ကျွန်တော်နှင့် လူများအကြောင်း

People မဂ္ဂဇင်းအတွက် ကျွန်တော့်ကို စာမူလေးရေးပေးပါလို့... ဖုန်းဆက်လာတဲ့ မဂ္ဂဇင်းတာဝန်ရှိသူညီမငယ်ကြောင့်... အပတ်စဉ် ဂျာနယ်တွေ လစဉ်ထုတ်မဂ္ဂဇင်းတချို့တွေမှာ... ပင်တိုင်စာမျက်နှာယူပြီး ပရော်ဖက်ရှင်နယ် စာရေးဆရာဖြစ်မှန်းမသိ ဖြစ်လာရတဲ့ ကျွန်တော်... ဒီတစ်ခါလည်း မငြင်းနိုင်ဘဲ ဘာအကြောင်းပေးရင်ကောင်းမလဲ... စဉ်းစားခန်းဝင်ရပါတော့တယ်။ ဂစ်တာသမားဘ၀ကနေ စာစရေးကတည်းက ကျွန်တော့်ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့... ကျွန်တော်ရေးတဲ့ စာတစ်ပုဒ်မကျန် ကျွန်တော်တီးခဲ့တဲ့ သီချင်းတွေလို ပိုက်ဆံရလို့ တီးတဲ့စိတ်မျိုးနဲ့ မဟုတ်ဘဲ စာဖတ်သူ၊ သီချင်းနားထောင်သူတွေ တစ်ယောက်မကျန် ကျေနပ်နှစ်သိမ့်မှုရှိစေရမယ်၊ ခံစားပြီး ရင်ထဲတစ်ခုခု မကျန်ဘဲနဲ့ စာရေးရင်း အချိန်သိပ်မကြာခင် ရေးစရာကုန်သွားမှာပါဆိုပြီး စောင့်ကြည့်ခဲ့ကြသူတွေလည်း ရှိခဲ့ကြပါတယ်။ ကျွန်တော့်စာရေးသက် ၈ နှစ်ကျော်ကြာလာတော့ စောင့်ကြည့်သူတွေလည်း တဖြည်းဖြည်းနဲ့ စာဖတ်ပရိသတ်တွေ ဖြစ်သွားကြပါတော့တယ်။ 

ဒီလို စာရေးစရာ အကြောင်းအရာတွေ ဘာလို့များ နှစ်ပေါင်းများစွာ သီတင်းပတ်ပေါင်းများစွာ မကုန်နိုင် မခမ်းနိုင် သဘာဝသယံဇာတလို ထွက်နေရသလဲ သေသေချာချာ စဉ်းစားကြည့်တော့ ကျွန်တော်ဟာ ဟိုကိစ္စအကူအညီတောင်းလည်း ၀င်ပါ၊ ဒီလူအကူအညီတောင်းလဲ ၀င်လုပ်ပေး နောက်ဆုံးကုန်ကုန်ပြောရရင် (တစ်ခါက) ရေကျော်  မောင်အေး လက်ဘက်ရည်ဆိုင် မနက်ပိုင်းထိုင်နေ တုန်း စိတ်ဝေဒနာရှင် လူကြီးတစ်ယောက်ကို ခွေးတစ်ကောင်ကလိုက်ဆွဲဖို့ ဟောင်နေပါတယ်။ ပတ် ၀န်းကျင်မှာ လူပေါင်းများစွာရှိကြပေမဲ့ ဘယ်သူမှ ခွေးကိုမဟန့်တားကြသလို မသိသလိုနေကြတာကြောင့် စိတ်ရောဂါဝေဒနာရှင် လူကြီးကသာ ပြန်ပြီးခြောက်လှန့်နေတာ တွေ့ရပါတယ်။ အဲဒါကို လက်ဘက်ရည်ဆိုင်ထဲကတွေ့ရတဲ့ ကျွန်တော် မနေနိုင်ဖြစ်ပြီး အပြင်ပြေးထွက် ခွေးကိုခဲနဲ့ခြောက်လှန့်တော့မှ ခွေးကထွက်ပြေးသွားပါတော့တယ်။ လူတွေက ကျွန်တော့်ကို ၀ိုင်းကြည့်နေကြတာမြင်ပြီး ကျွန်တော်လဲ ရှက်ရှက်နဲ့ဆိုင်ထဲပြန်ဝင်ခဲ့ပါတော့တယ်။ လူတွေကြားထဲ စိတ်ဝေဒနာရှင်ကြီးကို ကူညီမိတာ ကိုယ်ကပဲ Hero ဖြစ်ချင်လို့လုပ်သလို  ဖြစ်သွားလဲ ကျွန်တော်ရှက်မိပေမဲ့ ရေကျော်ထဲမှာ ခွေးကိုက်တဲ့လူ ၆ ယောက်ရှိတဲ့အထဲ ကျွန်တော့် အစ်ကိုအရင်းလည်း ခွေးကိုက်ခံရလို့... ဆေးရုံမှာ ဆေးအမြောက်အများထိုးခဲ့ရတာ သိခဲ့ရတဲ့ ကျွန်တော်... ပိုက်ဆံမရှိ စိတ်ကလည်းမမှန် လမ်းဘေးအိပ်ရတဲ့ စိတ်ဝေဒနာရှင်များ ခွေးအကိုက်ခံရရင်ဆိုတဲ့ သနားစိတ်၊ ကိုယ်ချင်းစာစိတ်ကြောင့် အခုလို ကူညီမိခဲ့တာ ဘယ်သူမှ မသိကြပေမဲ့... ကျွန်တော် ရဲ့ မနေနိုင်တဲ့စိတ်ကို စာဖတ်ပရိသတ်တွေ ရိပ်မိကြမယ်ထင်ပါတယ်။ ဒီလိုလူတွေကြားထဲ သွားလာရင်း နိုင်ငံအနှံ့၊ နေရာအနှံ့၊ ကမ္ဘာအနှံ့ ဆိုရအောင် ခရီးတွေထွက်ရချိန် လူပေါင်းစုံနဲ့ပေါင်းပြီး ခရီးစဉ်တွေ ကျော်ဖြတ်ခဲ့ရချိန်... လူတစ်ချို့ရဲ့ ရယ်စရာပြဿနာတွေကို ကူညီခဲ့ရင်းကြုံခဲ့ရတဲ့ ဗဟုသုတတွေက စာရေးဆရာဖြစ်လာစေလို့... လူတွေကြောင့် စာရေးဆရာဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။ လူဆိုတာ တစ်ခါတစ်ခါကြတော့ ချစ်ဖို့ကောင်းပေမဲ့ တစ်ခါတစ်ခါ မုန်းဖို့ကောင်းတာတွေလည်း အများကြီးပါ။ ကျွန်တော်ဖတ်ဖူးတဲ့ မဂ္ဂဇင်းတစ်ခုမှာ ဖတ်ရတာလည်း သတိရမိပါတယ်။ နိုင်ငံခြားက တိုးရစ်မကြီးတစ်ယောက် ရန်ကုန်ကိုလာလည်ပါတယ် ရန်ကုန်ကိုရောက်ပြီး ခရီးသွားအေဂျင်စီတစ်ခုနဲ့ ချိတ်ဆက်ပြီး တစ်နိုင်ငံလုံးလျှောက်လည်ပါတယ်တဲ့... အဲဒီလိုခရီးသွားရင်း နယ်မြို့တစ်မြို့မှာ အပျင်းဖျားပါတော့တယ်။ ခရီးသွားကုမ္ပဏီက သူတို့ရဲ့ ဧည့်သည်တိုးရစ်အမျိုးသမီးကြီးကို ရန်ကုန်က ပုဂ္ဂလိက ဆေးရုံကြီးကိုပို့ဆောင်ပြီး ဆေးကုသပေး လိုအပ်တဲ့အစားအစာကအစ လိုလေသေးမရှိ ကူညီပေးလို့ နိုင်ငံခြားသူကြီးမှာ ကျေနပ်လွန်းလို့ မျက်ရည်လည်ရွှဲနဲ့ ကျေးဇူးတင်ကြောင်းပြောသတဲ့... သူ့ဆီကရတဲ့ ငွေကြေးထက် အဆပေါင်းများစွာ ကုန်ကျခံအခမဲ့ ဆေးကုသပေးတဲ့ တိုးရစ်ကုမ္ပ ဏီရဲ့ ကျေးဇူးကိုလည်း မမေ့ကြောင်းလေဆိပ်မှာ သေသေချာချာပြောပြီး သူ့နိုင်ငံပြန်သွားခဲ့ပါတယ်။ တစ်လလောက်ကြာတော့ နိုင်ငံခြားသူဆီက အဲဒီ  ခရီးသွားကုမ္ပဏီကို စာလာပါတယ်။ ကျေးဇူးတင်ကြောင်း စာပို့တယ်မှတ်နေတာ... သူနေမကောင်းဖြစ်တဲ့နေ့ကစပြီး မရောက်ဖြစ်ခဲ့တဲ့ အလည်အပတ်ခရီးစဉ်အတွက် သူပေးခဲ့တဲ့ငွေ ပြန်ပို့ပေးဖို့ အကြောင်းကြားစာဖြစ်နေပါတော့တယ်။ ကူညီတာကသက်သက် သူရသင့်ရထိုက်တာကသက်သက် ပါဆိုလို့၊ ခရီးသွားကုမ္ပဏီမှာ ရယ်ရမလို ငိုရမလို ဖြစ်ရပါတော့တယ်ဆိုပြီး ကျွန်တော်ဖတ်ဖူးခဲ့လို့ စိတ်ထဲက “လူတွေ” “လူတွေ”လို့တောင် ညည်းလိုက်ချင်မိပါရဲ့။ (အဲဒီအချိန်တုန်းက အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ “လူတွေ” “လူတွေ” သီချင်း မပေါ်သေးပါ)။ လူတွေကို ကူညီမိခဲ့တဲ့ ကျွန်တော့်အတွေ့ အကြုံနောက်တစ်ခုလည်း ရေးပြချင်မိပါတယ်။

မန္တလေးသင်္ကြန်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ကျွန်တော်တို့တီးဝိုင်း သွားတီးကြချိန်... အပြန်ခရီးကို နှစ်ဆန်းနှစ်ရက်နေ့ မနက်ရထားနဲ့ ရန်ကုန်ပြန်ခဲ့ကြပါတယ်။ အဲဒီအချိန်က အမြန်လမ်း မပေါ်သေးလို့ ရထားဘဲအားကိုးကြရတဲ့အချိန်ပါ။ ရထားကလဲ လူတွေများလွန်းလို့ ရတဲ့တွဲနဲ့ ပြန်ခဲ့ကြတဲ့ ကျွန်တော်တို့ရိုးရိုးတန်းက လိုက်လာခဲ့ပါ တယ်။ ရထားပေါ်မှာ ၃ နာရီလောက် ထိုင်ကြပြီးချိန်၊ သစ်သားထိုင်ခုံမတ်မတ်ကြီးနဲ့ ထိုင်ရတာ ကျောနာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျန်တဲ့ အတီးဆရာ ၃ ယောက်က အထက်တန်းခုံ အလွတ်တွေမှာ သွားထိုင်မယ်ဆိုပြီး တွဲစောင့်နဲ့ညှိတော့ ဈေးတည့်သွားပါတယ်။ သူတို့နဲ့အတူ ကျွန်တော်က မလိုက်ဘဲ နေခဲ့ပါတော့တယ်။ ပိုက်ဆံကြောင့် မဟုတ်ဘဲ ကျွန်တော်လိုလူဟာ သာမာန်လူလို ခရီးသွားချိန် အရှုံးပေးရတယ်ဆိုတဲ့ စကားကိုမခံစားနိုင်လို့... ဘယ်သူဘယ်လိုပြောပါစေ... ရိုးရိုးတန်းဘဲ စီးမယ်ဆိုပြီး ကိုယ့်နေရာက ဘယ်မှမရွှေ့ဘဲ လိုက် ခဲ့ပါတယ်။ ဒီအကြောင်းပြချက်အပြင် နောက်ထပ် အကြောင်းပြချက်တစ်ခုလဲ ရှိပါသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့တီးဝိုင်းရဲ့ လက်ထောက်မန်နေဂျာနဲ့ လက်တိုလက်တောင်းပစ္စည်းသယ် နှုတ်ချိတ်ပေးရတဲ့ လူ ၂ ယောက်ကလည်း ရိုးရိုးတန်းက အတူတူပါလာလို့... သူတို့ကိုတော့ ထားခဲ့ ပြီး ကိုယ်ကကောင်းတဲ့နေရာသွားစီးရမှာ မျက်နှာပူလို့ သူတို့နဲ့ဘဲ စီးမယ်ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ မနက်စာစားချိန်ရောက်လာတော့ ကျွန်တော်နဲ့ အတူပါလာတဲ့ လက်တိုလက်တောင်းလုပ်ပေးသူ “စိန်ပီထက်”ဆိုတဲ့ကုလားကြီးကို ထမင်းနဲ့ကြက် ကြော် ၄ ဘူးဝယ်ခိုင်းလိုက်ပါတယ်။ သူတို့ ၃ ယောက်နဲ့ ကျွန်တော်စားဖို့ဝယ်ခိုင်းလိုက်ပြီး သူတို့ ရတဲ့ပိုက်ဆံကနည်းလို့ ကျွန်တော်ကဘဲ စေတနာနဲ့ ဒါနပြုလိုက်တာပါ။ “တကယ်တော့ လမ်းမှာစားစရိတ် သူတို့ရပြီးသားပါ” သူတို့ပိုက်ဆံအကုန် နည်းပါစေဆိုပြီး ဘူတာမှာရောင်းတဲ့ ထမင်းဆီစမ်း နဲ့ ကြက်ကြော် ၄ ဗူးဝယ် ၁ယောက် ၁ဗူးစီ စားကြမယ်လုပ်ချိန်... ရီးယက်စ်လို့ နာမည်ပေးတဲ့ကလေး မရှိလို့ သူ့အတွက် ၁ ဗူးချန်ထားလိုက်ပါတယ်။ သူက အထက်တန်းတွဲက ဆရာသမားတွေ လိုအပ်တာ သွားဝယ်ပေးနေရလို့... ဒီကောင်လေး ထမင်းငတ်မှာဆိုးတဲ့ ကျွန်တော်... သူ့အတွက်ချန်ပြီး ကျွန်တော်စားဖို့ ထမင်းဘူးထဲ ကြက်ဥပြုတ်သည် ဆီက ကြက်ဥပြုတ်ထပ်ဝယ်ပြီး စားနေပါတယ်။ စာနေတုန်း အဲဒီကောင်လေးပြန်ရောက်လာချိန် မင်းစားဖို့ ထမင်းနဲ့ကြက်ကြော် ငါဝယ်ကျွေးတာဆိုပြီး ပေးလိုက်ပါတယ်။ ဆရာသမားလေးက သူ့ထမင်းဗူးဖွင့်ကြည့်ပြီး အစ်ကိုကကျ ကြက်ဥပြုတ်ပါတယ် ကျွန်တော်ကတော့ ဘာလို့မပါတာလဲဆို ပြီး မေးခွန်းထုတ်ပါတော့တယ်... ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားတာ ကျွန်တော့်မှာအပြစ်ရှိသလိုခံစားရတဲ့ ကူညီမိတဲ့လူတွေရဲ့ ဒုက္ခပါ။

တစ်ခါက ကျွန်တော့်ကား အောက်ပိုင်းစစ်ဆေးဖို့ ကားဝပ်ရှော့တစ်ခုကို သွားရပါတယ်။ အဲဒီ ကားဝပ်ရှေ့မှာ ကားကိုစစ်ဆေးဖို့သွားမယ်ပြင်တုန်း လက်ဘက်ရည်ဆိုင်မှာ အိမ်ရှေ့က ဘိုးတော်ကြီးတစ်ယောက်နဲ့တွေ့လို့ သူလဲလိုက်ချင်ပါတယ် ဆိုတာကြောင့် သူ့ကိုပါခေါ်ခဲ့ပါတယ်။ ဘိုးတော်ကြီးက အသက် ၇၃ နှစ်ရှိပေမဲ့ လူငယ်တွေနဲ့ ဟေးလားဝါးလား နေတတ်သလို သူ့ကိုလေးလေး စားစားဆက်ဆံတဲ့သူထက် သူ့ကိုလူငယ်လိုပြောတဲ့ ကျွန်တော်တို့နဲ့ ပိုပြီးခင်မင်လို့ အဖွဲ့ကျနေကြ ပါတယ်။ သူက သူများကိစ္စဆို အကုန်သိချင်ပြီး သူ့ အိမ်အကြောင်းတော့ သွားမမေးလေနဲ့ “မပြောတတ်ဘူး”ဆိုပြီး ဘူးခံနေကျပါ။ ဘုကန့်လန့်လဲ တိုက်တတ်လို့... ကျွန်တော့်အပေါင်းအသင်းတွေနဲ့လည်းခင်သလို သူ့ကို ကြောက်လည်းကြောက်ကြပါတယ်။ တစ်ခါက ဒီဇိုင်နာသူငယ်ချင်းတစ်ယောက် ကျွန်တော်တို့အိမ်လာရင်း သူနဲ့စကားလက်ဆုံမိကြပါတယ်။ သူကလာရင်းကိစ္စမေးတော့... သူ့အမျိုးသမီးဆေးရုံတက်နေရကြောင်း... သူ့အခက်အခဲ ပြောပြပါတယ်။ ဆေးရုံက သူ့မိန်းမကိုစစ်ဆေးတာ အစာအိမ်ဖြစ်နေလို့ ဗိုက်အောင့်တာ... ကိုယ်ဝန်ရှိနေတယ်ဆိုပြီး လုပ်ချလိုက်လို့ ပြန်စစ်ဆေးရမယ်ဆိုပြီး ညီးတွားနေပါတယ်။ ဆေးရုံက ဆရာဝန်တွေရဲ့အမှားတွေ အကြောင်းပြောနေလို့ မနေနိုင် မထိုင်နိုင်တဲ့ ဘိုးတော်ကြီးက “ကိုယ်ဘာလုပ်ထားလဲ ကိုယ်အသိဆုံးဘဲ ဆေးစစ်မနေနဲ့”ဆိုပြီး ၀င်ပြောတာကြောင့် ဒီဇိုင်နာခင်မျာ ဒုက္ခအကြီးအကျယ် ရောက်ပါတော့တယ်။ သူပြောသလို သူ့ဇနီး. ကိုယ်ဝန်မရှိရင် ပြဿနာမရှိဘူး... ရှိခဲ့ရင် သူဘာမှ မလုပ်ဘဲ အခြားတစ်ယောက်နဲ့ သူ့မိန်းမကလေး ရသလိုဖြစ်နေတာကြောင့် ပြန်လည်းမပြောရဲ ၀န်လည်းမခံရဲဘဲ (ဆေးစစ်ချက်ကိုစောင့်ဖို့) ကြိတ်မှိတ် အိမ်ပြန်သွားတာ... ကျွန် တော်တို့ ထိုင်ရယ်နေမိပါတော့တယ်။ အဘိုးကြီးကလည်း သူ့ရဲ့ထောက်ကွက်အောက်မှာ စကား ပြန်မပြောနိုင်ဘဲ ပြန်သွားတဲ့ ဒီဇိုင်နာရဲ့အဖြစ်ကို သဘောကျနေပါတော့တယ်။ အဲဒီ ဘိုးတော်ကြီးက မော်တော်ကားအောက်ပိုင်း စစ်ဆေးတဲ့ဆီလိုက်လာမိတာ ဟိုရောက်မှ ကျွန်တော်ဒုက္ခလှလှတွေ့ ရပါတော့တယ်။ သူက ကားပစ္စည်းစစ်တဲ့ သူတွေရဲ့ မှတ်ချက်ကြားတိုင်း အသစ်လဲလိုက် ပစ္စည်းအဟောင်းတွေ ပြန်မသုံးနဲ့ အန္တရာယ်ရှိတယ်ဆိုပြီး... ပြောလေ... ကားအောက်ပိုင်းစစ်တဲ့ သူတွေက လဲရမယ့်ပစ္စည်းတွေ ထပ်ရှာလေနဲ့ ကျွန်တော်ပိုက်ဆံတွေ မထင်မှတ်ဘဲသုံးရပါတော့တယ်။ သွားပြီး စစ်ဆေးကတည်းက ပစ္စည်းတွေလဲရမှာ အသစ်ထည့်ရမှာသိပေမဲ့ မလိုအပ်ရင် ပြုပြင်သုံးမယ်ဆိုပြီး ကားအကြောင်းနားလည်တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါ ပါရက်နဲ့ သူလည်း ဘာမှဝင်ပြောလို့မရ ဘဲ အဘိုးကြီးရဲ့ အသစ်လဲလှယ်ရေး စီမံကိန်းအောက်မှာ ပါသမျှပိုက်ဆံ အကုန်ထုတ်ရပါတော့တယ်။ တစ်ခါတစ်ခါ ကျွန်တော်တို့နိုင်ငံမှာလည်း ပြန်သူပိုင်ငွေတွေကို အဲဒီလို မလိုအပ်ဘဲ သဘောကောင်းသူတစ်ချို့ကြောင့် အလကားဖြစ်ရတာလည်း ကြုံတုန်းရေးပြချင်ပါတယ်။ ကားတွေကြပ်လို့ဆိုပြီး ကွန်ကရစ်ဘလောက်တုံးတွေ ရာနဲ့ထောင်နဲ့ချီပြီး လမ်းမပေါ်ချတဲ့ စီမံကိန်းနဲ့ အစိုးရပြောင်းသွားချိန် အခုအစိုးရလက်ထက် ဒီဘလောက်တုံးတွေ မလိုတော့ဘူးဆိုပြီး ပြန်သိမ်းတာ ကောင်းခြင်း မကောင်းခြင်းထက် ဒီဘလောက်တုံး ၁တုံး သောင်းနဲ့ချီပြီး ၀ယ်ရတဲ့အစိုးရငွေ (ပြည်သူ့ငွေတွေ) အလဟဿဖြစ်ခဲ့ရ... ဘယ်သူမှ မပြောကြပေ မယ့် ကျွန်တော်ကတော့ ကြားထဲကနေ နှမြောနေမိပါတယ်။ ဒီလိုဘဲ လူကူးတံတားကြီးတွေဆောက် လိုအပ်လို့လုပ်ရတာပါပြောပြီး သာမာန်လူတွေ အားလုံးပုံမှန်အတိုင်း လမ်းပေါ်က သွားနေကြပြီး အဲဒီတံတားတွေ အလဟဿဖြစ်တော့ ဘယ်သူ့ ပိုက်ဆံတွေဆုံးရှုံးသလဲ... ပိုက်ဆံတွေ အိတ်ထဲထည့်သူနဲ့ ပြည်သူတွေအိတ်ထဲက အခွန်ငွေတွေ အလဟဿဖြစ်ရတာ တကယ့်ကို နှမြောစရာပါ။ အခုကိစ္စမှာလည်း မလိုအပ်ဘဲ အသစ်လဲဆိုတဲ့ မူဝါဒနဲ့ (သူ့ပိုက်ဆံမပါဘဲ) ဘေးက၀င်ပြောတဲ့ ဘိုးတော်ရဲ့ စကားသံအောက်မှာ အသစ်မလဲရင် ကားပစ္စည်းကိုနှမြောတယ်... အသစ်မလဲဘူး။ မိသားစုအန္တရာယ်တောင် မငဲ့ဘူးဆိုပြီး အပြောခံ ရမှာကြောက်လို့... ကားပစ္စည်းစစ်တဲ့ ဆရာတွေ ဆုံးဖြတ်ချက်အတိုင်း အကုန်အသစ်လဲပြီး (ပစ္စည်း အသစ်က တရုတ်ဖြစ်) (ဂျပန်အစစ်ကားပစ္စည်း အဟောင်း)တွေကိုတော့ မပြုပြင်တော့ဘဲ သိမ်းထားလိုက်ပါတယ်။ ဒီလိုလဲလှယ်ပြီး ၃ လလောက် မကြာခင် မန္တလေးခရီးထွက်တော့ ကျွန်တော့်ကား အောက်ပိုင်း (အဘိုးကြီးလဲခိုင်းတဲ့ ကားပစ္စည်းအသစ်က ဒုက္ခပေးပါတော့တယ်) အမျိုးအစားအသစ်ပေမဲ့ သိပ်မကောင်းလို့ အရာမရောက်ဘဲ ကျိတ်မှိတ်မောင်း၊ နေပြည်တော်မှာ ၀င်ပြုပြင်ပြီး ရန်ကုန်ပြန်ရောက်ချိန် ဂျပန်ဖြစ်အဟောင်းကိုတွင် ခုံမှာ ပြုပြင်တော့ အသစ်ပြန်ဖြစ်ပြီး အခုထိပြန်သုံးရပါတော့တယ်။ နောက်ထပ် ၀ပ်ရှော့ကိုတော့ အဲဒီ ဘိုးတော်မခေါ်သွားရဲတော့သလို ကျွန်တော်ယူသွားတဲ့ ကား အောက်ပိုင်းအဟောင်းက အကောင်းကြီးရှိသေးတယ်လို့ သူတို့ကလည်း အာမခံပါတယ်။ ဒီလို မလိုအပ်ဘဲ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ပြီး (ကိုယ့်ပိုက်ဆံမကုန်ဘဲ ပါးစပ်နဲ့ စေတနာရှိတဲ့ လူတွေအများကြီးရှိကြတဲ့ လောကထဲ ခုနက ဘိုးတော်လိုနောက်ထပ်တစ်ယောက် ထပ်တွေ့ရပါတော့တယ်။ ကျွန်တော့်ဇနီးရဲ့ အမျိုးတွေဘက်က နာရေးဖြစ်လို့ သတင်းမေးချိန် ရက်လည်ဆွမ်းကပ်မယ့်ကိစ္စ သူတို့ဘာသာ ဆွေးနွေးနေကြချိန် ရပ်ကွက်ထဲက ဘိုးတော်တစ်ယောက်က သူနဲ့လဲ ဘာမှမဆိုင်ဘဲ (ဦးကတော့ သံဃာတော်တွေ အားလုံး ဒွိစုံသင်္ကန်းကပ်စေချင်တယ်)ဆိုပြီး ၀င်ပြောတာ ကျွန်တော်ကြားလိုက်ပါတယ်။ တကယ်ဆို သူပြောတဲ့အတိုင်း ကာယကံရှင်တွေက လုပ်နိုင်ရင်တော်ပါသေးရဲ့ ပိုက်ဆံမပြည့်စုံရင် ဒုက္ခ (သူက လေဘဲကူညီတာကိုး)ဆိုပြီး စိတ်ပူမိပေမဲ့ ငွေကြေးတတ်နိုင်တဲ့သူတွေမို့ သူတို့ဘက်က ဘုန်းကြီးအားလုံး သင်္ကန်းကပ်ဖို့ဆုံးဖြတ်ပြီးသားပါဆိုလို့ အဆင်ပြေသွားပါတယ်။ ဒီလိုဘိုးတော်တွေရဲ့ သူတို့ပိုက်ဆံမပါဘဲ စေတနာနဲ့ဘယ်လောက်ကုန်ကုန် လေနဲ့ ကူညီအကြံပေးတဲ့ လုပ်ရပ်မျိုးပြည်သူတွေတင်မက အစိုးရအဖွဲ့မှာ တွေနေရတာများလာရပြီဖြစ်တဲ့ ကျွန်တော်။ ဒီလိုအကြံပေးတာမျိုး တစ်ဖက်သားကိုယ့်အကြံဉာဏ်ကြောင့် ၀န်မပိရစေအောင် ဘယ်တော့မှ အကြံမပေးဘူး ဆုံးဖြတ်လိုက်မိပါတယ်။ တစ်ရက်မှာ ကျွန်တော့်မိန်းမရဲ့ ဘကြီးနေမကောင်းဖြစ်လို့ အိပ်ရာထဲလဲနေချိန်.. ဘိုးတော်က အနီးကပ်ပြုစုပါတယ်။ ပါးစပ်ထဲက ချွဲသလိပ်တွေကအစ မရွံမရှာနှိုက်ထုတ်ပေးတာမြင်ရလို့ ကျွန်တော်ဒီဘိုးတော် အကြံပေးသာမကောင်းတာ.. ကူညီတော့ လုပ်ပေးသားဆိုပြီး ကြိတ်ချီးကျူးမိပါတယ်။ ဒါကြောင့် ကျွန်တော့်ဇနီးရဲ့ ဘကြီးကို ဒီဘိုးတော်မရှိတုန်း “အဘ နေမကောင်းချိန်... (တကယ်လဲနောက် ၂ ရက်လောက်မှာ ကွယ်လွန်သွားပါတယ်) အနီးကပ်ကူညီပေးတဲ့ “ဦး” ရှိလို့ တော်သေးတာပေါ့လို့ ပြောလိုက်တော့ အမောေ ဖာက်နေတဲ့ လူမမာက ကျွန်တော့်ကို လေသံသဲ့သဲ့လေးနဲ့ လူမရှိလို့သာခိုင်းရတာပါကွာ သိပ်အကြိုက်ကြီးမဟုတ်ပါဘူး”ဆိုတဲ့ အဖြေကိုကြားပြီး လူမမာဘယ်လိုများ ဒီဘိုးတော်ရဲ့ ကူညီမစမှုခံစားနေရပြီဆိုတာကိုလည်း သဘောပေါက်ရိပ်မိတဲ့ ကျွန်တော်... တစ်ခါတစ်ခါ မဖြစ်လို့ ဆက်ဆံပတ်သက်ရတဲ့လူတွေနဲ့ဆုံရတိုင်း... ကျွန်တော့်ဇနီးရဲ့ ဘကြီးပြောသွားတဲ့ “မရှိလို့သာ ဆက်ဆံရတာ သိပ်အကြိုက်ကြီး မဟုတ်ပါဘူး”ဆိုတဲ့စကားကို စိတ်ထဲက ရေရွတ်ပြီး အနုပညာလောက၊ စာပေလောက၊ ဂီတလောက၊ နိုင်ငံရေးလောကထဲမှာလည်း ဒီလိုလူတွေဘယ်လောက်များရှိနေပြီလဲ... ကြိတ်မှိတ်လိုက်ရှာနေမိပါတော့တယ်။

နိုင်ဇော် (Lazy Club)