လှပနုပျိုတဲ့ အသားအရေအတွက် Menu

ကျားမ ကြီးငယ်မရွေး လူတိုင်းနီးပါးဟာ သန့်စင်ကြည်လင်ပြီး ရှိရင်းအသက်ထက် နုပျိုသယောင်ထင်ရတဲ့ အသားအရေကို ပိုင်ဆိုင်လိုတဲ့ ဆန္ဒရှိကြမှာပါ။ မျက်နှာနဲ့ ခန္ဓာကိုယ်အတွက် အလှအပဆိုင်ရာပစ္စည်း အနည်းဆုံးတစ်မျိုးတော့ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာ အသီးအနှံများမှာရော သင့်အသားအရေရဲ့ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာနိသင်တွေ ရှိနေနိုင်ပါသလား။ သင့်အသားအရေကို လှပနုပျိုစေပြီး သန့်စင်ကြည်လင်စေကာ အိုမင်းခြင်းကို တားဆီးပေးနိုင်မယ့် အစားအစာများကို ဖော်ပြပေးချင်ပါတယ်။ အလုပ်မရှုပ်၊ အချိန်မကုန်ဘဲ သင့်ရဲ့နေ့စဉ်မီနူးမှာ ပါဝင်လေ့ရှိတဲ့ အစားအစာများ ဖြစ်ပါတယ်။

ထောပတ်သီး

ဗီတာမင် B နဲ့ Niacin (B3) ပါဝင်မှု မြင့်မားတဲ့ ထောပတ်သီးကို Skin Care များမှာထည့်သွင်းအသုံးပြုလေ့ရှိတာကို သင်သတိထားမိ မှာပါ။ ဒီဗီတာမင်တွေရဲ့ အာနိသင်က အသားအရေကို ချောမွေ့စေပြီး ကျန်းမာစေနိုင်ပါတယ်။ နီရဲပြီး ပွယောင်းယောင်းဖြစ်နေတဲ့ အသား အရေတွေအတွက် အကောင်းဆုံး ဆေးဖက်ဝင်အသီးလို့ ဆိုနိုင်ပါတယ်။ ထောပတ်သီးရဲ့ အသားအရေအတွက် အစွမ်းထက်တဲ့ အကျိုး အာနိသင်ကို စားသုံးခြင်းမှရရှိနိုင်သလို အရေပြားပေါ်တိုက်ရိုက် လိမ်းကျံခြင်းမှလည်း ရရှိနိုင်ပါတယ်။

အာလူး

လက်ရှိခေတ်စားနေတဲ့ ပြောင်ပြောင်လက်လက် တင်းတင်းရင်းရင်း အသားအရေမျိုးကို မျက်စိကျနေပါသလား။ ကျန်းမာပြီး ၀င်းလက်စိုပြေတဲ့ အသားအရေကိုရရှိဖို့ သင့်ခန္ဓာကိုယ်က Copper ဓာတ် အလုံအလောက်ရရှိထားဖို့ လိုအပ်ပါတယ်။ Zinc နဲ့ ဗီတာမင် C ကိုပါ ဖြည့်တင်းလိုက်ရင်တော့ နုပျိုပြီးလင်းလက်တဲ့ အသားအရေပိုင်ရှင်ဖြစ်လာမှာ အသေအချာပါပဲ။ နေ့စဉ်ပုံမှန် လိမ်းနေကျ Skin Care တွေအပြင် သင်နောက်ထပ် အားကိုးနိုင်မယ့် အစားအစာ တစ်ခုရှိနေပါသေးတယ်။ ဆယ့်နှစ်ရာသီလုံးလုံး အလွယ်တကူ ရရှိနိုင်တဲ့ အာလူးဖြစ်ပါတယ်။ မီးဖုတ် (သို့မဟုတ်) ပြုတ်ထားတဲ့ အာလူးက ကျန်းမာရေးနဲ့ညီညွတ်ပြီး အလှအပအတွက်သင့်တော်တဲ့ အစားအစာဖြစ်လို့ လှပလင်းလက်တဲ့ အသားအရေပိုင်ရှင်ဖြစ်လို သူများ လက်မလွှတ်သင့်တဲ့ အစားအစာဖြစ်တယ်လို့ ဆိုပါရစေ။

 ဒိန်ချဉ်

ပရိုတင်းအပြည့်ပါဝင်တဲ့ ဒိန်ချဉ်မှာ သင့်အသားအရေအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိနေပါသလဲ။ ဒိန်ချဉ်မှာ သင့်အသားအ ရေကို နူးညံ့ပျော့ပျောင်းပြီး တင်းရင်းစေနိုင်တဲ့ ဂုဏ်သတ္တိ အပြည့်ရှိပါတယ်။ ပျားရည်နဲ့ ရောစပ်ထားတဲ့ ဒိန်ချဉ်ကို စားသုံးပေးနိုင်သလို အလှအပအတွက် သဘာဝကုထုံးတစ်ခု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာ၊ လည်ပင်းနဲ့ လက်တွေကို ပျားရည်ရောစပ်ထားတဲ့ ဒိန်ချဉ် လိမ်းပြီး မိနစ်အနည်းငယ်ထားကာ ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ။ ပြောင်းလဲသွားတဲ့ အရေပြားရဲ့ နူးညံ့ပျော့ပြောင်းမှုကို လက်တွေ့ခံစားရမှာဖြစ် ပြီး မကြာမကြာစားပေး၊ အသုံးပြုပေးနိုင်မယ် ဆိုရင်ဖြင့် သင့်ရဲ့ Skin Care အားလုံးကို ချောင်ထိုးထားနိုင်လောက်တဲ့ အစွမ်းထက်တဲ့ အာနိသင်ရှိတာကို လက်တွေ့သိရှိရမှာပါ။

ငရုတ်ပွသီး

ကျီးကန်းခြေထောက်တွေ။ ဘယ်လိုမှ လိမ်ညာလို့မရတဲ့ မျက်နှာပေါ်ကဇရာရဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။ အစားထိုးလို့မရတဲ့ နုပျိုလှပခြင်းကို အချိန်ကြာကြာ ပိုင်ဆိုင်ထားနိုင်ဖို့ တန်ဖိုးကြီး Eye Cream တွေကိုပဲ အားကိုးမနေပဲ သဘာဝထဲက အစွမ်းထက် အာနိသင်ရှိတဲ့ အစားအစာများကိုပါ ဖြည့်စွက်စားသုံးချင်တဲ့ ဆန္ဒရှိနေသူအတွက် သတင်းကောင်းရှိနေပါတယ်။ အ၀ါ၊ အစိမ်း၊ အနီ စတဲ့ အရောင်အသွေး စုံလင်လှတဲ့ ငရုတ်သီးတွေမှာ သင့်အသားအရေရဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ငရုတ်သီး (အထူးသဖြင့် ငရုတ်ပွသီး) တွေမှာ ပါဝင်တဲ့ Carotenoid ကအစွမ်းထက်တဲ့ Antioxidant အမျိုးအစားဖြစ်ပြီး အရေပြားပေါ်မှာ  အရေးအကြောင်းတွေ လွယ်လွယ်ကူကူ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်စားသုံးပေးနိုင်မယ်ဆိုရင် ကျန်းမာပြီးနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင် နိုင်ပါလိမ့်မယ်။

သရက်သီး

သရက်သီးကို သင့်ရဲ့အသားအရေ လှပနုပျိုမှုနဲ့တွဲဖက်ပြီး စဉ်းစားကြည့်မိဖူးပါသလား။ သရက်သီးမှည့်ရဲ့ အရသာကို ကြိုက်နှစ် သက်သူဆိုရင် သရက်သီးရဲ့ အလှအပ အကျိုးကျေးဇူးကြောင့် ပိုလို့တောင် သဘောကျသွားနိုင်ပါသေးတယ်။ သရက်သီးတစ်လုံးမှာ သင့်တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် A ပမာဏ စုစုပေါင်းရဲ့ ၈၀ % ပါဝင်ပါတယ်။ အသားအရေအတွက်သာမက ကျန်းမာရေး အတွက်ပါ အထောက်အကူပြုနိုင်တဲ့ သရက်သီးရဲ့ Antioxidant တွေက ပြင်ပက ၀င်ရောက်လာတဲ့ Free Radical တွေကို တိုက်ဖျက်ရာမှာ အသုံးဝင်လှပါတယ်။ ကယ်လိုရီနည်းတဲ့ သရက်သီးကိုပေါ်ချိန်မှာ အားရပါးရစားသုံးပြီး သင့်ကိုအိုမင်းရင့်ရော်စေတဲ့ အရာတွေကို အံတုတွန်းလှန်ပစ်နိုင်ပါတယ်။

ငါး

ငါး (အထူးသဖြင့် ဆယ်လ်မွန်ငါး)တွေဆီကရနိုင်တဲ့ Omega-3 Fatty Acid ၊ သစ်ကြားစေ့လို အစေ့အဆန်တွေကရရှိတဲ့ အဆီ တွေဟာ သင့်အသားအရေကို နူးညံ့ချောမွေ့စေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဘယ်ရီသီး အမျိုးမျိုးရဲ့ကြွယ်ဝတဲ့ ဗီတာမင် C ဓာတ်က သင့် အရေပြားရဲ့ နုပျိုမှုအတွက် မရှိမဖြစ်အရေးပါတဲ့ Collagen တည်ဆောက်ရာမှာ ပါဝင်ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာများက ခန္ဓာကိုယ်ရဲ့ အညစ်အကြေးစွန့်တဲ့ လုပ်ငန်းကိုပုံမှန်ဖြစ်စေပြီး သန့်စင်ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အဓိက သော့ချက်ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အစားအစာများဟာ  သင့်ရဲ့ အလှအပအတွက် အကျိုးရှိရုံသာမက ကျန်းမာတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင် နိုင်ဖို့ပါ အထောက်အကူပြုနိုင်တဲ့ အစားအစာများဖြစ်လို့ ပုံမှန်စားသုံးပေးကြပါလို့ အကြံပြုပါရစေ။

Ref;epyk.com