အမျိုးသမီးများနဲ့ရင်သားကင်ဆာ

ရင်သားကင်ဆာ က အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါတွေထဲမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့  အကြောင်းအရင်းများစွာရှိပြီး အဆိုပါအကြောင်းအရင်းတွေထဲမှာ နေထိုင်စား
သောက်မှု ပုံစံလည်း ပါဝင်နေပါတယ်။ ရင်သားကင်ဆာ မဖြစ်ပွားအောင် လုံးလုံးကာကွယ်လို့ မရပေမယ့် လက်ရှိတွေ့ရှိထားတဲ့ လေ့လာတွေ့ရှိချက်များအရ နေထိုင်စားသောက်မှုပုံစံအချို့ပြောင်းလဲပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ ချလို့ ရတယ်လို့ပညာရှင်တွေ ဆိုလာပါတယ်။ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေဖို့ အမျိုးသမီးများအနေနဲ့ ဘာတွေလုပ်ဆောင်နိုင်ပါသလဲ။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးပါ
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးခြင်းက ရင်သားကင်ဆာဖြစ်နိုင်ချေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း သုတေသနလုပ်ငန်းပေါင်းများစွာက သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီ အကျိုးသက်ရောက်မှုက အမျိုးသမီးတွေမှာ သွေးဆုံးပြီးနောက် ဒါမှမဟုတ် သွေးမဆုံးခင် စတဲ့ အခြေအနေ၊ လေ့ကျင့်ခန်းပြုလုပ်တဲ့ အချိန်နဲ့ လေ့ကျင့်ခန်း အမျိုးအစား စတဲ့အချက်တွေအပေါ် မူတည်ပြီး ကွဲပြားမှုအချို့တော့ရှိတယ်လို့ သိရပါ တယ်။ ဒါပေမဲ့ “လေ့ကျင့်ခန်းများများလုပ်လေ၊ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပြီး တက်တက် ကြွကြွနေလေလေ၊ ရရှိမယ့် အကျိုးကျေးဇူးက ပိုများလေလေပါပဲ”လို့ ပညာရှင်အားလုံးမှတ်ချက်ပြုထားပါတယ်။ ရင်သားကင်ဆာဖြစ်ရခြင်း အကြောင်းအရင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး ရာခိုင်နှုန်းရှာကြည့်တဲ့အခါမှာ ၁၇ % က ကိုယ်လက် လှုပ်ရှားမှုနည်းပါးခြင်းကြောင့်ဆိုပြီး တွေ့ရှိခဲ့ရပါတယ်။ ဒါက အတော်မြင့်မားတဲ့ ရာခိုင်နှုန်းပမာဏလို့ ဆိုနိုင်ပါတယ်။ တစ်ရက်ကို အနည်းဆုံး မိနစ် ၃ဝ ခန့် ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးမျိုး ပြုလုပ်ပေးရုံနဲ့တင် အဆိုပါ ၁၇%ကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ရင်သားကင်ဆာတစ်မျိုးတင်သာမကဘဲ အနည်းဆုံး အခြားသော ကင်ဆာ ရောဂါ အမျိုး အစား ၁၃ မျိုးကိုပါ ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေ ပြောဆိုထားပါတယ်။ ရင်သားကင်ဆာ နဲ့ ပတ်သက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ရရှိနိုင်တဲ့ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးကတော့ သွေးဆုံးပြီး အမျိုးသမီးတွေ လေ့ကျင့်ခန်းတစ်မျိုးမျိုးပြုလုပ်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ Estrogen ဟော်မုန်းပမာဏကို ကျဆင်းသွားစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုကောင်းမွန်လာစေနိုင်ခြင်းပဲဖြစ်ပါတယ်။ Estrogen ဟော်မုန်း ခန္ဓာကိုယ်ထဲမှာ မြင့်မားနေခြင်းက ရင်သားကင်ဆာဖြစ်ပွားခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ 

ကိုယ်အလေးချိန်ထိန်းပါ
သွေးဆုံးပြီး အမျိုးသမီးများ ကိုယ်အလေးချိန်များပြီး အဝလွန်နေခြင်းက ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေကို ပိုပြီးမြင့်တက်စေပါတယ်။ သွေးဆုံးပြီးနောက်ပိုင်းမှာ ကိုယ်အလေးချိန်တိုးလာ မယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေကို ပိုပြီးများစေတယ်လို့လည်း သိရပါတယ်။ သွေးဆုံးပြီးနောက် ၁ဝ ကီလိုဂရမ် ကိုယ်အလေးချိန် တိုးလာတိုင်းရင်သားကင်ဆာဖြစ်လာနိုင်ချေ ၁၈% တိုးလာတယ်လို့ ပညာရှင်တွေသတိပေးထားပါတယ်။ ဒါကြောင့် ရင်သားကင်ဆာဖြစ်နိုင်ချေကို အတတ်နိုင်ဆုံးလျှော့ချဖို့ ကိုယ်အလေးချိန် မတက်လာအောင် သတိထားနေထိုင်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ ပမာဏအတိုင်းထိန်းသိမ်းပြီး အဝမလွန်အောင် နေထိုင်ခြင်းက ရင်သားကင်ဆာအပြင် ဆီးချို၊ နှလုံးနဲ့ လေဖြတ်ခြင်းကဲ့သို့သော ရောဂါများကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများရဲ့ ခန္ဓာကိုယ်ထဲက အဆီတစ်သျှူးတွေဟာ Estrogen ဟော်မုန်းထွက်ရှိလာဖို့အဓိက အားပေးနေတဲ့ အရာများလည်း ဖြစ်ပါတယ်။ 

အထက်မှာဖော်ပြခဲ့သလို ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုမလာအောင် ထိန်းထားပြီးသား ဖြစ်စေပါတယ်။ 

ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပါ
ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ကောင်းကျိုး ဖြစ်စေတဲ့ အစားအသောက်များ၊ ဆိုးကျိုးဖြစ်စေတဲ့ အစားအသောက်များနဲ့ ပတ်သက်တဲ့ လေ့လာမှုအမျိုးမျိုးကို နိုင်ငံပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံက ပညာရှင်တွေ ပြုလုပ်ခဲ့ပြီးဖြစ်သလို၊ ပြုလုပ်နေ ကြဆဲလည်းဖြစ်ပါတယ်။ လေ့လာမှုအချို့က အာလူး နဲ့ ပြောင်းဖူးတို့လို ကစီပါဝင်မှုများပြားတဲ့ အစားအစာတွေအစား ကစီဓာတ်နည်းပါးတဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ပါ
တယ်။ ဒါ့အပြင် ဥနီ၊ရွှေဖရုံသီး စတဲ့ Carotenoid ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကယ်လ်ဆီယမ် ပါဝင်မှုမြင့်မားတဲ့ အစားအသောက်တွေ စားသုံးခြင်းမှလည်း ရင်သားကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ 

အထက်ဖော်ပြပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တိကျခိုင်မာတဲ့ သက်သေပြမှုတွေလိုအပ်နေသေးတယ်လို့ ဆိုထားပေမယ့်လည်း အသီးအရွက်များများစားသုံးခြင်းက ခန္ဓာကိုယ်ရဲ့အလုံးစုံသောကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူပြုပေးပါတယ်။ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်းက ရင်သားကင်ဆာအပြင် အခြားသော ကင်ဆာရော ဂါများနဲ့ကျန်းမာရေးပြဿနာများကို ကြိုတင်တားဆီးပြီးသားဖြစ်စေပါတယ်။ 

 

Hormone replacement therapy (HRT)
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ခံစားရတဲ့ဝေဒနာတွေ သက်သာအောင် Hormone repl-acement therapy (HRT) ဟော်မုန်းအစားထိုး ကုသခြင်းက ခန္ဓာကိုယ်ထဲမှာ Estrogen ပမာဏကို မြင့်တက်လာစေနိုင်ပါတယ်။ သွေးဆုံးချိန်အတောအတွင်း HRT ကုသမှုခံယူခဲ့တဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ Estrogen ဟော်မုန်းမြင့်တက်နေလေ့ရှိပြီး အဆိုပါအကြောင်းရင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ ပမာဏ ၁၅ % ပိုလာစေတယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ဒါကြောင့် သွေးဆုံးချိန်မှာ အမျိုးသမီးတွေ ကြုံရလေ့ရှိတဲ့ လက္ခဏာတွေ အင်မတန် ပြင်းထန်တဲ့ ကိစ္စမျိုးမှ လွဲပြီး ဖြစ်နိုင်ရင် HRT ကုသမှုကို ရှောင်ကြပါလို့ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ အထူးကု ဆရာဝန်တွေ သတိပေးပါတယ်။

အယ်လ်ကိုဟော ရှောင်ပါ
ကျန်းမာရေး၊ လူမှုရေး စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ယမကာ တစ်မျိုးမျိုး သောက်သုံးခြင်းကလည်း ရေရှည်မှာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်မားလာစေနိုင်ပါတယ်။ အရက်ယမကာ သောက်သုံးခြင်းက အသည်းကင်ဆာအပါအဝင် အခြားကင်ဆာရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ပါသေးတယ်။ ယမကာတစ်ခွက် နေ့စဉ်သောက်သုံးခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေ ကို ၁ဝ% မြင့်တက်စေပြီး သောက်သုံးတဲ့ပမာဏ များလာတာနဲ့အမျှ ကင်ဆာဖြစ်နိုင်ခြေကလည်း လိုက်ပါမြင့်တက်လာမှာဖြစ်တယ်လို့ ပညာရှင်တွေသတိပေးထားပါတယ်။ အဆိုပါ ကိန်းဂဏန်းကို အမျိုးသမီးတော်တော်များများ အံ့အားသင့်ခဲ့ကြတယ်လို့ CancerCare Manitoba မှ ဆရာဝန်တစ်ဦးကဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးအများစုက နေ့စဉ် ဝိုင်တစ်ခွက်လောက် သောက်သုံးခြင်းက ကျန်းမာရေးကို ကောင်းမွန်စေပြီး စိတ်ပင်ပန်းမှုကို ပြေပျောက်စေတယ်လို့ ယူဆထားကြလို့ပဲဖြစ်ပါတယ်။ ဝိုင်နီမှာ အခြားကျန်းမာ ရေးနဲ့ပတ်သက်တဲ့ ကောင်းကျိုးတွေ ရှိနေတာ မှန်ပါတယ်။ ဒါပေမဲ့ ဝိုင်နီမှာပါဝင်တဲ့ အယ်လ်ကို ဟောက Estrogen ထုတ်လုပ်မှု ပမာဏကို မြင့်တက်လာစေနိုင်ပါတယ်။ ခန္ဓာကိုယ်က Estrogen နဲ့ထိတွေ့ရမှုများလာတဲ့အခါ ရင်သားကင်ဆာဖြစ် ပွားဖို့ အခြေအနေလည်း ပိုများလာပါတယ်။ အခြားသော ကျန်းမာရေး ပြဿနာများနဲ့ မတူဘဲ ရင်သားကင်ဆာနဲ့ ဆက်စပ်ပြီး စိတ်ချရတဲ့ အယ်လ်ကိုဟော ပမာဏ လုံးဝ မရှိပါဘူးလို့ဆရာဝန်တွေ သတိပေးထားပါတယ်။

ခန္ဓာကိုယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်လာရင် ဘာကိုမှ ကျိန်းသေပြောလို့မရပါဘူး။ ဘယ်လို အစွမ်းထက်ပါတယ်ဆိုတဲ့ အစားအသောက်မျိုး၊  ဆေးဝါးမျိုးကမဆို ရင်သားကင်ဆာဖြစ်နိုင်ချေကို လုံးဝ တားဆီးပေးနိုင်တဲ့ အစွမ်းမရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ နေထိုင်စားသောက်မှု ကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ မဖြစ်လာသေးတဲ့ ရောဂါတစ်ခုရဲ့ဖြစ်နိုင်ခြေကို လျော့ကျသွားစေနိုင်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အကြောင်းအရာတွေက တစ်ခုနဲ့တစ်ခုဆက်စပ်မှုရှိ နေပြီး နေ့စဉ်ဘဝ နဲ့အံဝင်ခွင်ကျ ရှိလို့သင့်အတွက် လုပ်ဆောင်ဖို့ လွယ်ကူစေပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးပြုလုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ကာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုမလာအောင် ထိန်းသိမ်းထားရုံပါပဲ။ ရင်သားကင်ဆာကိုသာမကဘဲ အခြားသော ရောဂါများကိုပါ ကာကွယ်ပြီးသား ဖြစ်စေသလို သင့်ရဲ့ကျန်းမာရေးသိသိသာသာ တိုး တက်ကောင်းမွန်လာတာကိုလည်း လက်တွေ့ခံစား ရဦးမှာဖြစ်ပါတယ်။
Ref ; 5 Ways to Prevent Breast Cancer, According to Science