အချစ်ဟာ… ရှင်သန်ဆဲ…

ဒီတစ်လမှာတော့ အချစ်တွေရှင်သန်နေဆဲ ဟောလီးဝုဒ်စုံတွဲတွေအကြောင်းနဲ့ သူတို့တွေရဲ့ ချစ်ခြင်းလျှို့ဝှက်ချက်တွေအကြောင်း ပြောပြချင်ပါ တယ်။

၁။ Tom Hanks နဲ့ Rita Wilson (အိမ်ထောင်သက် ၂၈ နှစ်) 


မင်္ဂလာသက်တမ်း နှစ် (၃၀) နားနီးနေတဲ့ ဟောလီးဝုဒ်ရဲ့ ရှားပါးစုံတွဲပါ။ Tom Hanks မှာ အရင်အိမ်ထောင်နဲ့ သားသမီး (၂) ယောက်ရှိပြီး Rita နဲ့တော့ သား (၂) ယောက်ထွန်းကားခဲ့ပါတယ်။ Oprah Winfrey  နဲ့ တစ်ခုသော တွေ့ဆုံခန်းမှာ ဆုံစဉ်တုန်းက Tom Hank ဖြေကြားခဲ့ဖူးတာကတော့ Rita အပေါ် သူထားတဲ့ သံယောဇဉ်ဟာ ကျောက်သားလိုပဲ ခိုင်ခံ့လှပါတယ်တဲ့။

လျှို့ဝှက်ချက်
"ကျွန်တော်တို့ အိမ်ထောင်ရေးမှာ ပြဿနာတွေဟာ မကြာမကြာကို ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ နှစ်ယောက်လုံးသိထားတဲ့အချက်က ဘာတွေပဲဖြစ်လာဖြစ်လာ၊ နှစ်ယောက်အတူတူရှိနေပြီး ဒါကို ကျော်လွှားသွားကြမယ် ဆိုတာပါပဲ”

၂။ Kevin Bacon နဲ့ Kyra Sedgwick (အိမ်ထောင်သက် ၂၇ နှစ်)


သူတို့နှစ်ယောက်ကိုကြည့်ရတာ အိမ်ထောင်သက် နှစ် (၃၀) နားကပ်နေသည့်တိုင် တစ်နေ့ထက်တစ်နေ့ ပိုပြီးပျော်ရွှင်နေသလိုပါပဲ။ Travis ဆိုတဲ့ သားတစ်ယောက် နဲ့ Sosie ဆိုတဲ့ သမီးတစ်ယောက်ရှိပြီး နှစ်ယောက်စလုံးက သရုပ်ဆောင် အလုပ်တွေ လုပ်ကြပါတယ်။ 

Parade magazine နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာတော့ “နှစ်ယောက်စလုံးရဲ့ဆန္ဒက တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စေချင်တာပဲ။ ဒါက နှစ်ယောက်စလုံးရဲ့ အဓိက ဆန္ဒပဲ” လို့ ဖြေကြားခဲ့ပါတယ်။

လျှို့ဝှက်ချက်
"ဟောလီးဝုဒ်လို ရှုပ်ထွေးတဲ့နေရာမျိုးမှာ ဒီလောက် အိမ်ထောင်သက်ကြာကြာ တည်မြဲတာ ဘာကြောင့်လဲလို့ သိချင်ကြတယ်။ အဖြေတော့ မရှိပါဘူး။ ဒါပေမဲ့ နှစ်ယောက်စလုံးက ဘ၀ကို ဆုံးခန်းတိုင် အတူတူပဲ ဖြတ်သန်းချင်တယ်”

၃။ Sarah Jessica Parker နဲ့ Matthew Broderick (အိမ်ထောင်သက် ၁၉ နှစ်)


(၁၉) နှစ်ကြာမြင့်ခဲ့တဲ့ အိမ်ထောင်ရေးခရီးရှည်ဆိုတာ အသိအမှတ်မပြုချင်စရာ ချစ်ခရီးလမ်းတစ်ခုမဟုတ်ပါဘူး။ အခုအချိန်မှာ သား (၁) ယောက်၊ သမီး အမြွာ (၂) ယောက်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုပန်းချီကားတစ်ချပ်ကို ပိုင်ဆိုင်ထားကြပါပြီ။
ခင်ပွန်းဖြစ်သူ Matthew ကတော့ “ကျွန်တော်တို့နှစ်ယောက်က ကြင်ဖက်ဆိုတာထက် ရင်ဘတ်ချင်းရင်းနှီးလွန်းတဲ့ သူငယ်ချင်း နှစ်ယောက်ဆို ပိုမှန်မယ်။ ဘာကိစ္စမဆိုပြောလို့ရတယ်။ သူမက ကျွန်တော့်ကို ပျော်အောင်အမြဲဖန်တီးပေးတတ်တဲ့သူ” တဲ့။

လျှို့ဝှက်ချက်
" Matthew Broderick ဆိုတဲ့သူကို ကျွန်မက ချစ်တယ်လေ။ ဘယ်သူတွေဘာပြောပြော ကျွန်မ သူ့ကိုပဲချစ်တယ်။ ကျွန်မတို့ နှစ်ယောက်လုံး ကိုယ်တည်ဆောက်ထားတဲ့ မိသားစုလေးအတွက် ကိုယ့်အချိန်တွေရော၊ စွမ်းအားတွေရော လုံးလုံး
လျားလျားပေးထားကြတယ်။ သူဟာ ကျွန်မသိပ်ချစ်ရတဲ့ ကမ္ဘာတစ်ခုပါ” 

၎။ Will Smith  နဲ့ Jada Pinkett Smith (အိမ် ထောင်သက် ၁၈ နှစ်)


သူတို့ နှစ်ယောက်ရဲ့ ချစ်ခရီးလမ်းဟာလည်း အပျော်ဖတ်စာစောင်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမဲ့၊ ဒီစတားနှစ်ယောက်ရဲ့ ချစ်ခြင်းဇာတ်လမ်းက ခုထိ အောင်ပွဲခံဆဲပါပဲ။ Willow (၁၅ နှစ်) နဲ့  Jaden (၁၇ နှစ်) တို့က သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းသက်သေတွေဖြစ်ကြပါတယ်။

"အိမ်ထောင်ရေးဆိုတာကြီးကို သိပ်လွယ်မယ်လို့ မှန်းဆလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ အိမ်ထောင်ရေးလည်း ထိုနည်းလည်းကောင်းပါပဲ။ အခက်ခဲဆုံးကာလတွေ၊ အကျပ်တည်းဆုံးကာလတွေ၊ ဒုက္ခအကြီးစားကြီးတွေ ဖြတ်သန်းရတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်အချင်းချင်းသိကြတာက ဘယ်သူကမှ ခေါင်းရှောင်မယ့်သူ မဟုတ်ဘူးဆိုတာပါပဲ” Entertainment Tonight ကို ဖြေကြားထားပါတယ်။

လျှို့ဝှက်ချက်
"ကျွန်တော်တို့ နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာမှာ လျှို့ဝှက်ချက်ရှိမယ်ဆိုရင်တော့ ဖြစ်နိုင်တာက တစ်ခုတည်းပါပဲ။ ကျွန်တော်တို့ နှစ်ယောက်လုံး အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ တပူးတွဲတွဲမဟုတ်ဘူး။ ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်ခံယူချက်နဲ့ပဲ သီးခြားစီလုပ်ကြတယ်။ ဒါပေမဲ့ တစ်ယောက်တည်းရှိနေစဉ်အချိန်တွေကထက် ပိုကောင်းတဲ့ ရလဒ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြပြီး ကိုယ့်ကြင်ဖက်ကို ၀မ်းသာစေတယ်။ ဒါပါပဲ”

၅။ Cindy Crawford နဲ့ Rande Gerber (အိမ်ထောင်သက် ၁၈ နှစ်)


ဒီမော်ဒယ်မမကြီးရဲ့ အိမ်ထောင်ရေးကို ရေရှည်အတွက်မဖြစ်နိုင်ဘူးလို့ ကြိုတင်မှန်းဆမှုတွေရှိခဲ့ပေမဲ့ သူမရဲ့ မိသားစုဘ၀ကတော့ ချစ်ရတဲ့ခင်ပွန်းရယ် ဆယ်ကျော်သက်သမီးလေးတစ်ယောက်ရယ်၊ သားလေးတစ်ယောက်ရယ်နဲ့ ပြည့်စုံနေခဲ့ပါပြီ။

ဒီလောက်အိမ်ထောင်သက်ရှည်ရှည် ခိုင်မြဲနေတာဘာကြောင့်ပါလဲလို့ Entertainment Tonight ရဲ့ မေးမြန်းမှုကိုတော့ “ကျွန်တော်နဲ့ Cindy ရဲ့ ဆက်ဆံရေးက သူငယ်ချင်းအဖြစ်နဲ့စခဲ့ပြီး ခုချိန်ထိလည်း သူငယ်ချင်းလိုပဲ ပေါင်းသင်းလို့ရနေတုန်းပဲ” တဲ့။

လျှို့ဝှက်ချက်
"လူနှစ်ယောက်ကြားက သံယောဇဉ်ကို ထိန်းထားတဲ့ အကြောင်းရင်းက နှစ်ခုတည်းပါ။ ရင်းနှီးနွေးထွေးမှုနဲ့ ပျော်ရွှင်ကြည်နူးစေမှုပါ”

၆။ David Beckham နဲ့ Victoria Beckham (အိမ်ထောင်သက် ၁၆ နှစ်) 


ဘောလုံးစတားနဲ့ Spice Girl အဖွဲ့ဝင်မမတို့ရဲ့ ချစ်ခြင်းတရားကလည်း ခုချိန်ထိ တည်မြဲဆဲပါပဲ။ ဒီနေ့ ဒီချိန်မှာတော့ သူတို့ရဲ့ အင်ပါယာဟာ အားကစားနဲ့ ဂီတလောကနှစ်ခုကိုကျော်လွန်ပြီး ဖက်ရှင်လောကအထိပါ ခြေဆန့်နေပါပြီ။
သူတို့နှစ်ဦးရဲ့ ချစ်ခြင်းသက်သေတွေက Brooklyn (၁၇ နှစ်) ၊ Romeo (၁၃ နှစ်) ၊ Cruz (၁၁ နှစ်) နဲ့ Harper (၄ နှစ်) တို့ပါ။ ABC News နဲ့ အင်တာဗျူးတစ်ခုမှာ David ကို နှစ်ယောက်ကြားက ချစ်ခြင်းကို ဘယ်လိုတည်မြဲအောင်လုပ်သလဲလို့ မေးမြန်းတဲ့အခါ “တော်တော့ကို လွယ်ပါတယ်” လို့ ခပ်ပြုံးပြုံးဆိုပါတယ်။

လျှို့ဝှက်ချက်     
"ကျွန်တော်တို့ ချစ်သူသက်တမ်းက (၂) နှစ်၊ အိမ်ထောင်သက်က (၁၆)နှစ်။ ဒီတော့ နှစ်ယောက်သားအတူတူ တစ်ဘ၀ဖြစ်ခဲ့တာ (၁၈) နှစ်။ ဒီနှစ်အပိုင်းအခြားဆိုတော့ တစ်ယောက်ရဲ့ ဆုံးဖြတ်ချက် 
ကိုတစ်ယောက်က ယုံကြည်လိုက်နာတာ ဆန်းသလား။ အဲဒီယုံကြည်မှုက တော်တော်အလုပ်ဖြစ်တယ်ဗျ”

Ref: Love Isn't Dead! Celebrity Couples Reveal the Secret to Their Long-Lasting Marriages in Hollywood
by Rebecca Macatee