သည်းခြေစာ

သည်းခြေက ခန္ဓာကိုယ်ရဲ့ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်းလေး တစ်ခုဖြစ်ပေမဲ့ အရေးပါတဲ့ တာဝန်ကိုထမ်းဆောင်ထားရပါတယ်။ သည်းခြေရဲ့ အဓိကတာဝန်က သည်းခြေရည်ကို သိုလှောင်ထားပြီး အစားအသောက်တွေထဲမှာ ပါဝင်တဲ့ အဆီဓာတ်ကို ချေဖျက်ဖို့နဲ့ အသည်းက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပ စွန့်ထုတ်ရာမှာ ကူညီပေးဖို့ဖြစ်ပါတယ်။ ခန္ဓာကိုယ်က အစာချေလုပ်ငန်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းမှာပါဝင်နေတဲ့ သည်းခြေရဲ့ ကျန်းမာရေး ရေရှည်ကောင်းမွန်ဖို့အတွက် စားသုံးပေးသင့်တဲ့ အစားအစာတွေရှိနေပါတယ်။ သင့်သည်းခြေရဲ့ ကျန်းမာရေးအတွက် ဘယ်လိုအာဟာရဓာတ်နဲ့ အစားအစာမျိုးတွေ စားသုံးပေးဖို့ လိုအပ်ပါသလဲ။

ထောပတ်သီး
ထောပတ်သီးက Potassium ပါဝင်မှုမြင့်မားတဲ့ အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်သင့်တော်ကောင်းမွန်တဲ့ အဆီဓာတ်ကြွယ်ဝစွာ ပါရှိတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ Potassium က ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ အီလက် ထရိုလိုက်တွေရဲ့ မျှခြေကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေအောင် ထိန်းသိမ်းပေးနိုင်တဲ့ မရှိမဖြစ် အာဟာရဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ လူတော်တော်များများဟာ ကိုယ်တိုင်သတိမထားမိဘဲ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးနေ တာမျိုး ဖြစ်တတ်ကြပြီး အချိန်ကြာလာတဲ့အခါမှာ သည်းခြေမှာကျောက်တည်ခြင်း အပါအဝင်အခြားသော ကျန်းမာရေးပြဿနာများကို ကြုံတွေ့လာနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ သည်းခြေရည် ပုံမှန်ထက်ပြစ်ခဲလာခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ သည်းခြေကျောက်တည်ခြင်းဖြစ်လာနိုင်ပါတယ်။ သည်းခြေရည် သင့်တော်တဲ့ အနေအထားမှာရှိနေဖို့ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝစွာရရှိထားဖို့လိုအပ်ပြီး အဆိုပါ ရေဓာတ်အလွယ်တကူ ပြန်လည် မဆုံးရှုံးသွားအောင် ထိန်းသိမ်းထားနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် သည်းခြေရည်ထဲမှာ ကိုလက်စထရောပါဝင်မှု များလွန်းရင်လည်း သည်းခြေမှာကျောက်တည်နိုင်ပြီး ဒီဖြစ်စဉ်ကို ကာကွယ်ဖို့ ခန္ဓာကိုယ်က ကျန်းမာရေးနဲ့ သင့်တော်တဲ့ အဆီဓာတ်ကို လိုအပ်ပါတယ်။ ဒါကြောင့် သင့်သည်းခြေရဲ့ ကျန်းမာရေးကို ရေရှည်ကောင်းမွန်အောင် ထိန်းသိမ်းဖို့အတွက် စားပေးသင့်တဲ့ အစားအစာများစာရင်းမှာ ထောပတ်သီး ပါဝင်နေရခြင်းဖြစ်ပါတယ်။ 

ပဲအမျိုးမျိုး
အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ သင့်တော်တာကြောင့် ပဲအမျိုးမျိုးက လူတိုင်းမဖြစ်မနေ စားသုံးပေးရမယ့် အစားအစာအုပ်စုထဲမှာ ပါဝင်ပါတယ်။ အဆီနဲ့ ကိုလက်စထရော ပါဝင်မှုများပြားတဲ့ အစားအစာများကို စားသုံးခြင်းက သည်းခြေရည်ထုတ်လုပ်မှုကို ပိုမိုများပြားစေနိုင်ပြီး လိုအပ်တာထက် ပိုတဲ့သည်းခြေရည်တွေက အနည်ကျပြီး အချိန်ကြာလာတဲ့အခါမှာ သည်းခြေကျောက် အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ အဆီနဲ့ကိုလက်စထရောပါဝင်မှု မြင့်မားတဲ့ အသားစား သုံးမှုကိုလျှော့ချပြီး ဟင်းသီးဟင်းရွက် နဲ့ အပင်ထွက် အစားအစာများကို အခြေပြုစားသုံးခြင်းက သည်းခြေရဲ့ကျန်းမာရေးကို ရေရှည်ကောင်းမွန်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတိန်းကို အသားကတစ်ဆင့် အများဆုံးရရှိနိုင်တာမှန်ပေမဲ့ ကုလားပဲ၊ ပဲနီကလေးစတဲ့ ပဲအမျိုးမျိုးဆီက ရရှိမယ့် အပင်အခြေပြု ပရိုတိန်းတွေက အဆီနဲ့ကိုလက်စထရောပါဝင်မှုများပြားတဲ့ အသားစားသုံးခြင်းကတစ်ဆင့်ရရှိမယ့် ပရိုတိန်းနေရာမှာ အစားထိုးဖို့ အကောင်းဆုံး ရွေး ချယ်စရာဖြစ်ပါတယ်လို့ ပညာရှင်အများစု အကြံပြုထားပါတယ်။ အဆီဓာတ်များတဲ့ အနီရောင် အ သားတွေဟာ သည်းခြေအိတ်ရောင်ရမ်းရခြင်းရဲ့ အဓိကတရားခံများဖြစ်လို့ သည်းခြေနဲ့ပတ်သက်တဲ့ ကျန်းမာရေး တစ်စုံတရာချို့ယွင်းမှုရှိသူများ ရှောင်
ကြဉ်သင့်တယ်လို့လည်း ဆရာဝန်တွေ သတိပေးထားပါတယ်။

လိမ္မော်သီး 
လိမ္မော်သီးက သည်းခြေရဲ့ ကျန်းမာရေးအတွက်သာမကဘဲ သင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ ကောင်းကျိုးပြုတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့ လိမ္မော်သီးလို Citrus အုပ်စုဝင်အသီးတွေ နဲ့ ဘယ်ရီအုပ်စုဝင်အသီးတွေဟာ သည်းခြေရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ရွေးချယ်သင့်တဲ့ အစားအစာတွေပါပဲလို့ ပညာရှင်တွေ ထောက်ခံချက်ပေးထားပါတယ်။ သုတေသနလုပ်ငန်းများစွာ ပြုလုပ်ပြီးနောက် ဗီတာမင် စီ မှာ အခြားသော ကျန်းမာရေးအကျိုးကျေးဇူးများစွာအပြင် သည်းခြေကျောက်တည်ခြင်းကို တားဆီးပေးနိုင်တဲ့ အာနိသင်ရှိကောင်းရှိနေနိုင်တာကို သုတေသီတွေတွေ့ရှိခဲ့ကြပါတယ်။ ဂျာမန်နိုင်ငံက ပညာရှင်တွေ ဦးဆောင်ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက ဗီတာမင် စီ နေ့စဉ်စားသုံးခြင်းက သည်းခြေမှာ ကျောက်တည်ခြင်း ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျော့ကျစေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် သည်းခြေရဲ့ ကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အစားအစာများလို့ ဆိုတဲ့အခါ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ လိမ္မော်သီးကို ချန်ထားခဲ့လို့ မဖြစ်နိုင်တော့ပါဘူး။

ခါးသက်တဲ့ ဟင်းသီးဟင်းရွက်များ
တိုင်းရင်းဆေးပညာမှာ အခါးဓာတ်က သည်းခြေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ လက်ခံထားပါတယ်။ သိပ္ဗံနည်းကျလေ့လာမှုများပြုလုပ်ပြီးနောက်မှာ ရုံးပတီသီး၊ ချီကိုရီ၊ ကြက်သွန်မြိတ်၊ ကိုက်လန်၊  နံနံပင်တို့လို ခါးသက်တဲ့အရသာရှိတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များဟာ သည်းခြေအိတ်ရဲ့ လုပ်ငန်းဆောင်ရွက်မှု တွေကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တာကို အနောက်တိုင်း ဆေးပညာကတွေ့ရှိခဲ့ပါတယ်။ ခါးသက်တဲ့အရသာရှိတဲ့ အစားအသောက်များဟာ သည်းခြေရဲ့ အစာခြေရည်ထုတ်လုပ်မှုကို လှုံ့ဆော်မှုပေးနိုင်ပြီး သည်းခြေရည်ရဲ့ အရည်အသွေးကိုလည်း ကောင်းမွန်စေတယ်လို့ သိရပါတယ်။ ခါးတဲ့ အရသာပိုပြင်းလေလေ အဆိုပါအစာချေစနစ်ကို လှုံ့ဆော်တဲ့ အာနိသင် ပိုပြီး ထက်မြက်လေလေပါပဲ။ 

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
ဟင်းနုနွယ်နဲ့ ဘရိုကိုလီ(သို့) ပန်းပွင့်စိမ်း တွေလို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များကလည်း သည်းခြေကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ အစားအစာများ ဖြစ်ပါတယ်။ အဆိုပါ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ Magnesium ကြွယ်ဝစွာပါဝင်လေ့ရှိတာက သည်းခြေရဲ့ ကျန်းမာရေးကောင်းမွန်အောင် ကူညီပေးနိုင်မယ့် အဓိကအချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သည်းခြေအိတ်ကို အဓိက အန္တရာယ်ပေးနိုင်တဲ့ သည်းခြေကျောက်မှာ ကယ်လ် 
ဆီယမ်တွေပါဝင်ဖွဲ့စည်းနေလေ့ရှိပြီး Magnesium က ပိုလျှံနေတဲ့ ကယ်လ်ဆီယမ်တွေကို ခန္ဓာကိုယ်ထဲက ဖယ်ရှားရာမှာ ကူညီပေးကာ သည်းခြေ ကျောက်ဖြစ်ခြင်းကို ကြိုတင်တားဆီးပေးနိုင်စွမ်းရှိနေတာကြောင့်ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များအပြင် ဖရုံစေ့မှာလည်း Magnesium ကြွယ်ဝစွာပါဝင်ပါတယ်။ 


ရေ
ဒါကတော့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် အရေးအကြီးဆုံးနဲ့ အဓိက အကျဆုံး လိုအပ်ရာတစ်ခုပဲဖြစ်ပါတယ်။ သင်ဘာကြောင့် ရေသောက်ပေးသင့်သလဲဆိုတဲ့ မေးခွန်းအတွက် အဖြေများစွာရှိတဲ့ အထဲမှာ သည်းခြေရဲ့ ကျန်းမာရေးကောင်းမွန်ဖို့၊ သည်းခြေနဲ့ ဆက်စပ်ပြီး လုပ်ဆောင်နေရတဲ့ ခန္ဓာကိုယ်က အခြားလုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ရေဓာတ်ကို လုံလောက်အောင်ရရှိဖို့ လိုအပ်ခြင်းကြောင့်ဆိုတဲ့ အဖြေလည်းပါဝင်ပါတယ်။ ခန္ဓာကိုယ်က အချိန်နဲ့ အမျှ ထုတ်လုပ်ပေးနေရတဲ့ သည်းခြေရည်အပါအဝင် အရည်ပုံစံအမျိုးမျိုးအတွက် ရေဓာတ်လိုအပ်ပြီး အဆိုပါရေဓာတ်ကို သင့်က သန့်စင်တဲ့ ရေကိုလုံလုံလောက်လောက် သောက်ပေးခြင်းဖြင့် ဖြည့်တင်းပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်ဖြစ်ပျက်နေဖို့နဲ့ ရေရှည်ကျန်းမာနေဖို့ သည်းခြေနဲ့ အခြားအင်္ဂါအစိတ်အပိုင်းအားလုံးက သူတို့ရဲ့လုပ်ငန်းဆောင်တာ အသီးသီးကို လုပ်ဆောင်နေရချိန်မှာ လိုအပ်တဲ့ ရေဓာတ်ကို အချိန်မှန်ရရှိနေဖို့ ခန္ဓာကိုယ်ထဲကို ရေဓာတ်လုံးဝ ပြည့်ဝနေအောင် ဖြည့်ပေးရမှာက သင့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ 

Ref ; Reader’s Digest