Beetroot ရဲ့ စူပါ အာနိသင်

    မြန်မာနိုင်ငံမှာ စိုက်ပျိုးခြင်း မရှိသော်လည်း Beetroot လို့ လူသိများတဲ့ မုန်လာဥနီမှာ များပြားလှစွာသော ကျန်းမာရေး အကျိုးကျေးဇူးတွေရှိတာကို သိလာကြပြီး Beetroot ဖျော်ရည်ဟာလည်း ရေပန်းစား လူကြိုက်များလာပါတယ်။ ဒါကြောင့်ဈေးကွက်ထဲမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့ သီးနှံတစ်မျိုးလည်း ဖြစ်လာပါတယ်။ မုန်လာဥနီ (Beetroot) ဟာ မြောက်အာဖရိက၊ ဥရောပနဲ့ အာရှဒေသတွေမှာ အဓိကစိုက်ပျိုးအောင်မြင်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။
    Carrot (သို့) ဥနီက အမှန်တကယ်မှာတော့ လိမ္မော်ရောင် နဲ့ အ၀ါရောင် အစားအစာအုပ်စုဝင် သီးနှံတစ်မျိုး ဖြစ်တာကြောင့်  မုန်လာဥ၀ါအဖြစ် သတ်မှတ်နိုင်ပါတယ်။ Beetroot ကတော့ တောက်ပတဲ့ အနီရင့်ရင့်ရောင် အရောင်အဆင်းရှိပြီး Betalains ရောင်ခြယ်ပါဝင်တဲ့အတွက်ကြောင့် အနီရောင်အစားအစာ အုပ်စုဝင်အဖြစ် သတ်မှတ်ထားပြီး အဘိဓာန်တွေထဲမှာ မုန်လာဥနီလို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။
    မုန်လာဥနီဖျော်ရည် ၊ ဒါမှမဟုတ် မုန်လာဥနီတွေက ဘာကြောင့် လူကြိုက်များ ရေပန်းစားလာတာပါလဲလို့ မေးစရာရှိပါတယ်။ လက်ရှိအချိန်မှာ မုန်လာဥနီဟာ ကိုယ်အလေးချိန်ကျဆင်းဖို့ Diet လုပ်ဖို့က အစ၊ ကျန်းမာရေး ချူချာသူတွေ စားသုံးသင့်တဲ့ ဓာတ်စာတွေအဆုံး စားသုံးပေးသင့်တဲ့ သီးနှံတစ်မျိုးအဖြစ် ပညာရှင်တွေ ထောက်ခံထားကြလို့ပဲဖြစ်ပါတယ်။ မုန်လာဥနီဟာ သီးနှံများထဲမှာ သကြားဓာတ်ပါဝင်မှု အမြင့်မားဆုံး သီးနှံတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုစတဲ့ ရောဂါမျိုးမရှိသူတွေ မုန်လာဥနီကို နေ့စဉ်မဟုတ်တောင် မကြာမကြာ စားသုံးပေးနိုင်ပါတယ်။ မုန်လာဥနီစားသုံးခြင်းမှ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။

သွေးဖိအားကို လျော့ကျစေနိုင်ပါတယ်
    မုန်လာဥနီ (Beetroot)ဖျော်ရည်သောက်သုံးပေးခြင်းက သွေးဖိအားကို နာရီအနည်းငယ်ကြာအောင် လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ မုန်လာဥနီမှာ သဘာဝ Nitrate ဓာတ်ပါဝင်ပြီး စားသုံးပြီးနောက် Nitric Oxide အဖြစ် ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲသွားပါတယ်။  ပြောင်းလဲသွားတဲ့ Nitric Oxide က သွေးကြောတွေကို သက်တောင့်သက်သာဖြစ်စေပြီး ပြန့်ကားလာစေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် သွေးဆီးဆင်း မှုကို ကောင်းမွန်လာ စေပြီး သွေးဖိအားကို လျော့ကျလာစေနိုင်ပါတယ်။ ဒါက မုန်လာဥနီက ဘာကြောင့် သွေးဖိအားကို ကျဆင်းစေနိုင်သလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေလည်း ဖြစ်ပါတယ်။

သက်လုံအား ကောင်းစေပါတယ်
    ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ သက်လုံအားကောင်းမွန်ဖို့က အဓိက အရေးကြီးတဲ့အရာပါ။ မုန်လာဥနီက အရေးကြီးတဲ့ သက်လုံအား ၊ တစ်နည်းအားဖြင့် ခံနိုင်ရည် ကောင်းမွန်လာဖို့ အကူအညီပေးနိုင်တဲ့ အရာဖြစ်လာနိုင်ပါတယ်။ လေ့လာမှုတွေအရ လေ့ကျင့်ခန်းမပြုလုပ်မီ မုန်လာဥနီဖျော်ရည် သောက်လေ့ရှိသူတွေဟာ အခြားသူများနဲ့ နှိုင်းယှဉ်တဲ့အခါ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ၁၆% ခန့် ပိုမို လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီထူးခြားတဲ့ အာနိသင်ကလည်း မုန်လာဥနီမှာပါဝင်တဲ့ Nitrate ဓာတ်က ခန္ဓာကိုယ်ထဲမှာ Nitric Oxide အဖြစ်ပြောင်းလဲသွားခြင်း ဖြစ်စဉ်ကြောင့်လို့ပဲ ဆိုရမှာပါ။ ဒီဖြစ်စဉ်ကြောင့် သွေးထဲမှာ အောက်စီဂျင် ဆုံးရှုံးမှုနှုန်းလျော့ကျလာတာကြောင့် လေ့ကျင့်ခန်းပြုလုပ်ရာမှာ ပိုပြီး ခံနိုင်ရည် ရှိလာနိုင်ပါတယ်။

ရောင်ရမ်းမှုကို တားဆီးပေးပါတယ်
    မုန်လာဥနီမှာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ၊ ပရိုတိန်းဓာတ်တွေ၊ အင်ဇိုင်းတွေကို ကာကွယ်ပေးနိုင်တဲ့ Betalains အမည်ရ ရောင်ခြယ်ပါဝင်ပါတယ်။ Betaine ကို ရောင်ရမ်းမှုကို တားဆီးပေးနိုင်တဲ့ အစွမ်းရှိပြီး ကိုယ်တွင်း အင်္ဂါတွေ ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး နာတာရှည်ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်စွမ်းလည်းရှိတဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သဘာဝ Betaine ပါဝင်တဲ့ မုန်လာဥနီကို ကျန်းမာရေး အတွက် အကောင်းဆုံးသီးနှံလို့ တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်ဟန်တူပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
    မုန်လာဥနီမှာ ပါဝင်တဲ့ Phytonutrient လို့ အမည်ရတဲ့ အပင်များမှာတွေ့ရတဲ့ ဓာတ်ပေါင်းတစ်မျိုးကြောင့်ဖြစ်ပြီး ကင်ဆာရောဂါ တိုက်ဖျက်နိုင်စွမ်း အလွန်မြင့်မားတဲ့ ဓာတ်ပေါင်းတစ်မျိုးလည်း ဖြစ်ပါတယ်။ သုတေသန လုပ်ငန်းများမှ တစ်ဆင့် မုန်လာဥနီက ရရှိတဲ့ အဆီအနှစ်ဟာ ရင်သားကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ပရိုစတိတ်ကင်ဆာ စတဲ့ ကင်ဆာများကို ကုသဖို့ အသုံးပြုနိုင်ခြင်း ရှိ၊မရှိ လေ့လာမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်
    ကိုယ်ခံစွမ်းအား ကောင်းမွန်ဖို့အတွက် သင့်ခန္ဓာကိုယ်က ပြင်ပကရရှိမယ့် ဗီတာမင် C ဓာတ်ကို လိုအပ်ပါတယ်။ မုန်လာဥနီမှာ ဗီတာမင် C ကြွယ်ကြွယ်၀၀ ပါဝင်ပြီး အမျှင်ဓာတ်၊ ပိုတက်ဆီယမ် ၊ မဂ္ဂနိစ် စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ ပိုတက်ဆီယမ်က အာရုံကြောတွေကို ကျန်းမာသန်စွမ်းစေပြီး ကြွက်သားတွေ ပုံမှန်အလုပ်လုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်ပါ။ မဂ္ဂနိစ် ကတော့ အရိုး၊ အသည်း၊ ကျောက်ကပ်နဲ့ ပန်ကရိယ စတဲ့ ကိုယ်တွင်းအင်္ဂါတွေအတွက် ကောင်းမွန်တဲ့ သတ္တုဓာတ်ဖြစ်ပါတယ်။ မုန်လာဥမှာ ဗီတာမင် B လည်းပါဝင်ပြီး ကိုယ်ဝန်ဆောင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Folate ဓာတ်လည်း ပါရှိပါတယ်။

အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်
    မုန်လာဥရဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Betalin က သင့်ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် မုန်လာဥနီနဲ့ Detox လုပ်လို့ ရတယ်လို့ ဆိုကြပါစို့။  မုန်လာဥနီမှာ ပါဝင်တဲ့ ဓာတ်သဘာဝက အသည်းထဲမှာရှိနေတဲ့ အဆိပ်အတောက်များကို ပြင်ပသို့ စွန့်ထုတ်နိုင်အောင် ကူညီပေးနိုင်သလို သွေးကိုလည်းသန့်စင်စေနိုင်တယ်လို့ သိရပါတယ်။
Ref; By Dr. Mercola