အီလက်ထရောနစ် ပစ္စည်းများ နဲ့ အိပ်မပျော်တဲ့ ပြဿနာ

အိပ်မပျော်တာကြောင့် အိပ်ရာထဲမှာ ဖုန်းသုံးရင်း ညဥ့်နက်သန်းခေါင်တိုင်သွားတဲ့ညတွေ၊ အိပ်ရာထနောက်ကျတာကြောင့် မနက်စာလွတ်သွားတဲ့ နေ့တွေ၊ အိပ်ရေးမဝတာကြောင့် စိတ်မကြည်လင် တာကြောင့် အဆင်မပြေဖြစ်လာတဲ့ လူမှုပေါင်း
သင်းဆက်ဆံရေး၊ ပင်ပန်းနွမ်းနယ်နေတာကြောင့် ဖန်တီးထုတ်လုပ်နိုင်စွမ်း လျော့နည်းလာပြီး ကျဆင်းလာတဲ့ လုပ်ငန်းခွင် အရည်အသွေး။ ဒီပြဿနာတွေ အားလုံးက သင်ထင်ထားသလို စိတ်ဖိစီးစရာ ကိစ္စကြီးကြီးမားမားတွေကြောင့် မဟုတ်ဘဲ ညအိပ်ရာဝင်ခါနီး သင်အသုံးပြုမိတဲ့ တီဗွီ၊ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ် ပစ္စည်း အမျိုးအစားတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်ဆိုရင် သင်အံ့သြသွားနိုင်ပါတယ်။ မှန်ပါတယ်။ သင် အပါအဝင် ကမ္ဘာ့လူဦးရေတော်တော်များများ ကြုံတွေ့နေရတဲ့ အိပ်မပျော်တဲ့ ပြဿနာရဲ့ နောက်ကွယ်က တရားခံဟာ ညအိပ်ရာဝင်ခါနီး အသုံးပြုလိုက်မိတဲ့ အိပ်ခန်းထဲက အီလက်ထရောနစ် ပစ္စည်းများဖြစ်နေတယ်လို့ သုတေသီတွေ အခိုင်အမာပြောဆိုထားပါတယ်။ တီဗွီ၊ ဖုန်း၊ တက် ဘလက်၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေက သင့်ရဲ့အိပ်စက်ခြင်းကို ဘယ်လို အနှောင့်အယှက်ပေးနေပါသလဲ။

အပြာရောင်အလင်း
လူခန္ဓာကိုယ်ဟာ ၂၄ နာရီတိုင်း တစ်ခါ ပြန်လည်ဖြစ်ပေါ်တတ်တဲ့ ဇီဝနာရီလို့ တင်စားခေါ်ဆိုရမယ့် Circadian Rhythm  အပေါ်လိုက်ပြီး တစ်နေ့တာရဲ့ အိပ်ခြင်း၊ စားခြင်း စတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို လိုက်ပါလုပ်ဆောင်တာ ဖြစ်ပါတယ်။ ဥပမာ- ည ရောက်ရင် အိပ်ချင်စိတ်ပေါ်လာပြီး မနက်မှာ နိုးလာတယ်ဆိုတာက ခန္ဓာကိုယ်က မှတ်မိနေတဲ့ Circadian Rhythm အပေါ် အလိုအလျောက် လိုက်ပါလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇီဝနာရီပေါ်မှာ အလင်းရောင်တွေက ကြီးမားတဲ့ သက်ရောက်မှု ရှိနေပါတယ်။ တီဗွီ၊ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေက ထုတ်လွှတ်လိုက်တဲ့ အပြာရောင်အလင်းဟာ လူတွေရဲ့အိပ်ထ ဖြစ်စဉ်ကို ထိန်းချုပ်လုပ်ဆောင်ပေးနေတဲ့ ဇီဝနာရီအပေါ်သက်ရောက်မှုရှိပြီး အိပ်စက်ချိန်ကို ကမောက်ကမဖြစ်စေနိုင်တာကို ပညာရှင်တွေ လေ့လာမှုများစွာပြုလုပ်ပြီးနောက် သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ် နဲ့ တိုရွန်တို တက္ကသိုလ်က သုတေသီတွေ လတ်တလော ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အပြာရောင် အလင်းတန်းကထွက်လာတဲ့ ရောင်စဉ်တွေဟာ ခန္ဓာကိုယ်က Melatonin ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ Melatonin က အိပ်ချင်စိတ်ဖြစ်ပေါ်လာအောင် လှုံ့ဆော်မှုပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး အဆိုပါ ဟော်မုန်းထွက်ချိန် နောက်ကျခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ အိပ်မပျော်တာမျိုး၊ အိပ်ချင်စိတ်မရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ခန်းအတွင်းမှာ အီလက်ထရောနစ် ပစ္စည်းတွေထားတာ ၊အိပ်ရာဝင်ချိန်အထိ အဆိုပါပစ္စည်းတွေကို အသုံးပြုတာတွေက သင့်ရဲ့ အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ 

အိပ်ချိန်အတွက် အနှောင့်အယှက် 
တီဗွီ၊ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အချိန်တော်တော်များများ အသုံးပြုတာ၊ အထူးသဖြင့် ညအိပ်ရာဝင်ခါနီး အသုံးပြုတာက အိပ်မပျော်တဲ့ရောဂါဖြစ်ပွားရခြင်းနဲ့ ဆက်စပ်မှုရှိနေတယ်လို့ နော်ဝေးနိုင်ငံက သုတေသီတွေ သတိပေးထားပါတယ်။ လေ့လာမှုတွေပြုလုပ်တဲ့အခါ ပါဝင်သူအများစုဟာ ညအချိန် အိပ်ပျော်ပြီးနောက် ဖုန်းလာတာ၊ စာတိုလာတာ စတာတွေကြောင့် နိုးလာပြီး ပြန်အိပ်ပျော်ဖို့ခက်ခဲကြောင်း ဖြေကြားခဲ့ကြပါတယ်။ အကယ်၍ ဖုန်း ဒါမှမဟုတ် စာတို၊ အီးမေးလ်ကနေ သိလိုက်ရတဲ့အကြောင်းက စိတ်ဖိစီးမှု ဖြစ်စေတဲ့အရာဆိုရင် အိပ်ပျော်ဖို့ ပိုမိုခက်ခဲသွားတတ်တယ်လို့လည်း ပါဝင်သူတွေက ဖြေဆိုထားတာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် အီလက်ထရောနစ် ပစ္စည်းတွေကို အိပ်ရာထဲယူသွားခြင်းက တစ်နည်းမဟုတ်တစ်နည်းနဲ့ လူတွေရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနေတယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ 

ကျန်းမာရေး
အိပ်ရေးပျက်တာ များလာတဲ့အခါမှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ တီဗွီ၊ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စတဲ့ အီလက် ထရောနစ်ပစ္စည်းတွေကို အချိန်အကန့်အသတ် မရှိအသုံးပြုတဲ့ ကလေးတွေ၊ အိပ်ခန်းထဲမှာ တီဗွီ စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေထားတဲ့ ကလေးတွေဟာ အိပ်ချိန်နည်းပြီး ပုံမှန်အိပ်ချိန်ရှိတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်တဲ့အခါ အဝလွန်နေတာကို တွေ့ရှိခဲ့ရတယ်လို့ BMC Public Health ကလေ့လာမှုတစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ အခြား သုတေသီတွေကလည်း အိပ်ချိန်ပုံမှန်မရှိသူ၊ အိပ်ချိန်နည်းသူတွေဟာ သာမန်ထက် ကိုယ်အလေးချိန်ပိုများနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အိပ်ချိန်နည်းလေလေ ကိုယ်အလေးချိန်တိုးပြီး အဝလွန်နိုင်ခြေ ပိုများလေလေ ဖြစ်တယ်လို့ သိရပါတယ်။ အိပ်ချိန်နည်းပြီး နိုးထလှုပ်ရှားနေရတဲ့ အချိန်က ပိုများနေတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရ အစားအသောက်စားဖို့ ပိုလိုအပ်လာတာကြောင့် အချိန်ကြာလာတဲ့အခါမှာ ကိုယ်အလေးချိန်တိုးလာတာ ဖြစ်ပါတယ်။ ဒါ
ကြောင့် အီလက်ထရောနစ် ပစ္စည်းတွေကြောင့် အိပ်ရေးဝဝ မအိပ်ရခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ အဝလွန်ခြင်း ပြဿနာ ကပ်ပါလာနိုင်တယ်လို့ ဆိုရမှာပါ။ ကိုယ်အလေးချိန်ရှိသင့်တာထပ် ပိုလာပြီဆိုရင် နောက်ပိုင်းမှာ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ လေဖြတ်ခြင်း စတဲ့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေလည်း မြင့်တက်လာနိုင်လို့သတိထားသင့်ပါတယ်။ 

ဖန်တီးထုတ်လုပ်နိုင်မှု 
တီဗွီ၊ ဖုန်း၊တက်ဘလက်၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အချိန်အတော်များများ အသုံးပြုခြင်းကြောင့် အိပ်/ထ ခြင်းဖြစ်စဉ်ကို ပုံမှန်ထပ် နောက်ကျစေတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ ပြဿနာများစွာ ကပ်ပါလာနိုင်ပါတယ်။ အိပ်ချိန် အပြည့်အဝ မရရှိထားတဲ့သူတွေဟာ အိပ်ချိန်အပြည့်အဝ အိပ်ထားတဲ့သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ သိမြင်နားလည်နိုင်မှု စွမ်းရည်သိသိသာသာ နိမ့်ကျနေတာကို တွေ့ရှိခဲ့ရတယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ သင်ယူနိုင်မှုစွမ်းရည်၊ မှတ်ဥာဏ်၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း စတာတွေလည်း နည်းပါးနေပြီး ထုတ်လုပ်ဖန်တီးနိုင်မှု စွမ်းရည်လည်း ကျဆင်းနေတတ်တယ် လို့သိရပါတယ်။ ဒါက ရေရှည်မှာ လူနေမှုဘဝကို ထိခိုက်လာစေနိုင်ပါတယ်။ အိပ်ရေးမဝတာကြောင့် နေ့ခင်းဘက်တွေမှာ ပင်ပန်းနွယ်နယ်နေတတ်ပြီး နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာတွေကိုလည်း ရင်ဆိုင်ကြုံတွေ့လာရနိုင်ပါတယ်။ 

အိပ်ပျော်စေဖို့
အိပ်ခန်းထဲမှာ တီဗွီကြည့်တာ၊ ဂိမ်းကစားတာအပြင် အလုပ်လုပ်တာ၊ စာကျက်တာ စတာတွေကလည်း ပြည့်ပြည့်ဝဝ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အဟန့်အတားဖြစ်စေတဲ့ အရာများလို့ ပညာရှင်တွေဆိုပါတယ်။ အိပ်ခန်းဆိုတဲ့အတိုင်း အိပ်စက်အနားယူဖို့သက်သက်သာ ဖြစ်သင့်တယ်လို့ ဆက်လက်အကြံပြုထားပါတယ်။ အကယ်၍ အိပ်ရာဝင်ပြီး အချိန်အတော်ကြာကြာထိ အိပ်မပျော်သေးဘူးဆိုရင် အိပ်ရာက ထပြီး စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာမျိုးသာ လုပ်သင့်ပြီး သင့်ကို အိပ်မပျော်နိုင်တဲ့ စက်ဝန်းထဲကို ပြန်လည် ဆွဲခေါ်သွားမယ့် ပစ္စည်းများဖြစ်တဲ့ တီဗွီ၊ ဖုန်း၊တက်ဘလက်၊ ကွန် ပျူတာ စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို လုံးဝ မကိုင်သင့်ပါဘူးလို့ ပညာရှင်တွေ သတိပေးပါတယ်။

Ref; This Is Why Electronics Don’t Belong in Your Bedroom