မိုးရာသီနဲ့ ကလေးငယ်တွေရဲ့ကျန်းမာရေး

မိုးရာသီကို ရောက်ရှိလို့လာပါပြီ။ မိုးရာသီ နဲ့ အတူပါလာတာက အေးမြတဲ့ မိုးရေစက်တွေသာ မကပဲ ကလေးငယ်ရှိတဲ့ မိဘတိုင်းကို ခေါင်းကိုက် စေနိုင်တဲ့ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး၊ အအေးမိ၊ ဝမ်းလျှောရောဂါ နဲ့ တိုက်ဖွိုက်လိုမျိုး ကျန်းမာရေးပြဿနာများဖြစ်ပါတယ်။ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဥတုမှာ သင့်ရဲ့ကလေးကို ကူးစက်ရောဂါများနဲ့ အ ခြားကျန်းမာရေးပြဿနာ မကြုံရအောင် ဘယ်လို ကာကွယ်ပေးနိုင်ပါသလဲ။

ရေကို ကျိုချက်ပြီးတိုက်ပါ 
ကလေးငယ်တွေအတွက် သန့်ရှင်းပြီး ပိုးမွှားကင်းစင်တဲ့ ရေကို သောက်သုံးရဖို့က အလွန်အရေးကြီးပါတယ်။ သောက်သုံးရေ သန့်ရှင်းဖို့က ကလေးငယ်တွေသာမကပဲ လူကြီးတွေအတွက်ပါ အရေးကြီးတဲ့ ကျန်းမာရေး ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအားနုနယ်သေးတဲ့ ကလေးတွေမှာ သောက်သုံးတဲ့ ရေ မသန့်ရှင်းရင် ဝမ်းလျှောရောဂါနဲ့ တိုက်ဖွိုက်ကဲ့သို့သော ရေကတစ်ဆင့်ဖြစ်တဲ့ ရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။ ဒီလို အရေးကြီးတဲ့ သောက်ရေကို  မိုးရာသီမှာ ပိုပြီး သတိထားသင့်ပါတယ်။ မိုးရာသီမှာ ရေအရင်းအမြစ်တွေက အခြားရာသီများထက် စာရင် ပိုပြီး ညစ်ညမ်းနိုင်ခြေများတာကြောင့် ရေထဲမှာပေါက်ပွားတတ်တဲ့ ရောဂါပိုးမွှားတွေလည်း အခြားရာသီများထပ် ပိုပြီးပါဝင်နေတတ်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ကလေးငယ်တွေကို ကျိုချက်ထားတဲ့ ရေကို တိုက်တာက အကောင်းဆုံးနဲ့စိတ်အချရဆုံးပါပဲ။ ရေကို ပွက်ပွက်ဆူအောင်တည်လိုက်ရင် ပိုးမွှားအားလုံးသေသွားပြီး သန့်စင်တဲ့ရေဖြစ်သွားပါပြီ။ သတိထားရမယ့် နောက်တစ်ချက်ကတော့ ကျိုချက်ပြီးရေကို အအေးခံထည့်ထားမယ့် ပုလင်းနဲ့ခွက်တွေရဲ့ သန့်ရှင်းမှုပါ။ ပုလင်းတွေ၊ ခွက်တွေ သန့်ရှင်းမှု မရှိရင် ကျိုထားတဲ့ရေက အလကားဖြစ်သွားနိုင်ပြီး ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

လက်ဆေးပါ 
လက်ဆေးတာက မိုးရာသီမှာမှ မဟုတ်ပါဘူး။ ရာသီတိုင်း အချိန်တိုင်း လိုက်နာပြုလုပ်ပေးရမယ့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်တစ်ခုဖြစ် ပါတယ်။ မိုးရာသီမှာ ပိုပြီးသတိထားပေးသင့်တဲ့ အကြောင်းအရင်းကတော့ စိုစွတ်တဲ့ ရာသီဥတုမှာ 
ဘက်တီးရီးယားတော်တော်များများ ရှင်သန်ပေါက်ဖွားနိုင်တာကြောင့် ပတ်ဝန်းကျင်က အရာဝတ္ထုတိုင်းမှာ ရောဂါပိုးတွေ ရှိနေနိုင်တာကြောင့် ဖြစ်ပါတယ်။ လက်က အဆိုပါ အရာဝတ္ထုတွေဆီက ပိုးမွှားတွေ ကို ခန္ဓာကိုယ်ဆီကို သယ်ဆောင်ပေးမယ့် အရာဖြစ်တာကြောင့် လက်တွေကို မကြာခဏဆေးကြောပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အစားမစားခင်မှာ လက်တွေကို ဆေးဖြစ်အောင် ဆေးပေးဖို့ လိုပါတယ်။ 

အပြင်စာကျွေးခြင်းကို ရှောင်ပါ
မိုးတွင်းမှာ ခြင်၊ ယင်၊ ဖြုတ် နဲ့ အခြားပိုးမွှားတွေဟာ မိုးရေကနေ အကာအကွယ်ရအောင် အမိုးအကာရှိတဲ့ဆီကို ပိုပြီးလာလေ့ရှိပါတယ်။ ဒါကြောင့် သေချာ မဖုံးမအုပ်ထားတဲ့ အစားအ သောက်တွေဟာ သူတို့အတွက် စားကျက်တွေ ဖြစ်နေတတ်ပါတယ်။ ယင်နားစာတွေဟာ ဝမ်းလျှောရောဂါ၊ တိုက်ဖွိုက်စတဲ့ ရောဂါတွေကို ဖြစ်စေနိုင်လို့ အင်မတန် အန္တရာယ်များပါတယ်။ ဒါ့အပြင် အပြင်စာတွေဟာ အိမ်မှာချက်ပြုတ်တဲ့ အစားအသောက်များလောက်လည်း သန့်ရှင်းမှုမရှိနိုင်တာကြောင့် ကလေးငယ်တွေအတွက် မသင့်တော်ဘူးလို့ပညာရှင်တွေ သတိပေးထားပါတယ်။ မဖြစ်မနေ အခြေအနေမျိုးမှသာ ကလေးငယ်တွေကို အပြင်စာကျွေးသင့်ပြီး သန့်ရှင်းမှု ရှိမရှိသေချာ စစ်ဆေးဖို့လည်း တိုက်တွန်းချင်ပါတယ်။ 

အာဟာရပြည့်ဝအောင် ကျွေးပါ
မိုးရာသီအတွင်းမှာ ကလေးရောလူကြီးပါ ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်ခြေ အခြားရာသီများထက် ပိုပြီးမြင့်မားပါတယ်။ တုပ်ကွေး၊ အအေး မိခြင်း နဲ့ နှာစေး၊ ချောင်းဆိုးရောဂါတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေဟာ မိုးရာသီရဲ့ စိုစွတ်ထိုင်းမှိုင်းတဲ့ လေထုထဲမှာ ပျံ့နှံ့ပေါက်ဖွားနေပါတယ်။ ဒီဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ သင့်ကလေးလေးရဲ့ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့အခါ တိုက်ထုတ်ပစ်ဖို့ ကလေးရဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကလေးကို ကိုယ်ခံအားကောင်းမွန်စေနိုင်တဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်များကို ဂရုတစိုက်ကျွေးမွေးပေးသင့်ပါတယ်။ ကလေးက နို့စို့အရွယ်ဆိုရင် မိုးတွင်းကာလမှာ ကိုယ်ခံအားမြင့်မားနေစေဖို့ မိခင်နို့ကို အဓိကထား တိုက်ကျွေးပေးဖို့ ပညာရှင်တွေတိုက်တွန်းထားပါတယ်။ 

ခြင်မကိုက်အောင်ထားပါ
မိုးတွင်းမှာ ကလေးတွေအတွက် အကြီးမားဆုံး အန္တရာယ်က ခြင်က တစ်ဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါပါ။ ရေရှိတဲ့ အရပ်မှာ ခြင်တွေပေါက်ဖွားတာကြောင့် မိုးတွင်းကာလမှာ ကလေးကို ခြင်မကိုက်အောင် အရင်ကထက် ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အဝတ်အစားကို လုံလုံခြုံခြုံဝတ်ပေးတာ၊ ခြင်ထောင်နဲ့ သိပ်တာ လိုမျိုး ခြင်မကိုက်အောင် ကာကွယ်တာမျိုး လုပ်သင့်သလို အိမ်နဲ့ ပတ်ဝန်းကျင်တစ်ဝိုက် ခြင်တွေ ပေါက်ဖွားတာကို တားဆီးဖို့ ရေဝပ်နေရာတွေကို သန့်ရှင်းရေးလုပ်တာ၊ ပန်းအိုးနဲ့ရေကန်၊ ရေတိုင်ကီတွေကို ရေလှဲတာတွေကိုလည်း မိုးရာသီမှာ မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။ 

ကလေးအတွက် မိုးကာပစ္စည်းများဆောင်ထားပါ
မိုးတွင်းမှာ မိုးကာပစ္စည်းများ မပါဘဲ ကလေးတွေကို အိမ်အပြင်မခေါ်သွားဖို့နဲ့ အတတ်နိုင်ဆုံး မိုးမမိအောင်ထားဖို့ ပညာရှင်တွေ အလေးအနက်သတိပေးထားပါတယ်။ မိုးရွာပြီး ရာသီဥတုအေးနေစဉ်မှာလည်း ကလေးကို နွေးနွေးထွေးထွေး ဝတ်ထားပေးဖို့လိုအပ်ပါတယ်။ အခန့်မသင့်လို့ ကလေးလေး မိုးမိသွားပြီဆိုရင် ဒီတိုင်းရေခြောက်အောင် သုတ်ပြီး အဝတ်အစား လဲပေးလိုက်တာထက် ရေနွေးလေးနဲ့ ရေချိုးပြီးမှ နွေးနွေးထွေးထွေး ဝတ် စားပေးတာမျိုး လုပ်ပေးပါလို့လည်း အကြံပြုလိုပါတယ်။ ရေနွေးနဲ့ ရေချိုးပေးခြင်းအားဖြင့် မိုးမိထားလို့ကျဆင်းနေတဲ့ ကလေးရဲ့ ကိုယ်တွင်းအပူချိန်ကို ပြန်လည်ထိန်းညှိပေးရာရောက်ပြီး ကိုယ်တွင်းအပူချိန် ရုတ်တရက် ပြောင်းလဲခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ နှာစေး ချောင်းဆိုးခြင်းတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

ကလေးကို ရောဂါမဖြစ်အောင်ကာကွယ်ပါ
မိုးရာသီမှာ ကလေးငယ်ရှိတဲ့ မိဘဖြစ်သူတွေ နောက်ထပ်သတိထားရမယ့်အရာက လူကြီးတွေဆီက ကူးစက်မယ့် ရောဂါများဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကလေးကို တုပ်ကွေးမိ၊ အအေးမိ နေတဲ့ လူကြီးတွေနဲ့ နီးနီးကပ်ကပ်မထားသင့်သလို မိဘဖြစ်သူ ကိုယ်တိုင်ကလည်း အဆိုပါ ရောဂါတွေ ကိုယ့်ကို မကူးစက်လာအောင် သတိပြုနေထိုင် သင့်ပါတယ်။ အကယ်၍ မိဘဖြစ်သူမှာ တုပ်ကွေး နဲ့ အအေးမိတာလိုမျိုး ရောဂါဖြစ်နေရင် ကလေးနဲ့ အနီးကပ်နေထိုင်တာမျိုးကို ရှောင်ရမှာပါ။ ကလေး 
တွေရဲ့ ခန္ဓာကိုယ်ဟာ ကြီးထွားဖွံ့ဖြိုးဖို့ကို အဓိက လုပ်ဆောင်နေရတဲ့ အချိန်ဖြစ်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်က လူကြီးတွေလို ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။ ဒီအချိန်မှာ ကူးစက်ရောဂါတစ်မျိုးမျိုးဝင်လာလို့ ကိုယ်ခံစွမ်းအားစနစ်က တိုက်ထုတ်ဖို့ လုပ်ဆောင်နေရပြီဆိုရင် တစ်ဖက်မှာ ကြီးထွားဖွံ့ဖြိုးဖို့ လုပ်ဆောင်နေရတဲ့ အပိုင်းမှာ အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေကို ရောဂါဘယ မဖြစ်အောင်ထားတာက အကောင်းဆုံးပါပဲ။ ကာကွယ်ခြင်းက ကုသခြင်းထက် အဆများစွာ ပိုပြီးလွယ်ကူသလို ပိုပြီးလည်း အကျိုးရှိပါတယ်။ 

Ref; Keep Your Child Healthy During The Rainy Season