အသီးမှာ သရက်

ခုနေခါမှာ ရာသီပေါ်အသီးအနှံလို့ဆိုလိုက်တာနဲ့အားလုံးမျက်လုံးထဲ ပြေးမြင်ကြတာက သရက်သီးဖြစ်ပါတယ်။ နွေရောက်ရင် မျှော် ရတာက ဥသြတွန်သံ၊ သင်္ကြန်၊ ပိတောက်နဲ့ သရက်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ နွေရာသီမှာ သီးနှံများစွာရှိပါလျက် မြန်မာလူမျိုး တို့ နှစ်ခြိုက်စွာစားသုံးလိုကြတာက သရက်သီးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှန်းက လူများစွာကလည်း နွေရာသီမှာစားရတဲ့ သရက်သီးရဲ့ အရသာကို နှစ်ခြိုက်သဘောတွေ့ ကြပါတယ်။ ဈေးကွက်ထဲမှာလည်း သရက်သီးကို အမျိုးစုံလင်စွာ ရရှိနိုင်ကာ မျိုးရင်းကိုလိုက်ပြီး အနံ့၊ အရသာမတူ ကွဲပြားခြားနားခြင်းက သရက်သီးရဲ့ ထူးခြားချက်လို့ ဆိုနိုင်ပါတယ်။ သီးကင်း၊ အစိမ်း၊ အမှည့် အချိန်အမျိုးမျိုးမှာ စားသုံးနိုင်ပြီး သနပ်၊ ယို စသည်ဖြင့် ပုံစံအမျိုးမျိုးလည်း ပြုလုပ်စားသုံးနိုင်တဲ့ သရက်သီးမှာ စားကောင်းတဲ့ အရသာတစ်ခုတည်းသာ ရှိတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ အာဟာရတန်ဖိုးများစွာနဲ့ ရောဂါဝေဒနာ သက်သာနိုင်စွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါ သေးတယ်။ ဧပြီလအတွက်တော့ သရက်သီးမှည့်ရဲ့ ကျန်းမားရေး အကျိုးကျေးဇူးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

စွမ်းအားမြင့် ဦးနှောက်အတွက်

သရက်သီးရဲ့ ပါဝင်အာဟာရ တန်ဖိုးတွေထဲမှာ အလျှံပယ်တွေ့နိုင်တဲ့ ဗီတာမင် B6 က ဦးနှောက်ရဲ့ လုပ်ငန်းစွမ်းရည် မြင့်မားစေဖို့ ကူညီပေးနိုင်ပါတယ်။ စွမ်းအားပြည့်တဲ့ အာရုံကြောစနစ်ကို တည်ဆောက်နိုင်ဖို့နဲ့ ဒီစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ဖို့ ဗီတာမင် B6 က ထောက်ပံ့ပေးနိုင်ပါတယ်။ နာဗ်ဆဲလ်တွေရဲ့ ဆက်သွယ်ရေး အဆောက်အဦလို့တောင် တင်စားခေါ်ဝေါ်လေ့ ရှိပါ တယ်။ သရက်သီးမှာ Glutamine Acid ပါဝင်ပြီး အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် သရက်သီးမှာ Pyridoxine ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး ဦးနှောက်ရဲ့ ဖွံဖြိုးတိုးတက်မှုကို ကူညီပေးတဲ့ GABA ဟော်မုန်းထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။

သွေးတွင်းသကြားဓာတ် လည်ပတ်မှုအတွက်

သရက်သီးက ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေတဲ့ သကြားဓာတ်ပမာဏကို ပုံမှန်အတိုင်း ဖြစ်နေအောင် ထိန်းညှိပေးနိုင်စွမ်း ရှိတာကြောင့် ဆီးချိုရောဂါရှိတဲ့လူတွေ စားသုံးပေးသင့်ပါတယ်။ Mangiferin လို့ခေါ်တဲ့ Antioxidant တစ်မျိုးက ခန္ဓာကိုယ်က သကြားဓာတ် (Glucose) စုပ်ယူမှုကို လျှော့ချပေးပြီး ကာဘိုဟိုက်ဒြိတ် ချေဖျက်မှုကို တိုးမြှင့်ပေးတဲ့ အင်ဇိုင်းတွေကိုလည်း ထိန်းချုပ် ပေးပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ Polyphenol က ခန္ဓာကိုယ်ထဲက သကြားဓာတ်ကို လျော့ကျစေနိုင်ပါတယ်။ သရက်သီးရဲ့ Glycemic Index (သွေးတွင်းသကြားဓာတ်ညွှန်းကိန်း) က နိမ့်တဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားပမာဏအပေါ် ဆိုးကျိုးသက်ရောက်မှုရှိမှာ စိုးရိမ်စရာမလိုဘဲ စားသုံးနိုင်ပါတယ်။ ဆီးချိုရောဂါဝေဒနာရှင်တွေ သာမကဘဲ သာမန်လူတွေလည်း သရက်သီးစားပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ် လည်ပတ်မှုကို ကောင်းမွန်စေတဲ့ အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။

အသားအရေအတွက်

သရက်သီးမှာ အသားအရေအတွက် ကောင်းကျိုးဖြစ်စေတဲ့ အာနိသင်တွေ ရှိနေပါတယ်။ ကြွယ်ဝစွာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသားအရေ အိုမင်းရင့်ရော်မှုများနဲ့ အသက်အရွယ်ကြောင့်၊ ခရမ်းလွန်ရောင်ခြည်ကြောင့်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားပေါ်က အမည်းစက်တွေကို သက်သာလျော့ပါး စေပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီက ၀က်ခြံနဲ့ဝက်ခြံထွက်လေ့ရှိတဲ့ အရေပြားကို ကုသပေးနိုင်စွမ်း ရှိပါတယ်။သရက်သီးမှည့်ကို ဖိချေအနှစ်ပြု လုပ်ကာ မျက်နှာ၊ လည်ပင်းနဲ့ အခြားအရေပြားတွေပေါ် တိုက်ရိုက်လိမ်းကျံပေးနိုင်ပြီး ဒီလိုပြုလုပ်ပေးခြင်းက အသားအရေကို ချော မွတ်စေပြီး သဘာဝအစိုဓာတ်ကိုရရှိစေနိုင်ပါတယ်။ ပါဝင်တဲ့ Antioxidant တွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ Free Radical တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် အေ က သင့်အသားအရေကို ပြန်လည်နုပျိုစေနိုင်ပြီး တောက် ပြောင်စေနိုင်စွမ်းရှိပါတယ်။

အစာအိမ်အတွက်

သရက်သီးက အမျှင်ဓာတ်ကြွယ်ဝပြီး သဘာဝအရ အယ်ကာလိုင်း ဂုဏ်သတ္တိရှိတဲ့ သစ်သီးဖြစ်ပါတယ်။ အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်းပိုင်း အထူးသဖြင့် အစာခြေလမ်းကြောင်းတစ်လျှောက် လှုပ်ရှားမှုကို ကောင်းမွန်စေပြီး သန့်စင်ပေးပါတယ်။ သရက်သီးက အယ်ကာလီဓာတ်ဆောင်တဲ့အတွက် အစာအိမ်ထဲက အက်ဆစ်တွေကို လျှော့ချပေးနိုင်စွမ်းလည်း ရှိတာကြောင့် အက်ဆစ်တွေ ပိုလျှံနေလို့ ခံစားရတဲ့ အစာအိမ်ဝေဒနာတွေကို သက်သာစေပါတယ်။ သရက်သီးရဲ့ အခြား Bio- Active ဓာတ်ပေါင်း တွေကလည်း အစာမကြေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် သရက်သီးက အစာအိမ်နဲ့ အစာချေဖျက်ခြင်း လုပ်ငန်းစဉ် အတွက် အစွမ်းထက်တဲ့အသီး ဖြစ်လာပါတယ်။

ကင်ဆာရောဂါအတွက်

သရက်သီးမှာ Antioxidant အမျိုးအစားပေါင်းများစွာ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအတွင်း Oxidation လို့ခေါ်တဲ့ ဓာတ်တိုးခြင်းဖြစ်စဉ်ကို ကန့်သတ်ပေးပါတယ်။သရက်သီးမှာ ပါဝင်တဲ့ အ၀ါရောင် ဗီတာမင်လို့ လူသိများတဲ့ ဗီတာမင်အေ နဲ့ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာကယ်ရိုတင်း အစရှိတဲ့ ဓာတ်ပေါင်းတွေက အဆုတ်နဲ့ ခံတွင်းမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာရောဂါ များကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ Antioxidant တွေက ခန္ဓာကိုယ်ကို ဆိုးကျိုးကြီးကြီးမားမား ပေးနိုင် တဲ့  Free Radical တွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ သရက်သီးက အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အသီးဖြစ်ပြီး သရက်သီးရဲ့ ပျော်ဝင်အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ Pectin က ကင်ဆာဆဲလ်တွေကို ဖွံဖြိုးစေတဲ့ Galectin 9 အမည်ရ ပရိုတင်းရဲ့ လုပ်ဆောင်မှုတွေ ကို တားဆီးကန့်သတ်ပေးနိုင်စွမ်း ရှိပါတယ်။

အခြားကောင်းကျိုးများ

သရက်သီးမှာ သံဓာတ်ပါဝင်မှု မြင့်မားတာကြောင့် သွေးနီဥဆဲလ် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပြီး သွေးအားနည်းရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုပြုပြီးနောက် ကိုယ်ဝန်ဆောင် မိခင်တွေအတွက်တောင် ထောက်ခံချက် ပေးထားပါ တယ်။ သရက်သီးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးများက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ သရက်သီးရဲ့ ဗီတာမင်အေဓာတ်က အမြင်အာရုံကို ထက်မြက်စေပြီး ညအချိန်မြင်နိုင်စွမ်းကို တိုးတက်စေကာ မျက်ရည်ခမ်းခြောက်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီလိုကျန်းမားရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်ပြီး အဟာရတန်ဖိုးလည်း မြင့်မားကာ အရသာမှာ တုနှိုင်း မမီတဲ့ သရက်သီးကို မကြာမကြာစားသုံးရင်း သင့်ရဲ့နွေရာသီကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။

Ref; Health Benefits of Mango/foodtofitness.com