နာမည်မကြီးတဲ့ ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီ - ပန်းပွင့်စိမ်းလို့ ခေါ်ကြတဲ့ ဘရိုကိုလီမှာ ပါဝင်နေတဲ့၊ အာဟာရတန်ဖိုး မြင့်မားလွန်းတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေရဲ့ လောင်းရိပ်အောက်မှာ ဘရိုကိုလီနဲ့ အပင်မိသားစုချင်းတူတဲ့ ပန်းဂေါ်ဖီကို လူတွေမေ့နေလေ့ရှိပါတယ်။ ဒါပေမဲ့ ဘရိုကိုလီလောက် နာမည်မကြီးတဲ့ ပန်းဂေါ်ဖီမှာလည်း တန်ဖိုးဖြတ်မရနိုင်တဲ့ ကျန်းမာရေးအကျိုးပြု အာဟာရဓာတ်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ မေ့နေမိတဲ့ ပန်းဂေါ်ဖီကို စားသုံးခြင်းမှ သင့်ခန္ဓာ ကိုယ်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။

ကင်ဆာရောဂါ အတော်များများကို ကာကွယ်နိုင်ပါတယ်
ပန်းဂေါ်ဖီမှာပါဝင်တဲ့ Sulforaphane လို့ အမည်ရတဲ့ ဓာတ်ပေါင်းတစ်မျိုးက ကင်ဆာရောဂါကို ကာကွယ်တိုက်ထုတ်နိုင်စွမ်းရှိတယ်လို့ ပညာရှင်တွေဆိုထားပါတယ်။ အဆိုပါ ဓာတ်ပေါင်းက Cancer Stem Cell တွေကို အဓိက တိုက်ခိုက်ပြီး ကင်ဆာအကျိတ်တွေ ကြီးထွားလာခြင်းကို တားဆီးပေးမှာ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီ နဲ့ နနွင်း နှစ်မျိုးပေါင်းလိုက်တဲ့အခါ ရရှိလာတဲ့ အာနိသင်က အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ပရိုစတိတ်ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါ 
တယ်။ ပန်းဂေါ်ဖီမှာ အထူးသဖြင့် ရင်သား၊ ဆီးအိမ်၊ အူမကြီး၊ အသည်းနဲ့ အဆုတ်တွေမှာဖြစ်လေ့ရှိတဲ့ ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်တဲ့ Indoles နဲ့ Isothiocynates စတဲ့ ဓာတ်ပေါင်းတွေလည်း ပါရှိပါသေးတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီဟာ Cruciferous အမည်ရ အပင်အုပ်စုဝင်ဖြစ်ပြီး အဆိုပါ အပင်အုပ်စုဝင် အသီးအရွက်တွေဟာ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဗီတာမင် K တွေပါဝင်ပြီး ဒီဗီတာမင်တွေအားလုံးဟာ ကင်ဆာအမျိုးအစားတော်တော်များများကို တိုက်ထုတ်နိုင်တဲ့ ဗီတာမင်များဖြစ်ပါတယ်။ဒါကြောင့် ပန်းဂေါ်ဖီဟာ သဘာဝအရ ကင်ဆာရောဂါကို ကာကွယ်နိုင်သလို ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်တဲ့ အဖိုးတန် အစားအစာတစ်မျိုးလို့ ဆိုနိုင်ပါတယ်။  

နှလုံးကို ကျန်းမာစေပါတယ်
ဟင်းသီးဟင်းရွက်တွေဟာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အုပ်စုထဲမှာပါဝင်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ ပန်းဂေါ်ဖီမှာလည်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စွာဖြစ်ပျက်ဖို့မရှိ မဖြစ်လိုအပ်တဲ့ အမျှင်ဓာတ်ပါဝင်နေပါတယ်။ များပြားလှစွာသော လေ့လာမှုတွေပြုလုပ်ပြီး နောက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားသောက်ပေးခြင်းက နှလုံးရဲ့ကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေနိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ အထက်မှာ ဖော်ပြခဲ့ပြီးသလို ပန်းဂေါ်ဖီမှာပါဝင်တဲ့ Sulforaphane က ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်ရုံသာမကပဲ သွေးဖိအားကို သိသိသာသာ ကောင်းမွန်စေနိုင်တဲ့ အာနိသင်လည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင်ပန်းဂေါ်ဖီမှာ သွေးတွင်း ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်တဲ့ အဖိုးတန် အဆီဓာတ်တစ်မျိုးဖြစ်တဲ့ Omega-3 Fatty Acids လည်း ပါဝင်ပါသေးတယ်။ သွေးတွင်းမှာ ကိုလက်စထရောပမာဏများပြားနေရင် နှလုံးနဲ့နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားလာနိုင်ပါ တယ်။ ဒါကြောင့် Omega-3 Fatty Acids ပါဝင်တဲ့ ပန်းဂေါ်ဖီကဲ့သို့သော အစားအသောက်များကို မကြာခဏ စားသုံးပေးခြင်းဖြင့် သင့်နှလုံးနဲ့ နှလုံးသွေးကြောတွေရဲ့ ကျန်းမာရေးကို ရေရှည်ကောင်းမွန်နေအောင် ထိန်းသိမ်းထားနိုင်ပါတယ်။ 

ဦးနှောက်စွမ်းရည်ကို တိုးတက်စေပါတယ်
ပန်းဂေါ်ဖီမှာ ပါဝင်တဲ့နောက်ထပ် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုးက ဗီတာမင် B အုပ်စုဝင် Choline ဓာတ်ဖြစ်ပြီး ဦးနှောက်ရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ထားစဉ် ရင်သွေးငယ်ရဲ့ ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးတိုးတက်ဖို့ မိခင်ဖြစ်သူရဲ့ အစားအသောက်များထဲမှာ Choline ဓာတ် မရှိမဖြစ်ပါဝင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အပင်တွေက ရရှိတဲ့ Choline ဟာ ဦးနှောက်ကို ဖွံ့ဖြိုးစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ်ချို့ယွင်းမှုကိုလည်း ကာကွယ်နိုင်တယ်လို့ ပညာရှင်တွေဆိုထားပါ တယ်။ အာရုံကြောချို့ယွင်းမှုရောဂါတစ်မျိုးဖြစ်တဲ့ Alzheimer’s ကိုကာကွယ်ရာမှာလည်း သက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ပန်းဂေါ်ဖီ ဟာဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ရေရှည် ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အာဟာရ အာနိသင်ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်
ပန်းဂေါ်ဖီကို အာဟာရတန်ဖိုးမြင့်တက်စေတဲ့ Beta-Carotene၊ Quercetin ၊ Cinnamic Acid နဲ့ Beta-cryptoxanthin စတဲ့ ဗီတာမင်နဲ့ ဓာတ်တွေက Antioxidant ဂုဏ်သတ္တိရှိပြီး ခန္ဓာ ကိုယ်ကို ဘေးဖြစ်စေမယ့် ဓာတ်ပစ္စည်းတွေ ဓာတ်တိုးမှု မဖြစ်အောင်ကာကွယ်ပေးမှာဖြစ်ပြီး ခန္ဓာကိုယ်ကို ရောင်ရမ်းမှုဖြစ်စေမယ့် ဓာတ်ပစ္စည်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီမှာပါတဲ့  Anti-inflammatory ဓာတ်ပေါင်းတစ်မျိုး ဖြစ်တဲ့ Indole-3-Carbinol ကလည်း ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကို မျိုးဗီဇအထိ တိုက်ဖျက်ပေးနိုင်တယ်လို့လည်း ပညာရှင်တွေဆိုထားပါတယ်။ ဒါ့အပြင် Omega-3 Fatty Acids ခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုကို သက်သာစေနိုင်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ပန်းဂေါ်ဖီမှာ ခန္ဓာကိုယ်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာဟာရဓာတ်နဲ့ဓာတု ဓာတ်ပေါင်းတွေ ပါဝင်နေတာမှန်ပေမဲ့ ဂေါက်ရောဂါကို အစပျိုးဖြစ်စေနိုင်တဲ့  Purines လို့ခေါ်တဲ့ ဓာတ်တစ်မျိုးလည်း ပန်းဂေါ်ဖီမှာ ပါဝင်နေတာကြောင့် ဂေါက်ရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေ အနေနဲ့ သက်ဆိုင်ရာဆရာဝန်ရဲ့ အကြံပြုချက်ကို အရင်ယူပါလို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ 

ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်ပါတယ်
ပန်းဂေါ်ဖီမှာ အဓိကပါဝင်တဲ့ စွမ်းအားမြင့် ဓာတ်ပေါင်းတစ်မျိုးဖြစ်တဲ့ Sulforphane က ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်ပြီး နှလုံးနဲ့ နှလုံးသွေးကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ရုံသာ မကသေးပါဘူး။ ပန်းဂေါ်ဖီမှာ ထပ်မံဖွဲ့စည်းပါဝင်နေတဲ့ ဗီတာမင် C ၊ Folate တို့နဲ့ Sulforphane တို့ ပေါင်းစပ်လိုက်တဲ့အခါမှာ ကိုယ်အလေးချိန်ကျဆင်းစေနိုင်ဖို့ အထောက်အကူပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်လာပါတယ်။ ဗီတာမင် C ကကိုယ်ခန္ဓာက လှုပ်ရှားမှုတွေ ပြုလုပ်တဲ့အခါမှာ အဆီတွေ လောင်ကျွမ်းသွားအောင် ကူညီပေးနိုင်တဲ့ အာနိသင်ရှိပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ကိုယ်အလေးချိန်ကျဆင်းစေဖို့ အကူအညီဖြစ်စေပါတယ်။ Leptin အမည်ရ ဟော်မုန်းတစ်မျိုးက ခန္ဓာကိုယ်ထဲမှာ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးမြှင့်ဖြစ်ပျက်စေပြီး ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းဖြစ်နေအောင် ထိန်းသိမ်းပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ပန်းဂေါ်ဖီမှာ ကြွယ်ဝစွာပါဝင်တဲ့ Omega-3 Fatty Acids က အဆိုပါဟော်မုန်း ထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုတဲ့သူများနဲ့ အလေးချိန်မတက်ဘဲ ကျန်းမာရေးအတွက်သင့်တော်တဲ့ ကိုယ်အလေးချိန်အတွင်း ထိန်းထားလိုသူများ စား သုံးပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်တယ်လို့ အာဟာရဗေဒပညာရှင်တွေ ထောက်ခံချက်ပေးထားပါတယ်။  

အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်
စားသောက်လိုက်တဲ့ အစားအသောက်များထံမှာ တစ်ဆင့်၊ ရှုသွင်းလိုက်တဲ့ လေမှတစ်ဆင့်၊ ထိတွေ့နေရတဲ့ ဓာတုပစ္စည်းများနဲ့ ခရမ်းလွန်ရောင်ခြည်ဓာတ် မြင့်မားစွာပါဝင်နေတဲ့ နေရောင်ခြည် စတဲ့ စတဲ့ အရာများစွာမှတစ်ဆင့် သင့်ရဲ့ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေမယ့် အဆိပ်အတောက် တွေဟာ နေ့စဉ်နဲ့ အမျှခန္ဓာကိုယ်ထဲကို ဝင်ရောက်နေပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်နေတဲ့ Free Radical တွေ ဓာတ်တိုးပြီး ကင်ဆာကဲ့သို့သော အသက်အန္တရာယ်ဖြစ် စေနိုင်တဲ့ ရောဂါတွေ မဖြစ်ပွားအောင် Antioxidants တစ်နည်းအားဖြင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးဖို့ လိုကို လိုအပ်ပါတယ်။ ပန်းဂေါ်ဖီမှာ သဘာဝအတိုင်း ဖွဲ့စည်းပါဝင်နေတဲ့ အာဟာရဓာတ်ပေါင်းတွေ နဲ့ ဗီတာမင်တွေက Antioxidants အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်တွေကို စစ်ထုတ်သန့်စင်ပေးနိုင်စွမ်းရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီမှာတွေ့ရတဲ့ Glucosinolates က ခန္ဓာကိုယ်ထဲက အဆိပ်တွေကို သန့်စင်ပေးမယ့် အင်ဇိုင်းတွေ ထွက်လာအောင်လည်း လှုံ့ဆော်ပေးနိုင်ပါသေးတယ်။ 

အရိုးတွေကို ကြံ့ခိုင်စေပါတယ်
ကယ်လ်ဆီယမ်ဓာတ်က အရိုးနဲ့ သွားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဆိုတာ လူတိုင်းနီးပါးသိထားကြပါတယ်။ ဒါပေမဲ့ အရိုးတွေ ကြံ့ခိုင်သန်မာဖို့ ကယ်လ်ဆီယမ်အပြင် ဗီတာမင် K ကိုလည်း ခန္ဓာကိုယ်က လိုအပ်သေးတယ်ဆိုတာကိုတော့ အများစု သတိမထားမိဘဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် အရိုးတွေကျစ်လစ်ပြီး ကြံ့ခိုင်သန်မာဖို့ ဗီတာမင် K ကြွယ်ဝစွာပါဝင်တဲ့ ပန်းဂေါ်ဖီကဲ့သို့သော ဟင်းသီးဟင်းရွက်တွေကို မကြာခဏ ဆိုသလိုစားပေးသင့်တယ်လို့ ပညာရှင်တွေ ဆိုပါတယ်။ ဒါ့အပြင် ဗီတာမင် K က ကယ်လ်ဆီယမ် စုပ်ယူမှုကို ပိုမိုအားကောင်းစေအောင် ကူညီပေးနိုင်သလို ဆီးထဲကတစ်ဆင့် ကယ်လ်ဆီယမ်ဓာတ်တွေ ဆုံးရှုံးသွားတာမျိုး မဖြစ်အောင်လည်း တားဆီပေးနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အရိုးတွေရဲ့ ကျန်းမာရေးအတွက် စားသောက်ပေးသင့်တဲ့ အစားအသောက်များစာရင်းမှာ နို့ အပြင် ပန်းဂေါ်ဖီကိုလည်း ထည့်သွင်းထားနိုင်ပါတယ်။ 
Ref ; Amazing Benefits Of Cauliflowers