလေး
ချစ်စရာကောင်းတဲ့ အသည်းခြင်းတောင်းလုပ်နည်းကလည်း သိပ်မခက်ပါဘူး…

လိုအပ်သောပစ္စည်း
ရောင်စုံစက္ကူ 
ကပ်ကြေး 
ကော်

ပြုလုပ်ပုံအဆင့်ဆင့်
၁။    ကြိုက်နှစ်သက်ရာ အရောင်ရှိတဲ့ စက္ကူပေါ်မှာ ပုံမှာ ဖော်ပြထားတဲ့ ပုံစံအတိုင်းပုံဖော်ပြီး ကပ်ကြေးဖြင့် ညှပ်ပါ။
၂။    အလယ်တည့်တည့်မှ ခေါက်ပါ။
၃။    အကွာအဝေးတူတဲ့ လိုင်းကြောင်းလေးတွေအတိုင်း ကပ်ကြေးဖြင့်ညှပ်ပါ။
၎။    ပုံမှာပြထားတဲ့အတိုင်း ပထမဆုံးအပိုင်းကို ဖျာကွက်ပုံစံရအောင် ပုံဖော်ပါ။ (အရောင်မတူရင် ပိုပြီး ပုံပေါ်ပါတယ်)
၅။    ဒုတိအပိုင်းကိုလည်း ဖျာကွက်ပုံစံဖြစ်အောင် လုပ်ပါ။
၆။    (၄) ပိုင်းစလုံး အပြီးသတ်လိုက်တဲ့အခါ အသည်းပုံ ခွက်ကလေးတစ်ခုရပါပြီ။
၇။    စက္ကူပိုင်းကို ကော်သုတ်ပြီး ကြိုးအဖြစ် တပ်လိုက်တဲ့အခါ ချစ်စရာကောင်းတဲ့ အသည်းပုံ ခြင်းတောင်းလေးတစ်ခု သင့်လက်ထဲရောက်လာပါလိမ့်မယ်။
    Valentine’s Day မှာ ချစ်သူကိုပေးချင်တဲ့ လက်ဆောင်လေးတွေ ထည့်ပေးနိုင်တဲ့ အသည်းပုံခြင်းတောင်းလေးပါ။

၃။    Origami အသည်း
ဂျပန်ရိုးရာ စက္ကူခေါက်နည်းနဲ့ ခေါက်ထားတဲ့ ချပ်ချပ်ကပ်ကပ် အသည်းလေးတွေကလည်း ကုန်ကျစရိတ်နည်းပြီး သင့်ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်တဲ့ နည်းလမ်းတစ်မျိုးပါ…

လိုအပ်သောပစ္စည်း
ရောင်စုံစက္ကူ
(Origami စက္ကူကို အလွယ်တကူ ၀ယ်မရဘူးဆိုရင် ရောင်စုံစက္ကူကိုပဲ လေးထောင့်အတိအကျ ဆိုဒ်စုံဖြတ်ပြီး ကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်)

ပြုလုပ်ပုံအဆင့်ဆင့်
၁။    ကြိုက်နှစ်သက်ရာ အရောင်ရှိတဲ့လေး ထောင့်အတိအကျရှိတဲ့စက္ကူ (သို့) origami စက္ကူကို ခေါက်ချိုးရာပေးပါ။
၂။    နောက်တစ်ဖက်ကနေလည်း ခေါက်ချိုးရာပေးပါ။ စက္ကူပေါ်မှာ လေးထောင့်ကွက်လေးကွက် ရာပေါ်နေပါလိမ့်မယ်။
၃။    ကြိုက်နှစ်သက်ရာတစ်ဖက်ကနေ လေးပုံတစ်ပုံ ချိုးချလိုက်ပါ။


၎။    စက္ကူကို တစ်ဖက်သို့လှန်ပြီး ချိုးထားတဲ့နေရာမှာ မြှားချွန်လို ပုံစံရအောင် ပုံပါအတိုင်းခေါက်လိုက်ပါ။
၅။    တစ်ဖက်သို့ပြန်လှန်ပြီး ပုံပါအတိုင်းခေါက်ပါ။
၆။    အောက်ပိုင်းကို မြှားချွန်ပုံစံအတိုင်းရအောင် ပုံပါအတိုင်းထပ်ခေါက်ပါ။
၇။    အဲဒီ့ မြှားချွန်ကို ခေါက်ရာထက် အနည်းငယ်ကျော်ပြီး ချိုးချလိုက်ပါ။
၈။    ချိုးထားတဲ့ မြှားခေါင်းကို ဟနေတဲ့ စက္ကူခေါက်အတွင်း ထည့်လိုက်ပါ။
၉။    ပုံမှာပြထားတဲ့အတိုင်း အဆင့်ဆင့် အနားသပ်လိုက်တဲ့အခါ သပ်ရပ်တဲ့ Origami အသည်း ရပါပြီ။
ချစ်သက်တမ်းရက်ပေါင်း (၁၀၀) အတွက် အသည်းပေါင်း (၁၀၀)၊ ရက်ပေါင်း (၅၀၀) အတွက် အသည်းပေါင်း (၅၀၀) စသဖြင့် စိတ်ကူးရှိသလို ရောင်စုံအသည်းလေးတွေ ပြုလုပ်ပြီး ချစ်သူ့အပြုံးကို ရယူနိုင်ကြပါစေ…
ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူများနေ့ကို ဖြတ်သန်းနိုင်ကြစေဖို့ ချစ်ခြင်းများစွာဖြင့် ဆုမွန်တောင်းလိုက်ပါတယ်…