မလိုအပ်တဲ့ ဖြည့်စွက်ဗီတာမင်တွေ

ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ထောက်ကူပစ္စည်းများဖြစ်ပါတယ်။ ဒါပေမဲ့ မရှိမဖြစ်လိုအပ်တာကြောင့် အများအပြား သောက်သုံးတာက သင့်ကို နာမကျန်းဖြစ်မှုတွေကနေ လုံးဝကာကွယ်ပေးပြီး အသက်ရှည်ရှည်နေရမယ်လို့ ဆိုလိုနေတာမဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကိုတောင် ခံစားရစေနိုင်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာပြီး အသက်ရှင်ဖို့ ခန္ဓာကိုယ်က လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာ အသီးသီးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သဘာဝ အတိုင်းသင်နေ့စဉ်စားသုံးတဲ့ အစားအသောက်များထံမှာ ရယူတာက ဘေးအကင်းဆုံးနဲ့အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အချို့သော ရောဂါများနဲ့ ကျန်းမာရေးပြဿနာများအတွက်တော့ ဗီတာမင်တစ်ချို့နဲ့ သတ္တုဓာတ်တစ်ချို့ကို ခန္ဓာကိုယ်အတွင်း ဖြည့်စွက်ဆေးဝါးများမှ တစ်ဆင့် ဖြည့်တင်းပေးဖို့ လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဗီတာမင်နဲ့သတ္တုဓာတ် အမျိုးအစားကို ဘယ်လောက်ပမာဏနဲ့ အချိန်ဘယ်လောက်ကြာကြာ သောက်သုံးသင့်သလဲဆိုတဲ့ ညွှန်ကြားချက်ကို သက်ဆိုင်ရာ ဆရာဝန်နဲ့ ကျွမ်းကျင်ပညာရှင်တွေကသာ ပေးနိုင်မှာဖြစ်ပါတယ်။ သင်အရင်က သတိမမူမိဘဲ အလွယ်တကူသောက်သုံးမိကောင်း သောက်သုံးမိနေနိုင်တဲ့ ဖြည့်စွက်ဗီတာမင် တွေဟာ သင်ထင်သလို သင့်ကျန်းမာရေးကို အကျိုးမပြုဘဲ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေကိုတောင် ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။ သင်နေ့စဉ်သောက်သုံးဖို့ မသင့်တော်တဲ့ ဖြည့်စွက်ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Beta-Carotene
ကျန်းမာရေးကောင်းမွန်တဲ့ အရွယ်ရောက်ပြီးသား လူတစ်ဦးနေ့စဉ်လိုအပ်တဲ့ Beta-Carotene (ဗီတာမင် A) က အမျိုးသားတွေအတွက် 3000 IU ဖြစ်ပြီး အမျိုးသမီးတွေအတွက် 2130 IU ပမာဏအသီးသီးဖြစ်ပါတယ်။ ဥနီ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ သခွားမွှေးသီး စတဲ့ အစားအစားများဆီက Beta-Carotene ကို များများစားစား ရရှိနိုင်ပါတယ်။ စားသုံးပြီးနောက် Beta-Carotene က ခန္ဓာကိုယ်ထဲမှာ ဗီတာမင် A အဖြစ်ပြောင်းလဲသွားပြီး Anti-oxidants အာနိသင်ရှိတာကြောင့် တစ်ချို့က Beta-Carotene ကို Anti-cancer Antioxidant ဖြည့်စွက်ဗီတာမင် အဖြစ်မှီဝဲတာမျိုး ရှိပါတယ်။ ဒါပေမဲ့ အဆိုပါ Beta-Carotene ကို ဖြည့်စွက်ဗီတာမင်အဖြစ် မှီဝဲတာမျိုးက ဆေးလိပ်သောက်သုံးတဲ့သူတွေမှာ အဆုတ်ကင်ဆာဖြစ်နိုင်ချေကို ရှိပြီးသားထက် ပိုပြီးမြှင့်တက်လာစေနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ သဘာဝအတိုင်းမဟုတ်ဘဲ ဖြည့်စွက်ဗီတာမင်အဖြစ် ထုတ်လုပ်ထားတဲ့ Beta-Carotene တွေက အမှန်တကယ်အားဖြင့် ဘယ်လိုကင်ဆာမျိုးကိုမှလည်း မကာကွယ်ပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ၊ ဆရာဝန်ရဲ့ ညွန်ကြားချက်မပါဘဲ အဆိုပါဗီတာမင် အမျိုးအစားကိုရေရှည်သောက်သုံးတာမျိုး မလုပ်သင့်ဘူးလို့ ပညာရှင်တွေ အလေးအနက် သတိပေးထားပါတယ်။

Folic Acid 
Folic Acid ကို Cereal ၊ ပဲအမျိုးမျိုး၊ ကညွတ်၊ ပေါင်မုန့် စတဲ့အစားအစာများမှာ သဘာဝအတိုင်းတွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ Folic Acid သောက်သုံးခြင်းအားဖြင့် သန္ဓေသားမှာ Neural Tube Defects လို့ခေါ်တဲ့ အာရုံကြော အဖွဲ့အစည်းမှာ ချို့ယွင်းတဲ့ မွေးရာပါရောဂါမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ချို့သော မိခင်လောင်းတွေ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေချိန်နဲ့ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ Folic Acid ကိုသောက်သုံးဖို့ ဆရာဝန်တွေ ညွှန်ကြားလေ့ရှိပါတယ်။  ဒါပေမဲ့ Folic Acid ကိုဖြည့်စွက်ဗီတာမင်အဖြစ် ရေရှည်သောက်သုံးခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ချေကို ပိုပြီးမြှင့်တက်စေနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်လည်း မရှိဘူး၊ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေချိန်လည်း မဟုတ်ဘူး၊ ကိုယ်ဝန်ဆောင်လည်း မဟုတ်ဘူးဆိုရင် Folic Acid က ဖြည့်စွက်ဗီတာမင်အဖြစ် သင်မှီဝဲဖို့ မလိုအပ်တဲ့ အရာဖြစ်ပါတယ်။

ဗီတာမင် B6
အသက် ၁၉ နှစ်ကနေ ၅ဝ အတွင်းရှိ လူတစ်ဦးဟာ ချက်ပြုတ်ပြီးသား အာလူး ၊ ငှက်ပျောသီး၊ ကုလားပဲ စတဲ့အစားအစာများ စားသုံးခြင်းကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် B6 ကို 1.4 မီလီဂရမ်ခန့် ရရှိနိုင်ပါတယ်။ ဗီတာမင် B6 ကို စိတ်ကျခြင်းကို ကာကွယ်ဖို့၊ နှလုံးရောဂါနဲ့ ဆက်စပ်မှုရှိတဲ့ Homocysteine ပမာဏကို ကျဆင်းစေဖို့ စတဲ့ ကျန်းမာရေးပြဿနာများကို အတွက် အသုံးပြုလေ့ရှိပါတယ်။ လေ့လာမှုတွေ ပြုလုပ်ပြီးနောက် ဗီတာမင် B6 က သိမြင်ခံစားမှု စိတ်အာရုံကို တိုးတက်စေနိုင်တာကို သက်သေမပြနိုင်ခဲ့သလို Homocysteine ပမာဏလျော့ကျစေခြင်းက Heart Attack ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ရှင်းရှင်းလင်းလင်း သက်သေမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် ပညာရှင်တွေ က ဗီတာမင် B6 ကိုဆရာဝန်ညွှန်ကြားချက်ပါမှသာ သောက်သုံးရမယ့် ဗီတာမင် တစ်မျိုးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

ဗီတာမင် B12
သင့်ခန္ဓာကိုယ်က အသက်ရှင်ဖို့ အလုပ်လုပ်ရမယ့် လုပ်ငန်းများအတွက်လိုအပ်တဲ့ ဗီတာမင် B12 ကို ငါး၊ အခွံမာရေသတ္တဝါ၊ အမဲသား၊ ပြုပြင်ထားတဲ့ Cereal စတဲ့ အစားအစာများဆီကနေ ရရှိနိုင်ပါတယ်။ ဗီတာမင် B12 က များသောအားဖြင့် သက်သတ်လွတ်စားသုံးသူများထံမှာ ချို့တဲ့နေတတ်လေ့ရှိပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း၊  စိတ်ကျန်းမာရေးချို့ ယွင်းသည့်ရောဂါတစ်မျိုးဖြစ်တဲ့ Dementia (အသက်ကြီးသူတွေမှာ ပိုပြီး ဖြစ်နိုင်ချေများ) စတဲ့ရောဂါများဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗီတာမင် B12 ချို့တဲ့နေတဲ့ သူတွေကို အစားအစာအပြင် ဖြည့်စွက်ဗီတာမင်ကိုပါ တွဲဖက်ပြီး သောက်သုံးဖို့ ဆရာဝန်တွေ ညွှန်ကြားလေ့ရှိပါတယ်။ ဒါပေမဲ့ သတိပြုရမှာက ဗီတာမင် B12 ပမာဏများများသောက်သုံးခြင်းက မှတ်ဥာဏ်ပျောက်ဆုံးခြင်းကို ကာကွယ်နိုင်စွမ်းမရှိသလို ခန္ဓာကိုယ်ကို စွမ်းအင်ပြည့်ဝနေအောင် ကူညီပေးနိုင်စွမ်းလည်း မရှိဘူးလို့ ဆရာဝန်တွေ သတိပေးထားပါတယ်။ သင့်မှာ အဆိုပါ ဗီတာမင် ချို့တဲ့နေတယ်လို့ သံသယရှိရင် သင်နေ့စဉ်စားသောက်နေတဲ့ အစားအသောက်များထဲမှာ ဗီတာမင် B12 ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို ဖြည့်တင်းစားသုံးတာမျိုးက ပိုပြီး သင့်တော်ပါတယ်။ ဖြည့်စွက်ဗီတာမင်ကိုတော့ ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးရမှာပါ။ 

ဗီတာမင် C 
ဗီတာမင် C  က ဗီတာမင်တွေထဲမှာ နာမည်အကြီးဆုံး ဗီတာမင်တစ်မျိုးလို့ဆိုနိုင်ပြီး အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဗီတာမင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဗီတာမင် C  ကို သဘာဝအား ဖြင့် Citrus အုပ်စုဝင်အသီးများဖြစ်တဲ့ သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်သီး စတဲ့ အသီးများနဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံအမျိုးအစားအတော်များများမှာ တွေ့နိုင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် C ပမာဏက 90 မီလီဂရမ်ဖြစ်ပြီး အမျိုး
သမီးတစ်ယောက်အတွက် လိုအပ်တဲ့ပမာဏကတော့ 75 မီလီဂရမ်ဖြစ်ပါတယ်။ အသားအရေ လှပဖို့၊ ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့၊ အနာကျက် မြန်စေဖို့၊ Antioxidant  အာနိသင်ရစေဖို့ စတဲ့အကြောင်းပြချက်များနဲ့ ဗီတာမင် C ကို လူတွေ သောက်သုံးလေ့ရှိကြပါတယ်။ ဗီတာမင် C က တစ်ချို့သော ကျန်းမာရေးပြဿနာများကို ကာကွယ်ဖို့ အဓိကလိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တာမှန်ပါတယ်။ ဒါပေမဲ့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်များက တစ်ဆင့် ဗီတာမင် C ကို ရရှိနေနိုင်တာကြောင့် လူအတော်များများ ထင်နေသလို ဗီတာမင် C ကိုမကြာခဏဆိုသလို ဖြည့်စွက်သောက်သုံးပေးနေဖို့ မလိုအပ်ပါဘူး။ သင့်ရဲ့ခန္ဓာကိုယ်က ဗီတာမင် C ချို့တဲ့နေတဲ့အချိန်၊ ရောဂါတစ်မျိုးမျိုးကို တိုက်ဖျက်ကုသဖို့ ဗီတာမင် C ကိုဖြည့်စွက်ပေးဖို့ လိုအပ်တယ်လို့ ဆရာဝန်က ဆုံးဖြတ်ပြီး သောက်သုံးဖို့ ညွှန်ကြားတဲ့အချိန်မှသာ ဗီတာမင်C ကိုသောက်သုံးသင့်ပါတယ်။ 

ဗီတာမင် E
ဗီတာမင် E ကို အသီးအရွက်များကရတဲ့ အဆီ၊ အစေ့အဆန်များ နဲ့အစိမ်းရောင် ဟင်းသီးဟင်းရွက်များမှာ ကြွယ်ကြွယ်ဝဝ တွေ့ရလေ့ရှိပါတယ်။ ဗီတာမင် E က နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေ၊ ကင်ဆာ နဲ့ အယ်လ်ဇိုင်းမားရောဂါတွေ ကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်တစ်မျိုးအဖြစ် လူသိများပါတယ်။ ဒါပေမဲ့လည်း ဖြည့်စွက်ဗီတာမင်များ အစားအစားအသောက်များဆီမှာ သဘာဝအတိုင်းပါဝင်နေတဲ့ ဗီတာမင်ကိုသာ အားကိုးဖို့ ပညာရှင်တွေ တိုက်တွန်းအားပေးထားပါတယ်။ ဗီတာမင် E က တစ်ချို့သော ကြီးမားတဲ့ကျန်းမာ ရေးပြဿနာများကို ကာကွယ်ပေးနိုင်တာမှန်ပေမဲ့ လိုအပ်တဲ့ ပမာဏထပ် ပိုသွားရင် လေဖြတ်နိုင်ချေကို ပိုပြီးမြင့်မားလာစေနိုင်တယ်လို့ သိရပါတယ်။ လေ့လာမှုတွေပြုလုပ်ပြီးနောက် ဖြည့်စွက်ဗီတာမင် မဟုတ်ဘဲ အစားအသောက်တွေဆီမှာ သဘာဝအတိုင်းတွေ့ရတဲ့ ဗီတာမင် E က အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်တာကို သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အစားအစာက မဟုတ်တဲ့ ဖြည့်စွက်ဗီတာမင် E ဆိုရင်တော့ မလိုအပ်ရင်မသောက်ဖို့ ဆရာဝန်တွေ တိုက်တွန်းလေ့ရှိပါတယ်။
Ref; Vitamins That Are a Total Waste of Money and Could Even Be Dangerous