အမျိုးသမီးများ သတိပြုစရာ ရင်သားကင်ဆာ

    ကင်ဆာကို ခန္ဓာကိုယ်ထဲက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ အထိန်းအကွပ်မရှိ ကြီးထွားလာတာလို့ အကြမ်းဖျင်းဆိုကြပါစို့။ ရင်သားကင်ဆာကလည်း ထိုနည်းလည်းကောင်းပါပဲ။ သားမြတ်အတွင်းမှာရှိတဲ့ တစ်သျှူးတွေ ဗီဇပြောင်းလဲပြီး ပုံမှန်မဟုတ်ဘဲ ပျံ့နှံ့ ကြီးထွားလာတာကို ရင်သားကင်ဆာလို့ ဆိုနိုင်ပါတယ်။ နို့ရည်သယ်ပြွန်ရဲ့ အတွင်းမျက်နှာပြင်က ဆဲလ်တွေ၊ နို့ရည်ဂလင်းရဲ့ဆဲလ်တွေမှာ ကင်ဆာကစတင်ပြီး ဖွံ့ဖြိုးလာလေ့ရှိပါတယ်။ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဘာကြောင့်ဖြစ်ပွားရတာလဲ။ တိကျတဲ့အဖြေကိုရရှိဖို့ ပညာရှင်တွေ ကြိုးစားနေကြဆဲပါ။ ဒါပေမဲ့  ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းတရားတစ်ချို့ကိုတော့ ရှာဖွေသိရှိထားပါတယ်။ ဘယ်လိုအရာတွေက ရင်သားကင်ဆာဖြစ်နိုင်ချေကို ပိုမိုမြင့်မားစေနိုင်ပါသလဲ။
 
အသက်အရွယ်
    ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေဟာ အသက်အရွယ်နဲ့ ဆက်စပ်မှုရှိပြီး သွေးဆုံးပြီးသွားတဲ့ အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေ အများဆုံးဖြစ်ကြောင်း ပညာရှင်တွေ သတိထားမိခဲ့ပါတယ်။ ရင်သားကင်ဆာ ရောဂါဖြစ်ပွား
နေသူ ဆယ်ယောက်မှာ ရှစ်ယောက်က အသက် (၅၀)ကျော် အမျိုးသမီးများ ဖြစ်ပါတယ်။ အသက်အရွယ်အပိုင်းအခြားအားဖြင့် အသက်(၅၀)ကနေ (၇၀)အတွင်းက ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေ အမြင့်မားဆုံးအရွယ်များလို့ ဆိုနိုင်ပါတယ်။


 
မိသားစုနောက်ခံ
    သင့်ရဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေထဲမှာ ရင်သားကင်ဆာ ဒါမှမဟုတ် သားဥအိမ်ကင်ဆာဖြစ်ပွားခဲ့ရင် သင့်မှာ ရင်သားကင်ဆာ ဖြစ်နိုင်ချေရာခိုင်နှုန်း အလွန်မြင့်မားတာကို သတိပြုပါ။ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာ အမျိုးအစားက ရင်သားကင်ဆာဖြစ်ပြီး ဖြစ်ပွားနိုင်ချေကတော့ မိသားစုဝင် တစ်ဦးထက်ကို ပိုနိုင်ပါတယ်။
    ရင်သားကင်ဆာ ဝေဒနာသည်အများစုက မျိုးရိုးလိုက်ပြီး ဖြစ်ပွားခြင်းမျိုး မဟုတ်သော်လည်း BRCA1 ၊ BRCA2 တို့လို မျိုးဗီဇတွေ ရှိမယ်ဆိုရင် ရင်သားနဲ့သားဥအိမ်ကင်ဆာ ဖြစ်နိုင်ချေမြင့်မားပါတယ်။ အဆိုပါ မျိုးဗီဇက မိဘကနေ
တစ်ဆင့်  ကလေးဆီမှာပါ ပါလာပါတယ်။ ဒါ့အပြင် တတိယမျိုးဗီဇ TP53 ကလည်း ရင်သားကင်ဆာဖြစ်နိုင်ချေနဲ့ ဆက်နွယ်မှုရှိပါတယ်။ အမေ၊ ညီမ (သို့မဟုတ်)သမီးမှာ အသက်ငါးဆယ်မတိုင်မီ ရင်သားကင်ဆာ ဖြစ်ပွားခဲ့တယ် ဆိုပါစို့။ တူညီတဲ့မိသားစု တစ်ဖက်တည်းမှာပဲ ရင်သားကင်ဆာဖြစ်ပွားတဲ့သူ နှစ်ဦးထက်ပိုပြီး ရှိခဲ့မယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်တဲ့ မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုပြုကိုပြုလုပ်သင့်ပါတယ်။

Oestrogen ဟော်မုန်း နဲ့ ထိတွေ့မှု
    မဟော်မုန်း တစ်မျိုးဖြစ်တဲ့ Oestrogen (အီစထရိုဂျဲန်) ကလည်း တစ်ခါတရံမှာ ရင်သားကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို လှုံ့ဆော်ပေးပြီး ကင်ဆာဆဲလ်တွေကို ကြီးထွားလာစေတတ်ပါတယ်။ မိန်းကလေးတွေ အပျိုဘော်ဝင်ပြီးချိန်မှာ
ရာသီစက်ဝန်း ပုံမှန်လည်ပတ်စေဖို့ မမျိုးဥအိမ် (သားဥအိမ်) က Oestrogen ဟော်မုန်းကို စတင်ထုတ်လုပ်ပါတော့တယ်။ ခန္ဓာကိုယ်က ထိတွေ့ရမယ့် Oestrogen ဟော်မုန်းပမာဏ အပေါ်မူတည်ပြီး ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေ အနည်းငယ် မြင့်မားနိုင်ပါတယ်။ ဥပမာ- ရာသီစက်ဝန်း စတင်ချိန်စောပြီး သွေးဆုံးချိန် နောက်ကျသူတွေ (အသက် ၁၂ နှစ်မတိုင်မီ ရာသီစက်ဝန်း စတင်ပြီး ၅၅ နှစ်နောက်ပိုင်းမှ သွေးဆုံးသူတွေ) ဟာ Oestrogen ဟော်မုန်းကို အချိန်ကြာကြာ လက်ခံထိတွေ့ရတော့မှာဖြစ်လို့ ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အတွင်းမှာ Oestrogen ဟော်မုန်းထုတ်လုပ်မှု ယာယီရပ်တန့် သွားတာကြောင့်  ခန္ဓာကိုယ်က Oestrogen ဟော်မုန်း နဲ့ ထိတွေ့မှု အတိုင်းအတာ နည်းသွားနိုင်ပါတယ်။ ကလေးမရခြင်း၊ ကလေးမယူခြင်း စတဲ့ အရာတွေကလည်း  အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းများထဲမှာ ပါဝင်ပါတယ်။

အ၀လွန်ခြင်း
    သွေးဆုံးချိန်မှာ အ၀လွန်နေမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားလာနိုင်ပါတယ်။ ဒါကလည်း Oestrogen ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှုရှိပြီး  သွေးဆုံးပြီးချိန် နောက်ပိုင်း အ၀လွန်လာတာက ခန္ဓာကိုယ်ရဲ့  Oestrogen ဟော်မုန်း ထုတ်လုပ်မှုကိုပိုမိုများပြားစေပါတယ်။

အရပ်အမောင်း
    မိန်းမတွေမှာရှိသင့်တဲ့ ပျှမ်းမျှအရပ်အမောင်းထက် ပိုရှည်နေတဲ့ အမျိုးသမီးတွေဟာ သာမန်အရပ်ရှိတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ရင်သားကင်ဆာ ဖြစ်နိုင်ချေပိုများနေတတ်ပါတယ်။ အကြောင်းအရင်းအတိအကျကို မသိရ
သေးသော်လည်း မျိုးရိုးဗီဇ၊ အာဟာရနဲ့ ဟော်မုန်းတွေကြောင့် ဖြစ်နိုင်ကြောင်း ပညာရှင်တွေ လတ်တလော ကောက်ချက်ချထားပါတယ်။ ဒါကြောင့် သာမန်ထက် အရပ်ရှည်တဲ့ အမျိုးသမီးတွေ သတိထားသင့်ပါတယ်။

အယ်လ်ကိုဟော
    အယ်လ်ကိုဟော ပမာဏကလည်း ရင်သားကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ အရက်မသောက်သုံးတဲ့ အမျိုးသမီးတွေနဲ့ သောက်တဲ့အမျိုးသမီးတွေကို နှိုင်းယှဉ်လေ့လာ စမ်းသပ်ခဲ့တဲ့အခါ တစ်ရက် အရက်နှစ်ခွက်သောက်
တဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ သုံးဆပိုများတာကို တွေ့ရှိခဲ့ပါတယ်။

စမ်းသပ်မှု ပြုလုပ်ပြီးနောက်ပိုင်း
    သင့်မှာ ရင်သားကင်ဆာ ဖြစ်ခဲ့ဖူးမယ် ဒါမှမဟုတ် နို့ရည်သယ်ပြွန်တွေထဲမှာ အစောပိုင်းအဆင့် ကင်ဆာဆဲလ် (early non-invasive cancercell )တွေ ရှိနေမယ်ဆိုရင် ကင်ဆာအဖြစ် တစ်ဖန်ဖွံ့ဖြိုးလာနိုင်ချေ အလွန်အလွန်မြင့်မားပြီး အခြား
ရင်သားတစ်ဖက်မှာလည်း ဖြစ်နိုင်သလို တူညီတဲ့ ရင်သားမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

ရေဒီယို ဓာတ်ရောင်ခြည်သုံး ဆေးကုသမှုများ
    အချို့သော ရေဒီယို ဓာတ်ရောင်ခြည်သုံး ဆေးကုသမှုတွေ (ဥပမာ- X-Ray ၊ CT Scan) ကလည်း ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းရင်းများထဲမှာ ပါဝင်ပါတယ်။ ကလေးအရွယ် ရင်ဘတ်နေရာမှာ Radiotherapy  တစ်မျိုးမျိုးနဲ့ ထိတွေ့ဖူးတယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ အနည်းငယ်ရှိပါတယ်။
    အသက်(၄၀)ကျော်လာတာနဲ့ အထက်ဖော်ပြပါ ဖြစ်နိုင်ချေများ မရှိသော်လည်း သင့်မှာရင်သားကင်ဆာ ဖြစ်ပွားလာနိုင်ကြောင်း ပညာရှင်တွေ သတိပေးထားပါတယ်။ ရင်သားကင်ဆာက အချိန်မီတွေ့ရှိမယ်ဆိုရင် ကုသနိုင်တဲ့ ကင်ဆာ
အမျိုးအစား ဖြစ်ပါတယ်။

သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ
၁။    ရင်သားနှင့် ချိုင်းနေရာမှာ အဖုအကျိတ်ပေါ်လာခြင်း
၂။    ရင်သားတစ်ဝှိုက် အရေပြားရောင်ရမ်းခြင်း၊ အရောင်ပြောင်းလဲလာခြင်း
၃။    ရင်သား အရွယ်အစား ပြောင်းလဲသွားခြင်း
၎။    ရင်သားအရေပြား ချိုင့်ဝင်ခြင်း
၅။    နို့သီးခေါင်း ယားယံခြင်း၊ အနာဖေးတက်ခြင်း
၆။    နို့သီးခေါင်းအတွင်းသို့ ချိုင့်ဝင်သွားခြင်း
၇။    နို့သီးခေါင်းမှ အရည် (သို့) သွေးထွက်ခြင်း
၈။    ရင်သားတစ်နေရာတည်းတွင် တင်းခြင်း၊ နာခြင်း
    စတဲ့လက္ခဏာတွေ တွေ့ရှိလာရင် ဆရာဝန်နဲ့ စမ်းသပ်ကုသမှု ခံယူသင့်ပါတယ်။

ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းများ
    အသက် ၂၀ ကျော် အရွယ်မှစပြီး အမျိုးသမီးတိုင်း  ရင်သားကိုသုံးနှစ်တစ်ကြိမ် ဆရာဝန်၊ သူနာပြုများနဲ့  ပုံမှန်စမ်းသပ် စစ်ဆေးသင့်ပြီး အသက် ၄၀ကျော်လာတာနဲ့ တစ်နှစ်ကို တစ်ခါနှုန်း နှစ်စဉ် Mammograms ရိုက်ပြီး ကင်ဆာဖြစ်နိုင်ချေရှိ မရှိ စစ်ဆေးသင့်ပါတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု မဖြစ်မနေ ပြုလုပ်သင့်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်မှုရှိတဲ့ အစားအစာများ၊ အမျှင်ဓာတ်နဲ့ Antioxidant ကြွယ်ဝတဲ့ အစားအသောက်များကို ရွေးချယ်စား
သောက်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို လည်း ထိန်းထားဖို့လိုအပ်ပြီး အ၀မလွန်အောင် ဂရုစိုက်နေထိုင်ရမှာပါ။ အရက်နဲ့ ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်းက သင့်ရဲ့ အလုံးစုံသော ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါပဲ။
Ref; Breast cancer (female) - Causes,www.nhs.uk